Sunday, September 27, 2015

“ တုနှိုင်းသော်လည်း”




“ ထာဝရ ဘုရားသခင်သည် အိမ်တိုင်းသို့ မရောက်နိုင်ရကား သူ၏ကိုယ်စား မိခင်များကို အိမ်တိုင်း ၌ ဖန်ဆင်းတော်မူ၏”
( ဂျူးစကားပုံ)
ငယ်စဉ်က ဆရာချစ်စံဝင်း၏ အမေနှင့် အမေ့အကြောင်း စာအုပ်လေး ဖတ်ဖူးသည်။ ထိုစဉ်တုန်းက အသက်အရွယ်၏ အသိဥာဏ် နှင့် ဖတ်ခဲ့ရသော ရသကား ယခု အသက်အရွယ်ရောက်ချိန်တွင် ပြန်ဖတ်ရသော ရသ နှင့် မတူတော့။
တစ်နည်းပြောရလျှင် ယခုအသက်အရွယ်ရောက်သည်အထိ ဖြတ်သန်းတွေ့ကြုံခဲ့ရသော အတွေ့အကြုံများနှင့် ယှဉ်ထိုးကြည့်ပြီး ယခုစာစုလေးအား ရေးသားရန် အကြံဖြစ်ပေါ်မိတော့၏။
၁၉၈၀ ၀န်းကျင်ကာလများအကြောင်း စေ့စေ့ငှငှ မမှတ်မိတော့သော်လည်း မောင်ပွ လူမှန်းသိတတ်စအရွယ်တွင် စတင်ထိတွေ့ရင်းနှီးခဲ့ရသော အမေသည် မီးဖိုချောင်ထဲတွင် ထမင်းဟင်းချက်ပြုတ်နေသော သာမန်အမျိုးသမီးတစ်ဦးမျှသာ။ အရွယ်အတော်ရောက်မှ သိလိုက်ရသည်က အမေသည် ရှေ့နေဘွဲ့ရ အမျိုးသမီးတစ်ဦး။ သို့သော် အမေသည် မောင်ပွတို့ အတွက် သူမ၏ ဘွဲ့လက်မှတ်ကို ချောင်ထဲထည့်သိမ်းကာ အလုပ်အကိုင်နေရာတွင် မှီခိုဟူသော ဘွဲ့ကို ကျေကျေနပ်နပ်ခံယူခဲ့သည်။ နိုင်ငံရပ်ခြားသို့ အလုပ်သွားလုပ်သော အဖေ့နေရာတွင် ဖခင်တစ်ဦးသဖွယ် အချိန်အတော်များများ ဖြည့်ဆည်းပေးခဲ့သလို သူမ၏ မိခင်တာဝန်များကိုလည်း မလှစ်ဟင်းစေခဲ့။
“ ကလေးတွေဆိုတာ ငယ်သေးတယ်လေ။ အဲ့တော့ သူတို့ကို ဆုံးမစကားပြောချင်ရင် ပုံပြင်လေးတွေ ထည့်ပြီး ညှပ်ပြောရတယ်”
ဟု အမေ့အား အဘွားဖြစ်သူက သင်ကြားပေးသော အခါတွင် အမေသည် ညတိုင်း မောင်ပွအား ပုံပြင်တစ်ပုဒ်ပြောပြတတ်၏။ မောင်ပွ ကလည်း အမေ့ပုံပြင်မှ နားမထောင်ရလျှင် မအိပ်တတ်တော့။ တစ်ခါတစ်လေ အမေ အာခေါင်တွေခြောက်တဲ့ အိပ်ငိုက်ပြီး ပုံပြင်တွေ တလွဲပြောကုန်တဲ့ အထိ ကိုယ်တွေ မအိပ်သေးသော ညများလည်း ကြုံခဲ့ရသေးသည်။
“ အမေ သီပေါမင်း ပါတော်မူပုံလေး ပြန်ပြောပြပါလား”
“ ဟမ် နင်ခုထိ မအိပ်ချင်သေးဘူးလား ငါ့ အတော်အိပ်ချင်နေပြီ”
“ ဟာ အမေကလဲ ပါတော်မူပုံ နားထောင်ပြီးရင် တကယ်အိပ်ပြီ”
“ အင်း ဒီလိုဆို ပြောပြမယ် ၀ါးးးးးးးးး အိပ်ချင်ထှာ အဲ့ဒီတုန်းက စုဖုရားဘုရင်ကြီးမှာ သီပေါမိဖုရား ဆိုတာ ရှိသကွဲ့”
“ ဟမ် ဟိုနေ့က ပြောတာ အဲ့လိုနာမည်တွေ မဟုတ်ဘူးလားလို့”
“ အော်အေး အိပ်ငိုက်ဝါးလို့ ပြန်ပြောမယ် အဲ့သီပေါဘုရင်မှာ စုဖုရားလတ် ဆိုတဲ့ အင်မတန်မောက်မာတဲ့ မိဖုရား တစ်ဦးရှိသကွဲ့ ၀ါးးး တိုတိုပြောရရင် တစ်နေ့တော့ ဘုံဘေဘားမားဆိုတဲ့ သင်္ဘောကြီးက စနှိုးဝှိုက်နဲ့ လူပုလေး ၇ယောက်ကို ခိုးထုတ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး "
" ဟင် အမေ ပုံပြင်တွေ remix ဖြစ်ကုန်ပြီထင်တယ်ညော်"
" ဟမ် ဟုတ်လား အေးလေ ငါ့ အိပ်ချင်နေပါပြီဆိုမှ"
မောင်ပွ အရွယ်အတော်ရောက်သည်အထိ အမေပြောပြဖူးသော မုန်းကို နှင့် မန်းကို အကြောင်းက အစ ပုံပြင်အတော်များများ ကိုမှတ်မိခဲ့သည်။ အမေ သည် အရှက်အကြောက်ကြီးသည်။ သို့ သော် သားလုပ်သူ အတွက်ဆိုလျှင် သီချင်းဆိုပြတတ်သလို ရံဖန်ရံခါ ကပါ ကပြတတ်သေး၏။ သာမန်အချိန်ဆိုလျှင် ရန်ဖြစ်ဖို့ နေနေသာသာ စကားတောင် သိပ်ကျယ်ကျယ် မပြောတတ်သော အမေသည် တစ်နေ့ သော အခါ မောင်ပွ တို့ ကျောင်းမှ ဆရာမက မောင်ပွအား ကြိမ်လုံးနှင့်ဆော်ပလော်တီးရာတွင် မျက်နှာထိသွားသောကြောင့် မျက်နှာအရှိုးရာထင်သော ကိစ္စတွင်မူ ကျောင်းသို့ ထမီတိုတိုဝတ်ကာ လိုက်လာလေတော့သည်။ အမေ တစ်ခါမှ ရန်တွေ့ဖူးသည်ကို မမြင်ဖူးသော မောင်ပွ အဖို့  အမေ့ အားအထူးစိုးရိမ်မိတော့သည်။ အမေသည် အလွန်ကြောက်တတ်သည် မဟုတ်လား။ လူဖြောင့်စိတ်တို ဆိုသလို အခုတော့ ဆရာမတွေကိုပဲ ကလော်တုတ်နေပြီလား။ နပမ်းပဲလုံးနေပြီလား။ ခဏကြာတော့ ကျောင်းအုပ်ဆရာမကြီး ရုံးခန်းထဲမှ အမေပြန်ထွက်လာ၏။
" အမေ အမေ အဆင်ပြေရဲ့ လား ဘာတွေဖြစ်ကုန်ကြပြီလဲ"
အမေ ကား စကားပြန်မပြောနိုင်။ လက်သာ အသာကာပြလေသည်။ ဒုက္ခ။ အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်ကုန်ပြီလားမသိ။
" သသသသား မောင်ပွ အအအအမေ့ ဆိုက္ကားနနနနနနဲ့ ပြန်တော့မယ်"
" ဟင် အမေ ဘာဖြစ်ဝါးလို့ လဲ"
" ဘဘဘဘဘာမှ မဟုတ်ပု ငါ့ အောက်ပပပပပိုင်းတွေပျော့ကုန်ဘီ လမ်းလျှောက်လို့ မရတော့ပု "
" ဟမ့်"
" ရောက်ကတည်းက ငါ့ ဟုတ်ကဲ့ချည်းပဲ ပြောပျိုက်တယ် ဟမ့် ဘယ်ရမလဲ အအအအခုမေးတွေ ပပပပါခိုင်ကုန်ပြီ အအအအိမ် ပြန်ရောက် ရရရရင် ရေခခခခဲ ကကကကပ်အုံးမှ"
ထိုမျှ အထိ သတ္တိရှိသော အမေပင်။ ထိုအရာများကား ငယ်စဉ် ကလေးဘဝမှ မှတ်မှတ်ရရ ဖြစ်ခဲ့သော အကြောင်းများပင်။ မောင်ပွ လူပျိုပေါက်အရွယ် ရောက်ခါစ အချိန်များကိုတော့ ယနေ့ တိုင် မှတ်မိသေး၏။ လူပျိုပေါက်အရွယ် စိတ်ရိုင်းဝင်ချိန်တွင် အမေကို ရန်သူတစ်ယောက်လို သဘောထားခဲ့ဖူး၏။ အမေ ဆူလျှင် ပြန်အော်လိုက်ရမှ ယောက်ျားပီသသည်ဟု ရေလိုက်လွဲခဲ့ဖူးသည်။ ဒီကောင်လေး အတော်ဂျစ်ကန်ကန် နိုင်လာတယ် ဟူသော စကားအပေါ်တွင် သူရဲကောင်းတစ်ဦးပမာ ယစ်မူးခဲ့ဖူးသည်။ သို့ သော် အမေကား မောင်ပွလူပျိုပေါက် အချိန်များကို ကောင်းမွန်တည့်မတ်စွာ ထိန်းကျောင်းသွားခဲ့သည်။
အမေ့ မေတ္တာကို အတော်အတန် နားလည်လာသည့်အချိန်တွင်မူ ငယ်စဉ်က ကြည့်ဖူးခဲ့သော " အမေ့ခြေရာ" ဇာတ်ကားထဲမှ လို အမေ့ခြေရာကို ယူကာ သိမ်းထားလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာလေသည်။ ထို့ ကြောင့် မည်သူ့ ကိုမှ အသိမပေးဘဲ အမေ့ခြေရာယူရန် ကြံစည်လေ၏။ မောင်ပွ အတွေးထဲဝယ် ဘာမှကြိုမပြောဘဲ အမေ့ရှေ့ ဒူးထောက်ကာ အမေ့ခြေရာယူမလို့ ဟု ပြောလိုက်မည်။ သည်တွင် အမေ အံ့သြဝမ်းသာ သွားမည်။ ထို့ နောက် ကြည်နူးမည်။ ပြီးလျှင် မောင်ပွ အား အာရကေ ထုတ်ပေးည်။ ထိုပိုက်ဆံဖြင့် Scholl ဖိနပ်တစ်ရံဝယ်ပစ်မည်။ ဟားးး ဖြောင့်ဖြူး လိုက်သည့်ဖြစ်ခြင်း။ သည်လိုနှင့်
" အမေ သားတစ်ခုပြောမလို့ "
" အေး ဘာတုန်း"
" အမေ့ ခြေရာ ယူချင်လို့ "
"ဘာလဲ ဖိနပ်ဝယ်ပေးမလို့ လား"
"ဟမ် အမေကလဲ မဟုတ်ပါပု အမေ့ခြေရာ သားသိမ်းထားချင်လို့ "
"အို ကြည်နူးပြီလေ "
" ကဲ အမေ့ခြေထောက်ပေး "
"ကဲ ရော့ ပေးပြီလေ"
" ဒါဆို သုတ်ပြီလေ"
" အမလေး ပူပူကြီးပါလား ကပ်စေးကပ်စေးကြီး"
" ကဲ ရပြီ အမေ သုတ်ပြီးဝါးဘီ ဒီအဝတ်ဖြူပေါ်တက်တော့"
" တက်ပြီလေ"
အဝတ်အပေါ်သို့  အမေခြေစုံတက်ရပ်ပြီးသော်
" ကိုင်း ဒါလောက်ဆို ရလောက်ပါပြီ ရဘီ အမေ ဆင်းတော့"
" အင်း ငါ့သား အမေ့ကို ဒီလောက်အလေးထားလိမ့်မယ်လို့ တွေးကို မတွေးထားတာ ဟင်းဟင်း အင်း ခြေထောက်က ခွာမရပါလား "
" ရပါတယ် အမေရဲ့ တစ်ချောင်းချင်းစီ ဖိပြီးခွာကြည့်"
" ဟင် မရပု တစ်ချောင်းချင်းစီ ဖိခွာလည်း မရပု စုံခွာလည်း မရပု အမလေး ကယ်ကြပါအုံး အမေ့ခြေထောက်ကို ခုနက ဘာသုတ်လိုက်တာလဲ ငါ့သား"
" အဖေ့ tool box ထဲက ဖိနပ်သုတ်တဲ့ကော်နဲ့သုတ်ပျိုက်တာလေ "
"ဟမ် အမလေး ငါ့ခြေထောက် ကော်နဲ့သုတ်မှတော့ ဘယ့်နှာ ပြန်ခွာလို့ ရပါ့မလဲ လာခဲ့စမ်း ငါ့ အတော်ဒုက္ခပေးတဲ့ကောင်"
" ဟာာာ ပြေးပြီလေ"
" မပြေးနဲ့ လာခဲ့စမ်း"
" ဒုန်း ဒုန်း ဒုန်း" ( မောင်ပွ ပြေးသံ)
" ဘတ် ဘတ် ဘတ်" ( အမေခြေထောက်စုံခုန်ပြီး လိုက်သံ)
ထိုစဉ် အိမ်ရှေ့ မှ
" ဒါနဆန်များရှင်"
"ဟမ် ခြေထောက်က ခွာမရပါပုဆို သီလရှင် က ဘယ်လိုရောက်လာတာပါလိမ့်"
" ဒါနဆန်များရှင်"
" ဟဲ့ ငပွ လာစမ်း အိမ်ရှေ့ မှာ ဆန်လာလောင်းစမ်း"
မောင်ပွ ကား တုတ်တုတ်မျှ မလှုပ်။
" ဟဲ့ ငပွ သားရေ နင့်ကို အမေ ဘာမှမလုပ်ပု လာခဲ့တော့ ဒီမှာ ဆန်လာလောင်းပါဆို"
" ဒါနဆန်များရှင်"
မောင်ပွ ကိုလဲ ခေါ်မရ အိမ်ရှေ့ ကိုလည်း စုံခုန်သွားရန် မဖြစ်နိုင်သော အမေသည် ကြံရာမရသည့်အဆုံး ခန်းဆီးအကွယ်မှနေ၍
" ယူဂျီးဒွေ အချိတေးပုချင့်"
ဟု ညောင်နာနာ အသံဖြင့် ပြောလိုက်ရလေတော့သည်။
မောင်ပွ တက္ကသိုလ်တက်တော့ အဆောင်နေရလေရာ အဖေနှင့် အမေ လုပ်သူမှာ အပတ်စဉ်လာတွေ့ လေ၏။ အဖေက မောင်ပွကို တစ်ပတ် ငါးထောင်မုန့် ဖိုးပေးသည်။ သို့ သော် အမေသည် ပြန်လျှင် ကားပြတင်းပေါက်မှတဆင့် ပိုက်ဆံအလိပ်လေးကို အဖေမမြင်အောင် ချပေးသွားတတ်သည်။ အမေတို့ ကားမြင်ကွင်းမှပျောက်သည်နှင့် မောင်ပွမှာထိုပိုက်ဆံကို ထိုအနီးအနားတွင်ရှိသော ပိုက်ဆံတောင်းသည့် ကလေးများနှင့် အပြိုင်ပြေးကောက်ရသည်။ ကလေးများကလည်း ကားပေါ်ကအန်တီကြီး သူတို့ ကို ပိုက်ဆံချပေးသွားသည် အထင်ရှိဟန်တူသည်။ အပတ်စဉ် ကလေးများနှင့်အပြိုင် ပိုက်ဆံလုကောက်နေရကြောင်း အမေသိသွားသော အခါတွင် ဗျူဟာတစ်မျိုးပြောင်းသုံးလေသည်။ ပိုက်ဆံကို ကျွတ်ကျွတ်အိတ်နှင့်ထုတ် ထမင်းချိုင့်အောက်ဆုံးတွင်ထည့် ပြီး အပေါ်မှနေ၍ ထမင်းသိပ်ထည့်ကာ အဖေမသိစေရန် ပေးသွားတတ်သေး၏။
တစ်ခါတစ်ရံ မောင်ပွ အိမ်ပြန်လာသောနေ့ များတွင်မူ အမေသည် မောင်ပွကြိုက်သော ဟင်းများအား မမောနိုင် မပန်းနိုင်ချက်ကြွေးလေသည်။ ထို့ အပြင် ဂစ်တာ တီးတတ်ခါစ မောင်ပွ တီးပြသော အချိုးမကျ ဂစ်တာသံ ကို အားပေးတတ်သော မောင်ပွ၏ တစ်ဦးထဲသော အမာခံ ပရိတ်သတ်လည်း ဖြစ်လေ၏။
တစ်နေ့ မောင်ပွ အမေ့အိမ်မှအပြန် ဟန်းဖုန်းကျန်ခဲ့လေသည်။ဤသည်ကို အဖေမသိ။ အမေကတွေ့ ၍ ကောက်သိမ်းထားလိုက်၏။ သို့ သော် အမေကား ဖုန်းကိုမပိတ်တတ်။ သို့ ဖြစ်၍ ဖုန်းကို ပိတ်မထားဖြစ်ပေ။ ဖုန်းကျန်ခဲ့ကြောင်းကို လမ်းတစ်ဝက်ရောက်မှ မောင်ပွ သိလေသော် နီးစပ်ရာ ပီစီအို ဖုန်းတစ်လုံးနှင့်ကောက်ဆက်လိုက်သည်။ ခါတိုင်းတော်ရုံတန်ရုံ လိုင်းမမိသော အနှီဟန်းဖုန်းသည် ထို နေ့ တွင်တော့ ချောမွေ့စွာ ဗြွတ်ကနဲ ဝင်သွားလေတော့သည်။
" တီတီတော်တော် တီတီတော်တော်"
" အမလေး ဗုဒ္ဓေါကြီးနဲ့ ဘုရားငုတ်တုတ် လန့် ထှာ"
မည်သည့်ခလုတ်ကိုနှိပ်၍ ပြန်ဖြေရမည်မသိသော အမေသည် ဖုန်းခေါ်သံကို အဖေကြားမည်လဲစိုး သဖြင့် ကြံမိကြံရာ အဝတ်ဖြင့် ပတ်လိုက်သည်။ အမေထင်တာက ထိုသို့ ပတ်လိုက်လျှင် လိုင်းမမိတော့ဘူးဟု ထင်သည်။ ခဏကြာသော် ဖုန်းသံရပ်သွား၏။ အမေ စိတ်အေးသွားသည်။ သို့ သော် အလိုက်ကန်းဆိုး မသိသော မောင်ပွ ကဖုန်းထပ်ခေါ်သည်။
" တီတီတော်တော် တီတီတော်တော်"
" ဟမ် လာပြန်ဘီ"
" မိန်းမရေ အာ့ဘာသံလဲဟ"
" ကျွန်မ နိုးစက်ပေးထားတာလေ အခုမှ ထမြည်နာ"
အဝတ်ပတ်ရုံဖြင့် မရမှန်းသိသွားသော အမေသည် ဖုန်းအား ထိုအဝတ်ပတ်လျက်သားနှင့်ပင် ဘီစကွတ်မုန့် ပုံးထဲသို့ ထည့်လိုက်သည်။ ဒါလောက်ဆို မမိလောက်တော့ဘူးပေါ့လေ။
" တီတီတော်တော် တီတီတော်တော်"
" ခွီး "
" ဟ နိုးစက်သံမဟုတ်ဘူးဟ မိန်းမရ ဘာသံကြီးတုန်း"
ဟုပြောလျက်နှင့် အဖေသည် အသံလာရာ အရပ်ကို လိုက်လံစူးစမ်းလေတော့သည်။ ထိုစဉ် အဖေတွေ့လိုက်သည်က နောက်ဖေးမီးဖိုချောင်ထဲမှ ဈေးခြင်းတောင်းကိုင်ကာ ထွက်လာသော အမေ။ ခြင်းတောင်းထဲတွင်တော့ မုန့် ပုံးတစ်ပုံး။ အဖေက အနောက်တွင် သွားရှာလျင် အမေသည် ဈေးခြင်းတောင်ကိုင်ကာ အရှေ့ ဝရံတာသို့ ထွက်သည်။ အဖေက အရှေ့ လာလျင် အမေသည် အနောက်သို့ ပြန်ဝင်သည်။ ထိုသို့ အိမ်ပေါ်မှာနေလျက်နှင့် ဈေးခြင်းတောင်းကိုင်ကာ လျှောက်သွားနေသော အမေ့ကို အဖေသတိထားမိလေလျှင်
" မိန်းမ အာ့ဘာဖြစ်နာလဲ အိမ်ထဲမှာ ဈေးပတ်ဝယ်နာလားဟမ်"
အမေကား အဖေ့ကို စကားပြန်မပြောဘဲ ခပ်တည်တည်နှင့်ပင် ဈေးခြင်းတောင်းထဲ မုန့် ပုံးထည့်လျက် အိမ်တံခါးဖွင့်ပြီး အိမ်အောက်ဆင်းသွားတော့သည်။ နောက်နေ့ အဖေလုပ်သူမှ ပိုက်ဆံလို၍ မီးခံသေတ္တာဖွင့်လိုက်သော အခါ အထဲမှာတွေ့လိုက်ရသည်က အဆိုပါ မုန့် ပုံး။
မောင်ပွ ဘွဲ့ ရပြီး၍ နယ်သို့ တာဝန်ကျသော အခါတွင်မူ အမေ မျက်ရည်ကျလေသည်။ ထိုအချိန်ထိ မောင်ပွ အမေနှင့် ခွဲရသည်ကို သိပ်ဝမ်းမနည်းသေး။ နယ်ရောက်ပြီး တစ်ယောက်တည်း ရုန်းကန်လှုပ်ရှားသော အချိန်တွင်မူ အမေ့အား ပြင်းစွာ သတိရမိတော့သည်။ သည်ကြားထဲ အသည်းအသန် နေမကောင်းဖြစ်သော အချိန်တွင် သာ၍ ဆိုးတော့သည်။ ဘေးနားမှနေ၍ နဖူးလာစမ်းပေးမည့်သူမရှိ ခေါက်ဆွဲပြုတ်ပေးမည့်သူ မရှိ ဆေးတိုက်မည့်သူ မရှိ ။ မောင်ပွစိတ်ထဲ ထိုအချိန်တွေးမိသည်က သည်အချိန် အမေ့အိမ်မှာဆိုလျှင်ဆိုသည့် အတွေး။ အမေ့အိမ်မှာဆိုပါက
" သားရေ မောင်ပွ ဆန်ပြုတ်လေး စားမလား အမေပြုတ်ပေးမယ်"
" စားချင်ပု"
" ကြာဇံပြုတ်"
" စားချင်ပု"
"မြူစွမ်"
" စားချင်ပု"
" ဒါဆို ဘာစားချင်လည်း အမေလုပ်ကျွေးမယ်"
" အာတာပူစီ"
" ဟမ့်"
ပြန်တွေးမိလျှင် ယောက်ျားတန်မဲ့ မောင်ပွ မျက်ရည်ကျမိသည်။ တစ်ခါတစ်ရံအမေဆုံးသည် ဟု အိမ်မက်မက်ကြည့်။ အိမ်မက်မှ နိုးလာလျှင်တောင် အလိုလိုဝမ်းနည်းရလေ၏။
သက္ကရာဇ်တွေ တိုးပြီးရင်းတိုးလာ၏။ ရှင်သန်စရာနေ့ ရက်များလည်း တဖြည်းဖြည်း ငယ်လာသည်။ သားလုပ်သူ အဝေးတွင် အဆင်ပြေရင် ပျော်နေတတ်သော အမေသည် သူ့ သား ဘယ်သူ့ ကို ဘယ်လိုကုပေးလိုက်ကြောင်း တွေ့သမျှလူတိုင်းကို ပြောတတ်သော်လည်း သူမခေါင်းမူးသော အခါတွင်မူ ရှုဆေးလေးရှု သွေးဆေးလေးသောက်ကာ ကုတင်ပေါ်တွင် အသာမှိန်းနေတတ်လေ၏။ ထိုအကြောင်းကြားမိသော အချိန်တွင် မိမိဆရာဝန်ဖြစ်နေပါလျက် ဆေးတစ်လုံးမထိုးပေးနိုင်သော အခြေအနေကို မောင်ပွ လွန်စွာဒေါသ ထွက်မိလေသည်။ ကိုယ်တွေက အဝေးရောက်နေသည်ကိုး။
လောကတွင် လူတစ်ကိုယ် စိတ်တစ်မျိုးနှင့် အမေပေါင်းများစွာရှိလေသည်။ ဆရာကြီးဦးသုခ ပြောသလို နားနှင့်မနာ ဖဝါးနှင့်နာ အမေသည်မိန်းမရွှင် ဖြစ်နေစေအုံးတော့ အမေဟာ အမေပင်။ အသက်ကိုရင်း၍ အနာခံကာ မိမိအား လူ့ လောက ရောက်အောင် မွေးထုတ်ပေးခဲ့သည် တစ်ခုထဲနှင့်ပင် သူမတို့ ကျေးဇူးကြီးမားလှပေပြီ။
စာသားလည်း အတော်ရှည်သွားပြီဟု ထင်သည်။ သည်တွင် ကျွန်တော်မောင်ပွ ၏စာအား အဆုံးမသတ်ပါက စာဖတ်သူ အပေါင်း ပျင်းရိခြင်းဖြင့် အကျွန်ုပ်အား မေတ္တာလောင်းကြပေတော့မည်။ ထို့ ကြောင့် အဆုံးသတ်ပါတော့မည်။ အဆုံးသတ်တွင်တော့ ကျွန်တော် နှစ်သက်မိသော ကဗျာဆရာ တင်မိုး၏ ကဗျာတစ်ပုဒ်ဖြင့် အမေ အပေါင်းအား ဦးညွှတ်လိုက်ချင်၏။ ထိုကဗျာမှာကား
" အလွမ်းပြေ စာတစ်စောင်"
--------------------
အလွမ်းပြေ အမေရေးတဲ့
ကောက်ကွေးကွေး အက္ခရာ
ခဲတံကို တံတွေးဆွတ်လို့ 
ဖျက်ပွတ်ရာ အစုံစုံနဲ့ 
စာသတ်ပုံ မမှန်ကန်လဲ
အမေ့ဥာဏ် ဘယ်လိုကောင်းပါလိမ့်
ပျောင်းညွှတ်သည့်စာ
ဖိုးသာယာ ကျောင်းမှာ တုန်းဆီက
သင်ပုန်းကုန်ကျွတ်အောင်
မတတ်သော်လည်း
အမေ့မှာစေတနာ ဓါတ်တွေက
ဖျတ်ကနဲ ယိုလို့ လာ
လွမ်းစာတဲ့ ဆောင်းပါး။
အမေ မရှိသော်လည်း
ဖြေမိဖြေစရာပေါ့
သည်လွမ်းစာ သည်လက်ရေးရယ်က
ပဲတီချဉ်သွယ်သွယ်ကွေးလိုပ
စီရေးပုံ မပြေပါလည်း
စေတနာအလွန်သန့် တာမို့ 
အမေ့စာ တကယ်ခံ့တယ်
အံ့မိပါတကား ။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...