ဗုဒ္ဓဝိနည်းတော် ၏ ကျောရိုး အယူအဆ။ ။ ‘ဒါမျိုး လုပ်လို့ရသလား’
ကျနော်သည် Goggle တွင် Sanghabeda offense ဟု စာရိုက်ရှာရာ ကမ္ဘာကြီး တခုလုံး၏ ပင့်ကူချည်မျှင်ကွန်ရက် www မှ အံကျလာသမျှထဲမှ ပထမဆုံး စာမျက်နှာသည် မိမိ ဟိုးအတော်ခပ်လှမ်းလှမ်း အချိန်ကာလကတည်းက ရေးသားခဲ့သော ပို့စ်တွေနှင့်ချည်း ပြည့်နှက်နေသည်ကို တွေ့ရလေသည်။ သတိပြုလိုက်မိသည်မှာ ဤအသည်းအသန် အရေးကြီးလှသော အကြောင်းအရာသည် အများသူငါ လူအများကြားတွင် မဆိုထားလင့်၊ ဗုဒ္ဓဘာသာ ပညာရှင်များကြားတွင်ပင် တွင်တွင်ကျယ်ကျယ် ရှင်းလင်းဆွေးနွေးချက် မရှိသေးသော နယ်ပယ်စိမ်းကြီး တခု ဖြစ်နေပါသည်။
အရေးကြီးဆုံး
အချက်တချက်မှာ သံဃဘေဒကံကို နားလည်ဖို့ ဆိုလျှင် မြတ်စွာဘုရား၏ အာဘော်ကို
နားလည်ဖမ်းမိနိုင်ဖို့ လိုသည်။ အဲသလို ဖမ်းမမိတတ် ဖြစ်ခဲ့ပါလျှင်
မဘသအဖွဲ့ဝင် ပုဂ္ဂိုလ်တို့ကို မဆိုထားနှင့် ၄င်း မဘသကို ပြင်းပြင်းထန်ထန်
ဆန့်ကျင်နေကြပါသည် ဟူသော ပုဂ္ဂိုလ်တို့ ကိုယ်တိုင်သည်ပင် တည်ကြည်လေးနက်မှု
မရှိ၊ ပြဿနာကို ပိုမို ရူပ်ထွေးစေသော အပြောအဆို ဝါဒတို့ကို
ဖြန့်ဖြူးလာတတ်ပါသည်။
ဟိုးအရင်ကတည်းက ရှိခဲ့သလောက် သည်ရက်ပိုင်းတွင် ပိုပိုမိုမို သာသာထိုးထိုး ခေတ်စားလာသော ဆောင်ပုဒ်တခုမှာ “မဘသထဲမှာလည်း ကောင်းတဲ့ သံဃာတွေရှိသည်၊ စာတတ်ပေတတ် အကျင့်သိက္ခာကောင်းတဲ့ နိုင်ငံကောင်းကျိုးကို လိုလားတဲ့ ရဟန်းသံဃာတွေ ပါဝင်တယ်၊ မဘသကို ဝေဖန်ပါ၊ သံဃာကိုတော့ မဝေဖန်ပါနဲ့” ဆိုသော စကားမျိုး ဖြစ်သည်။
ဖော်ပြပါ အယူအဆမျိုးဟာ လူတွေကြားမှာ ရုတ်တရက်ဆို အကြိုက်တွေ့ ပေါ်ပြူလာ ဖြစ်နိုင်သလောက် မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး၏ အာဘော်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်ပါသည်။ ဗုဒ္ဓသာသနာတွင် သာသနာတော်၏ အသက်သည် ဝိနည်းဟု အများပင် သိကြကုန်၏။ ဒါပေမယ့် ဝိနည်း၏ ရှင်သန်မှု ရှိမရှိကို ဘယ်လိုလို့ သိမြင်ကာ “သာသနာ” (ဗုဒ္ဓဘာသာဝင် လူ့အသိုင်းအဝိုင်း) သည် စိတ်ချလက်ချ နေနိုင်ပါအံ့နည်း။ ရဟန်းသံဃာ တပါးပါးသည် မိမိကိုယ်ကို ဝိနည်းလုံခြုံပါသည်ဟု ကိုယ့်ဘာသာကိုယ် ဒိုင်လူကြီးလုပ် ဆုံးဖြတ်ခွင့် ရှိပါသလော။ ဒါ့ထက်လည်း မဘသ အဖွဲ့ဝင်တဦး ဆိုပါစို့၊ ထိုသူသည် မိမိ၏ “ဂိုဏ်းဝင်” တို့ကို ‘ငါ မျိုးစောင့်ကိုယ်တော်၏ ရဟန်းသီလသည် ဆံချည်တမျှင် မရွှေ့ ၊ ဟုတ်သည် မဟုတ်လော’ ဟု ကိုယ့်အချင်းချင်း ဆုံးဖြတ်ခိုင်း၍ ရပါသလော။ အလွန်အံ့သြဖို့ ကောင်းသည်မှာ ဒါမျိုး ယုတ္တိမတန် ‘ငါမယုံ ငါ့မယားမေး’ လုပ်မည့် ကူလီကူမာလှည့်ကွက်တို့ကို မူရင်း ပိဋကတ်တော်ပါ အာဘော်အယူ အဆတို့သည် အသိ ခွန်အားမြင့်မားစွာ တန်ပြန်ချေဖျက် တားဆီးထားကြောင်းကို တွေ့ရခြင်း ဖြစ်သည်။
ပိဋကတ်တော်မူရင်းကို လက်လှမ်းမှီ ဖတ်ရူနိုင်ခဲ့လျှင် ထင်ရှားလှသည်မှာ ဝိနည်း၏ အသက်သည် အများပြည်သူ၏ ဝေဖန်ရူတ်ချခြင်းကို ရိုသေလေးစားရမှု ဖြစ်သည်။ ရဟန်းသံဃာ တပါးချင်းသည်လည်းကောင်း၊ သံဃာ အဖွဲ့အစည်းတခုလုံးသည် လည်းကောင်း ၄င်းတို့သည် ရဟန်းအကျင့်နှင့် လျော်ညီစွာ နေထိုင်ခြင်း ရှိမရှိကို တရားဝင် ဖြစ်စေနိုင်သည့် တခုတည်းသော နည်းလမ်းမှာ အများပြည်သူ၏ ဆန်းစစ်ဝေဖန် မှတ်ကျောက်တင်မှုကို ခံယူနိုင်ခြင်း ဖြစ်သည်။ ရဟန်း၏ အသက်မွေးခြင်းဟူသည် “ဝေဖန်ပြစ်တင်ကဲ့ရဲ့ မှုမှ လွတ်သော အသက်မွေးခြင်း” ဟုပင် အတိအလင်း ပါဝင်ပါသည်။
ဤကဲ့သို့ ရဟန်း၏ အကျင့်၊ ဝိနည်း နှင့် ပတ်သက်လာလျှင် “အများပြည်သူ၏ ဝေဖန်ကဲ့ရဲ့မှုမှ ကို လေးစားရခြင်း” ဟူသော အချက်ဟာ ရှေးဗုဒ္ဓကျမ်းဂန်လာ ရှင်မဟာ ကဿပ နှင့် သံဃာထု၏ အမေးအဖြေတွင် သက်သေ အထင်အရှား ကြည့်မြင်နိုင်ကြပါသည်။ တချို့သော ကျနော်တို့ ဗုဒ္ဓတရား စိတ်ဝင်စား လေ့လာသူများ သိပြီးကြသလို မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် မပြုမီ ‘သံဃာသည် နောင်အချိန်တွင် သေးနုတ်သော သိက္ခာပုဒ်တို့ကို နုတ်ပယ်လိုက နုတ်ပယ်နိုင်သည်’ ဟု ရှင်အာနန္ဒာမှ တဆင့် မှာကြားခွင့်ပြုတော် မူခဲ့သည်။ ခက်သည်မှာ မည်သို့သော သိက္ခာပုဒ်တို့ကို သေးနုတ်သော သိက္ခာပုဒ်ဟု ယူရပါမည်နည်း။ သည်ပြဿနာသည် ပထမသင်္ဂါယနာတွင် ရဟန်းထုကြား ထင်ရှားပေါ်ပေါက်ခဲ့ရာ ရှင်မဟာကဿပ မှ
‘ငါတို့ ဆရာသည် နောင်တချိန်တွင် ဝိနည်းတော်သည် (ခေတ်စနစ်နှင့် မညီတော့၍) နုတ်ပယ်ရန်ရှိက နုတ်ပယ်ရမည် ဆိုသည်ကို လိုလားသည်ကို သိရပြီ၊ ဒါပေမယ့် ငါတို့သည် သည်ကိစ္စကို ယခုအခါတွင် မဆွေးနွေးသင့်၊ ငါတို့ ဆရာ လွန်လေသည်မှ မကြာသေး၊ မြတ်စွာဘုရား၏ တပည့်ရဟန်းတို့သည် ဆရာချမှတ်ခဲ့သော စည်းမျဉ်းတို့ကို ချေဖျက်ကြကုန်လေပြီဟု ပြည်သူသည် ငါတို့ကို ကဲ့ရဲ့ရာ၏’
ဟု သံဃာထု(အများ) ကို တင်ပြ၍ သံဃာအများမှလည်း သဘောတူခဲ့ကြသည်။
ထို့ကြောင့် အများပြည်သူ၏ အမြင် (majority’s opinion) ကို လေးစားသမှုပြုသော အားဖြင့် ရှေးမထေရ်ကြီးတို့သည် ဝိနည်းတော်ကို ပယ်နုတ်ဖြည့်စွက် မွမ်းမံခြင်း အလျှင်း မပြု၊ မူရင်းအတိုင်းသာ စောင့်ရှောက်ခဲ့ကြပါသည်၊ ကျနော်တို့ တော်တော်များများ ထင်မှတ်ထားတတ်ကြသလို ၄င်းဝိနည်းပညတ်တော် စည်းမျဉ်းအားလုံးတို့သည် ထာဝရ မှန်ကန်နေလိမ့်မည်ဟု ယူဆသောကြောင့်ကား မဟုတ်။
ပါရာဇိကံ နိဒါန်းတွင်လည်း ရှင်သာရိပုတြာက တောင်းဆိုသော အချက်ကို ဗုဒ္ဓမှ ပယ်ခဲ့သော ကိစ္စကိုလည်း ကျနော်တို့တတွေ စဉ်းစားသုံးသပ်နိုင်ပါသည်။ ဘုရားခေတ်က ရှင်သာရိပုတြာ ဟူသည်မှာ ကျနော်တို့ အများထင်မှတ်ကြသလို တည်တည်ခံ့ခံ့ နှင့် ပညာအသိတရားတွေ အထွတ်တပ်ကာ သီတင်းသုံးနေသည် မဟုတ်၊ မိမိသိလိုသည်ကို လူဝတ်ကြောင်ကို တွေ့လျှင် လူဝတ်ကြောင်ကိုမေး၊ ဘုရားကိုတွေ့လည်း အားမနာတတ် ဘုရားကိုမေး အင်မတန် မေးမြန်း သိချင်စပ်စုသော ရဟန်းတော်ကြီး ဖြစ်သည်။ ရှင်သာရိပုတြာက ‘အဘယ်ကြောင့် ရှေးသက်တော်ရှည် မြတ်စွာဘုရားတို့၏ သာသနာ သက်တမ်းသည် တိုတောင်းရပါသနည်း’ ဟု ဗုဒ္ဓကိုမေးရာ ဗုဒ္ဓက ‘ရှေးသက်တော်ရှည် မြတ်စွာဘုရားတို့သည် တရားကို ခပ်များများ မဟောကြားခဲ့ကုန်၊ ဝိနည်း စည်းမျဉ်းပညတ်တို့ကိုလည်း မချမှတ်ခဲ့ကုန်၊ ပါတိမောက္ခကို မမေ့မလျော့ ရွတ်ဖတ်သော အလေ့အကျင့်ကို မပြုထားခဲ့ကုန်’ ဟု ဖြေသည်။ ထိုအခါ ရှင်သာရိပုတြာက ‘သို့ဆိုလျှင် မြတ်စွာဘုရားသည် ယခုအခါ ဝိနည်းတော်ကို ချမှတ်၊ ပါတိမောက်ကို ပြသရန် အချိန်ကျပါပြီ’ ဟု ဆိုရာ မြတ်စွာဘုရားက ‘ထားလိုက်ပါဦး၊ သာရိပုတြာ၊ ငါဘုရား ကိုယ်တိုင်သည် ဝိနည်းတော်ကို ချမှတ်ရမည့် အချိန်ကို တွေ့မြင်သိကြုံလာပါလိမ့်မည်။ ငါ့တပည့် သံဃာတို့ကြား ဖောက်ပြန်မှုတို့ (မျက်မြင်သက်သေအဖြစ် ပြသညွန်းဆိုရန်) မပေါ်ထွန်းလာသမျှ ကာလပတ်လုံး နင်တို့ဆရာသည် တပည့်သံဃာတို့အား စည်းမျဉ်းတို့ကို ချမှတ်လိမ့်မည်ကား မဟုတ်’
သည်တွင် အရေးကြီးသော အချက်ကို တွေ့မြင်နိုင်သည်မှာ ဝိနည်းတော်ပညတ်တို့၏ မူရင်းအစ၊ စည်းမျဉ်းတို့ကို ချမှတ်ရခြင်းဟူသည် မျက်မြင်သက်သေ အထောက်အထား ဟူ၍ ရှိရခြင်း ဟူသော မြတ်စွာဘုရား၏ အာဘော်ဖြစ်သည်။ မျက်မြင်သက်သေ အထောက်အထားမရှိဘဲ လုပ်ရပ်တခုဟာ ကျိုးကြောင်းသင့်လျော် ခိုင်လုံသည်ဟု အမြတ်ဆုံး အသိတရား ရှိသော ဘုရားရှင်သည်ပင် မဝန်ခံနိုင်သော ကိစ္စဖြစ်သည်။ မျက်မြင်သက်သေ အထောက်အထား ထင်ရှားရှိသဖြင့်သာ အကြောင်းအရာ၏ အပြစ်ဒေါသ၊ ကောင်းကျိုးဆိုးပြစ် တို့ကို မြတ်စွာဘုရားကိုယ်တော် ရဟန်းတော်များနှင့်အတူ ဆွေးနွေးသုံးသပ်ပြီး ဒီမိုကရေစီနည်းကျ အများလက်ခံမှသာ ဝိနည်းကိုပြဌာန်းခြင်း ဖြစ်သည်။ သည်တွင် ကျနော်တို့အတွက် သေချာလှသည်မှာ ရဟန်းသံဃာသည် ရဟန်းအကျင့်နှင့်အညီ နေထိုင်ခြင်း ရှိမရှိဟူသော အချက်မှာ အများပြည်သူအကြား တွေ့မြင်နေရသော မျက်မြင်သက်သေဖြင့်သာ အဓိက ဆုံးဖြတ်ခြင်း ဖြစ်သည်၊ မြတ်စွာဘုရားမှ ရဟန်းအကျင့်ဟာ ဤသို့သာ ဖြစ်ရမည်ဟု ကြိုတင်၍ သိမြင်ပိုင်းဖြတ် ကန့်သတ်ခဲ့ခြင်း မဟုတ်။ ထို့ကြောင့် ဗုဒ္ဓခေတ် အိန္ဒိယတွင် ဝိနည်းတော် တော်များများတို့၏ မူရင်းအစမှာ ‘သည်ကိုယ်တော် ဒါမျိုးလုပ်တာဟာ ရဟန်းဆိုတဲ့ အခေါ်နဲ့ ညီညွတ်ရဲ့လား။ ဒါမျိုး လုပ်မှတော့ လူနဲ့ ဘာထူးတော့မှာလဲ’ ဟု ဝေဖန်ကဲ့ရဲ့ မှုတို့မှ အစပြုခဲ့ခြင်း ဖြစ်သည်ကို ဝိနယပါဠိတော် ဇာတ်ကြောင်းတို့တွင် အတိအလင်း တွေ့မြင်ရပါသည်။
ဒါကြောင့် သံဃာကို မပြိုကွဲအောင် ထိန်းသည်မှာ ဝိနည်းဟု ဆိုလျှင် မြတ်စွာဘုရား၏ အာဘော်တွင်ရော၊ ရှင်မဟာကဿပ ကိုယ်တော်ကြီး၏ အာဘော်တွင်ရော အကဲခတ်နိုင်သည်မှာ ‘သည်ကိုယ်တော်၊ သူ့ကိုယ်သူ ကိုယ်တော်ဆိုပြီး သည်လိုလုပ်လို့ရသလား’ ဆိုပြီး ဝေဖန်ခြင်း ဖြစ်သည်။ မဘသ ကိုယ်တော်တို့ဟာ သံဃာ ဟုတ်သေးလား၊ မဟုတ်သေးလား ဆိုတာ သူတို့ဘာသာ သူတို့ အလင်းရ ၊ သူတို့အချင်းချင်း ထောက်ခံကပ္ဗိနေ၍ မရ၊ အများပြည်သူ၏ ‘ရဟန်းသံဃာဆိုတာ ဒါမျိုးလုပ်လို့ရသလား’ ဟူသော မျက်မြင် ဝေဖန်ချက်ဟာ အဓိကဖြစ်သည်။
မဘသရယ်လို့မှ မဟုတ်၊ အများပြည်သူမှနေ၍ ‘ရဟန်းသံဃာ’ ဆိုသူ တို့၏ သံသယဖြစ်ဖွယ် အပြုအမူလုပ်ရပ်တို့ကို(မည်သူ့ကိုမဆို) မထောက်မညှာ ဝေဖန်ခြင်းသည် မြတ်ဗုဒ္ဓ၏ မူရင်းအာဘော်နှင့် ညီညွတ်စွာ၊ ကျနော်တို့ဟာ သာသနာကို သတိမေ့လျော့မှု မရှိ၊ ခွန်အားစိုက်ထုတ် ကောင်းမွန်စွာ စောင့်ရှောက်ခြင်း ဖြစ်သည်ဟု ကျနော် အသေအချာကို ဆိုချင်ပါသည်။

0 comments:
Post a Comment