Thursday, September 17, 2015

“ဆန္ဒရဲ့စွမ်းအား”

         တရားဥပဒေအရ လူတစ်ယောက်ဟာ သူ့ကိုယ်သူနဲ့ သူ့အခွင့်အရေးတွေကို သူ့ဘာသာ ကာကွယ်နိုင်ပြီ လို့ ယူဆတဲ့ အသက်အရွယ်ကို ၁၈ နှစ်မှာ ထားပါတယ်။ ဆိုလိုတာက အသက် ၁၈ နှစ်ပြည့်ပြီးသူတစ်ယောက်ရဲ့ ဆန္ဒသဘောထားကို အခြားမည်သူတစ်ဦးတစ်ယောက်ကမှ စိုးမိုးခြယ်လှယ် ချုပ်ကိုင်ပိုင်ဆိုင်ခြင်း မရှိရပါဘူး။ ချွင်းခြက်တွေတော့ ရှိတာပေါ့။ စိတ်ပေါ့သွပ်နေသူ၊ သတိချို့ယွင်း လွတ်ကင်းနေသူ၊ အစရှိသည်ဖြင့်။ ကာယကံရှင် ဆန္ဒမပါရင် ဆရာဝန်တွေတောင် “ငါ နင့် အသက်ကိုကယ်နေတာ” ဆိုပြီး သူသဘောမတူတဲ့ ကုသမှုတွေ အတင်းအကျပ်ပေးလို့မရပါဘူး။ ကျွန်တစ်ယောက်ရဲ့ဆန္ဒကို သခင်မပိုင်ဘူး။ သားသမီးတစ်ယောက်ရဲ့ဆန္ဒကို မိဘမပိုင်ဘူး။ ဝန်ထမ်းတစ်ယောက်ရဲ့ဆန္ဒကို သူ့ဌာနအကြီးအကဲ မပိုင်ပါဘူး။ စစ်သားတစ်ယောက်ရဲ့ ဆန္ဒကို ကာချုပ်ကြီးမပိုင်ပါဘူး။ တိုင်းသူပြည်သားတစ်ယောက်ရဲ့ဆန္ဒကို သမ္မတကြီး မပိုင်ပါဘူး။
သူတို့ဟာ အစဉ်အဆက် လိုက်နာဆက်ခံခဲ့သော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရသော်လည်းကောင်း၊ အထက်မှ ပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာ အုပ်ချုပ်ရေးအာဏာအရသော်လည်းကောင်း၊ လိုက်နာကျင့်သုံးအပ်သော တရားဥပဒေများအရသော်လည်းကောင်း၊ အောက်လက်ငယ်သားအပေါ် အများဆန္ဒဖြင့် စီမံဆုံးဖြတ်ခွင့်ရှိသော်လည်းပဲ အဲသည်အများဆန္ဒဆိုတာ သူတစ်ဦးတည်းရဲ့ သဘောဆန္ဒကို သူ့အောက်ကလူအားလုံး လိုက်သဘောတူပေးရတာမျိုး မဟုတ်ရဘူး။ စစ်တပ်မှာတော့ စစ်ဦးစီးချုပ်ရဲ့အမိန့်ဟာ အခရာမို့ အားလုံး လိုက်နာကျင့်သုံးဖို့ အရိုးထဲစွဲနေအောင် လေ့ကျင့်သင်ကြားပေးထားပေမယ့် တိုင်းသူပြည်သားများအတွက်ဆိုရင် အမိန့် လို့ မသုံးရပဲ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် လို့ ပြောင်းသုံးရတယ် မဟုတ်လား။ ဆိုလိုတာက ဥပဒေဆိုတာ အမိန့်ထက် ခိုင်မာတယ်။ သြဇာရှိတယ်။ ဥပဒေအထက်မှာ အမိန့်နဲ့ လာစွက်ဖက်လို့ မရပါဘူး။ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာဆိုတာ တစ်ဦးတစ်ယောက်တည်းရဲ့ လက်ကို ဝကွက်အပ်ထားရတာ မဟုတ်ပဲ တစ်ခုအပေါ်တစ်ခု အကျော်အနင်း အလွှမ်းအမိုး မရှိအောင် Check and Balance နဲ့ ဟန်ချက်ညီအောင် ထိန်းရပါတယ်။ အင်း။ ဘာမှလည်း အထူးအဆန်းမပါဘူး။ လူတိုင်းသိပြီးသားကိစ္စတွေကို ဆရာကြီးလိုလို သဘာကြီးလိုလိုနဲ့ လူရှိန်အောင်လေဖောနေတယ်။ ဟုတ်သားပဲ။ အခုပြောခဲ့သမျှကိစ္စတွေဟာ ပြောရတာ လွယ်လိုက်တာ။ ငါးမိနစ်တောင် မကြာဘူး။ တကယ်တမ်း လက်တွေ့ကျင့်သုံးနေကြတဲ့အခါ ပြောသလောက် လွယ်လို့လား။ တစ်ခေါက်လောက် ပြန်ဖတ်ကြည့်လိုက်ပါဦး။ ဘယ်အချက်ဟာဖြင့် ချွင်းချက်မရှိ လက်တွေ့ကျကျ အကောင်အထည်ဖော် ကျင့်သုံးနိုင်ပြီလဲ လို့။

         ဆရာဝန်တစ်ယောက်ဟာ ဆရာတော်ကြီးတစ်ပါးနဲ့ နယ်လှည့်ကုသမှုတွေလိုက်ပေးတဲ့အခါ ကိုယ်တို့ဌာနအကြီးအကဲက ရစရာမရှိအောင် ကြိမ်းမောင်းပြောဆိုပြီး ထုချေလွှာတောင်းတာကို ကိုယ်တွေ့မျက်မြင်ထိုင်နားထောင်ခဲ့ဖူးပါတယ်။ သူပြောတဲ့စကားတွေများ နားထဲကတောင် မထွက်ဘူး။ “ခင်ဗျားက ဆေးထွက်ကုရအောင် ခင်ဗျားကိုယ်ခင်ဗျားပိုင်လို့လား။ ကျုပ်တို့ဌာနက ခွင့်ပြုချက်မရရင် ဘယ်ကိုမှ လိုက်ကုခွင့်မရှိဘူး။ ခင်ဗျားပညာ ခင်ဗျားဘွဲ့တွေဟာ ဝန်ကြီးဌာနကပိုင်တာ။ ဝန်ကြီးဌာနက သဘောမတူရင် ဘာတစ်ခုမှ လုပ်ခွင့်မရှိဘူး။” တဲ့။ သူပြောတာ ဟုတ်ပါတယ်။ နောင်ကို ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ကျေးလက်တောရွာတွေကို ကွင်းဆင်းကုသဖို့ ဆရာဝန်တွေ အများကြီး လွှတ်ပေးသားပဲဟာ။ တစ်ခုပဲ။ ကုသမှုခရီးစဉ်ကို စီစဉ်သူကတော့ အာဏာရနိုင်ငံရေးပါတီကြီးက ဖြစ်နေတာ။ အဲသည်ပါတီကြီးဟာ အာဏာရတာမို့လို့ အစိုးရအဖွဲ့ကြီးအပေါ်လည်း အာဏာပိုင်ဆိုင်တယ်။ အစိုးရဝန်ထမ်းတွေအပေါ်လည်း အာဏာပိုင်ဆိုင်တယ်။ သူဖြူမှဖြူ သူမည်းရင် မည်းရမယ်တဲ့။ သူ့အရပ် သူ့အရိပ်အောက်မှာ သူလုပ်တာ မှန်တယ်လေ။ မကျေနပ်ရင် မလုပ်နိုင်ရင် အချိန်မရွေး ထွက်စာတင်လို့ရသားပဲ။ ဘယ်သူကမှ အတင်းအကျပ် ဆွဲမထားဘူး။ မထွက်နိုင်သေးသ၍တော့ ကျွန်တော်ကျွန်မတို့အားလုံး ဆန္ဒတွေတူညီပါတယ် ဂီးဆောင်ကျောင်းနဲ့ပေါ့။

         ကျွန်တော် စဉ်းစားကြည့်တယ်ဗျ။ သည်လိုလုပ်တာ မတရားဘူး။ မှားမှန်းလည်းသိတယ်။ ခံလည်းမခံချင်ဘူး။ အခု ကိုယ့်ကို ပြောနေတာလည်း မဟုတ်ပဲနဲ့ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ ဆရာဝန်တစ်ယောက်အတွက် (သူက ဖုန်းနဲ့ ကြိမ်းနေတာ) အခန်းထဲ ငုတ်တုတ်ထိုင်စောင့်ရင်း ကြားမိတဲ့ကိုယ်က “ငါ ထွက်စာတင်ပလိုက်ရ မကောင်းရှိတော့မယ်။” လို့ တွေးနေမိပေမယ့်လည်း သွေးအေးသွားတဲ့အခါ ပြန်စဉ်းစားကြည့်တယ်။ ကိုယ်သာ သူ့နေရာမှာဆို တကယ် ထွက်နိုင်သလား။ မထွက်နိုင်စရာ ဘာအကြောင်းရှိသလဲ။ ဖြေးဖြေးပေါ့အေ။ ကိုယ်နဲ့ ဘာဆိုင်တာလိုက်လို့။ ကိုယ့်မှာ နိုင်ငံခြားခရီးသွားဖို့ အကုန်စီစဉ်ပြီးနေပြီ။ ဒါလေး အဆင်ပြေနေတာပဲ ကျေးဇူးတင်စမ်းပါဦး။ သူတို့ချင်း ကိစ္စ ထဲထဲဝင်ဝင် ကိုယ်သိတာလည်း မဟုတ်ပဲနဲ့။ စိတ်ပေါ့သွပ်နေတဲ့သူတောင် မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်မှာ မဟုတ်။ ကွကိုနေစမ်းပါလေ။ သူများစိတ်ကို အပြစ်မတင်ပါဘူးနော်။ အင်မတန် လေကျယ်ပြီး စကားကြီးစကားကျယ်တွေ ပြောနေတဲ့ ကိုယ့်စိတ် ကိုယ့်သဘောကိုပဲ ပြောနေတာ။ ကိုယ်တို့ဝန်ထမ်းတွေကို မလှုပ်နိုင်အောင် တုပ်နှောင်ချုပ်တည်းထားတာ မျောက်ဘိုးစိန်လို ကြိမ်ကလေးတစ်ချောင်းတည်းနဲ့ မဟုတ်ဘူး။

         ဗုဒ္ဓဘာသာတွေမှာ အနန္တကျေးဇူးရှင်ငါးဖြာ ခင်ပွန်းကြီးက ဆယ်ပါးပဲ ရှိပေမယ့် ကိုယ်တို့မြန်မာဝန်ထမ်းတွေအတွက်ကတော့ ပသရိုကျိုး ခိုကိုးအပ်သော မြို့တော်ရင် ရွာတော်ရင် နယ်တော်ရင် တောင်တော့်ရှင်တွေ များလှပါတယ်။ မိဆိုင်ဖဆိုင် အပိုင်ရိုးရာနတ်တွေက မေ့မေ့လျော့လျော့ထားမိလို့ ဘာပြသနာမှ မရှိဘူး။ အထက်လူကြီးက ကိုယ့်ကို မြင်တောင်မမြင်ဖူးဘူးဆိုရင် အမိမဲ့သားရေနည်းငါးထက်ဆိုးလိမ့်မယ်။ ပသရတာက ဘာမှ အပန်းကြီးတာလည်းမဟုတ်။ ဟိုကမြှောက်စားလို့ တောက်ကြွားသွားခဲ့ရင် မိဘမောင်ဘွား ဆွေမျိုးများပါ စားမကုန်သောက်မကုန် ကုံလုံကြွယ်ဝ လက်လက်ထသွားတာများ ဘိုးဘိုးအောင် ဘိုးမင်းခေါင်တောင် သူ့လောက် မ နိုင်မှာမဟုတ်။ နတ်တို့၏သဘော ကိုယ်တိုင်ထွက်ပြီး ကျော်လို့လှော်လို့ ဖြစ်မလား။ အောက်လက်ငယ်သား မ စ လိုက်မယ်။ အဖေကြီးသားတို့ အရှည်ကြီးစားဖို့။ ရိုးရာသာမပျက်စေနဲ့။ ပေါက်တယ်နော်။ ဟွင်း ဟွင်း ဟွင်း။

         ဝန်ထမ်းအကြီးအကဲတွေအပေါ် နိုင်ငံတော်က အပ်နှင်းထားတဲ့ အခွင့်အာဏာတစ်ရပ်နဲ့ စီမံအုပ်ချုပ်တဲ့အခါမှာ ကျောသားရင်သား ကွဲကွဲပြားပြား မထားနိုင်ရင် ကိုယ့်နောက်ကျော ဓါးနဲ့ထိုးမယ့်သူတွေချည့် ဖြစ်ကုန်မှာပေါ့။ ခေတ်ကာလ အောက်လက်ငယ်သားများ လျှော့မတွက်လေနဲ့။ ဖင်သားနဲ့တင် ဘဝပျက်သွားမယ်။ ဘာမှတ်လို့လဲ။ အဲ့တော့ ဘယ်လူကြီးမဆို ဌာနေရပ်ရွာမဟုတ်ပဲ သူစိမ်းတွေရဲ့အလယ်မှာ မိုးကျရွှေကိုယ်လုပ်တော့မယ်ကြံရင် လူမွေးတဲ့ဆီက အရင်စရပါတယ်။ သူ့ရပ်သူ့ရွာ သူ့အထာ ကိုယ်လည်းသိတာမဟုတ်။ ကိုယ့်ဘာသာ ပညာတွေ မိုးပျံအောင်တော်နေလည်းပဲ သူ့အရပ်သူ့ဇာတ် ဘယ်လိုဆိုတာသိမှ မီးစင်ကြည့်ကလို့ရမယ်လေ။ အဲ့ဒီအခါမှာ အလုပ်ထဲက ဆရာတပည့်ဆက်ဆံရေးဟာ သင်ယူမှုသင်ကြားမှုတွေနဲ့ ဘာမှမပတ်သက်တော့ပဲ သစ္စာပေး သစ္စာခံ အင်အားစုဆောင်းမှုတစ်ရပ် ဖြစ်လာတယ်ဆိုလည်း မမှားဘူး။ သစ္စာရေစင်တွေကတော့ ကိုယ်သောက်ရတာ မဟုတ်ပါဘူး။ ပုလင်းလှလှလေးတွေနဲ့ ဆက်ရတာ။ မေတ္တာရှေ့ထား ဂါရဝတရားနဲ့ ဆက်တာမို့ မေတ္တာရေစင်လို့ ခေါ်ချင်လည်းခေါ်ပေါ့။ ကဲပါလေ။ အဲသည်ရေစင်လေးဖြန်းပြီး ကောလိပ်ဂျင်နေဝင်းကြီး ရီဝေဝေအသံနဲ့ ဆက်သာကလိုက်ကြပါစို့။ မောင့်အသည်းနှလုံးကို သူသာပိုင်။ မူပိုင်ရှင်မကြီး မမခိုင်။ ဆန္ဒမဲလောက်များတော့ ဘာအဖိုးတန်လို့ စကားထဲ ထည့်ပြောရမှာတုန်း။ ဟုတ်ဘူးလား။

          သူများအကြောင်းတွေ ပြောနေတာ ရပ်ကြပါစို့ကွယ်။ ကိုယ့်အကြောင်းပဲ ကိုယ်ပြောရအောင်ပါ။ ကိုယ်ဟာ အစိုးရအလုပ်ထဲမှာ အနှစ်နှစ်ဆယ်ရှိပြီ။ ကိုယ့်အထက်အရာရှိတိုင်းကို ရိုသေပါတယ်။ ဒါပေမယ့်လည်း “အိမ်မှာပဲနေချင်တယ်မေမေ” တို့၊ “ရွှေထွက်တဲ့အရပ်ကို ပို့ပေးပါဖေဖေ” တို့၊ တစ်ခါမှ အပူမကပ်ဖူးဘူး။ လွှတ်တဲ့အရပ်ကို သွားလိုက်တာပဲ။ ကျေးဇူးတောင်တင်မိသေး။ ကိုယ့်ဘာသာဆို ဘယ်လိုမှ အရောက်အပေါက် ရှိမှာမဟုတ်။ အခုလို စာတွေရေးနိုင်တဲ့ အသိဥာဏ်နဲ့ ရင့်ကျက်မှုရတာ နိုင်ငံတော်ကျေးဇူး။ ရောက်တဲ့အရပ်မှာ ရှင်သန်နိုင်အောင်ကြိုးစားတယ်။ အဲသလို ရှင်သန်ဖို့ မစွန်းရင်းရော ကန်စွန်းခင်းရော အကုန်ကင်းတယ်လို့ ရေးခဲ့ဖူးတယ်။ တကယ်လို့များ အလုပ်ထွက်ဖို့ ကိစ္စကြုံလာရင် ဖုတ်ဖက်ကလေးခါ ငေါက်ကနဲ ထထွက်သွားလို့ရမယ် လို့ ထင်ခဲ့တယ်။ လခအားဖြင့်လည်း ဘာမှမက်လောက်စရာမရှိ။ အခွင့်အရေးအားဖြင့်လည်း ဘာမှထူးထူးခြားခြား မခံစားရ။ ဒါပေမယ့်လည်း အခုထက်ထိ မထွက်နိုင်သေးဘူးဖြစ်နေတယ်။ အဲ့ဒါ မထူးဆန်းဘူးလား။ သမီးကတော့ ပြောလိမ့်မယ်။ “မထူးဆန်းပါဘူး။ အစကတည်းက အလုပ်မက်တယ်လေ။ အလုပ်မှအလုပ် အလုပ်ပြီးအလုပ် ဖြစ်နေတာ ဘယ်ထွက်ချင်ပါ့မလဲ။” လို့။ ကိုယ့်သမီး ပညာရှိကြီးစကားကလည်း သွေးထွက်အောင် မှန်ပါတယ်ကွယ်။ မှန်ဆို သူမွေးကတည်းက အရိပ်ကြည့်သလိုကြည့်လာတဲ့ သူ့အဖေစိတ် သူအသိဆုံးပေါ့။ ဟုတ်တယ်။ သူ့အဖေက အလုပ်တော်တော်မက်တာပဲ။

           ကိုယ်ဟာ အလုပ်ထဲမှာ ဘာကို မခွဲနိုင်မခွာနိုင် မက်နေတာလဲ။ အလုပ်လုပ်နေရတာကို မက်နေတာလေ။ ခွဲစိတ်ဆရာဝန်တစ်ယောက်အဖြစ် လူနာတွေကို ခွဲတဲ့အခါခွဲတယ်။ ခွဲစရာမလို မခွဲပဲကုတယ်။ ကိုယ့်လူနာဆောင်ကလူနာတွေဟာ ကိုယ့်အလုပ်။ ကိုယ့်အလုပ်ကိုယ် လုပ်နိုင်ဖို့အတွက် နိုင်ငံတော်က တာဝန်ပေးပြီး အခွင့်အာဏာ အပ်နှင်းထားတယ်။ အလုပ်ထွက်ရင် အဲသည်အာဏာကြီး ပြန်ပေးရလိမ့်မယ်။ အပြင်မှာ ခွဲချင် ခွဲစားလေ။ အစိုးရဆေးရုံတွေပေါ်မှာတော့ လာမခွဲနဲ့တော့။ အဲသလိုမျိုး လက်ထဲက လုပ်ပိုင်ခွင့်တွေ ပြန်သိမ်းလိုက်တဲ့အခါ သက်ပြည့်ပင်စင်ယူသွားတဲ့ ဆရာကြီး ဆရာမကြီးများတောင်မှ ကျင့်သားရအောင် အချိန်ယူရမလား မသိဘူး။ အပြင်မှာက ပိုက်ဆံရတယ်။ ဆေးရုံမှာက အလကား ခွဲပေးရတာ။ ဒါပေမယ့်လည်း ပိုက်ဆံရတဲ့အလုပ်ကို စွန့်နိုင်တယ်။ ပိုက်ဆံမရတဲ့အလုပ်ကို စွန့်ရတာ ထင်သလောက် မလွယ်ဘူး။ ကိုယ်တန်ဖိုးထားတာက ပိုက်ဆံမှ မဟုတ်ပဲကိုး။ ဒါဖြင့် ဘာလဲ။ ပရော်ဖက်ဆာဖြစ်ချင်တာလား။ မဟုတ်ရပေါင်။ မလုပ်ဝံ့ပေါင်။ လောက်ကိုင်ကို ရောက်ကာစ ခွဲစိတ်ဆရာဝန်အသစ်ကလေးနဲ့ ဘူတန်မှာလုပ်လာတဲ့၊ အမ်းမှာလုပ်လာတဲ့၊ အခုလောလောဆယ် ရန်ကုန်ဆေးရုံကြီးမှာ လုပ်နေတဲ့ ခွဲစိတ်ဆရာဝန် နှစ်ပတ်နွမ်း သုံးပတ်နွမ်းကလေးဘဝဟာ မတူတော့ဘူး။ ခွဲနိုင်တာချင်း ကုနိုင်စွမ်းချင်း သိသိသာသာ ကွာတယ်။ အလုပ်ထဲမှာနေတော့ အလုပ်ကသင်ပေးတယ်။ ဂျပန်မှာ နှစ်လလောက် သင်ပေးတာ နတ်ကရာ ကျီးမောသလောက်ပဲ ရှိတယ်။ တကယ့် လက်တွေ့ ကိုယ့် Career အတွက် လူနာတွေ အရှင်လတ်လတ် ကုရင်း သင်ယူမှတ်သားခွင့်ရတာ အလုပ်ထဲမှာလေ။ သူများနိုင်ငံမှာ အရုပ်နဲ့သင်တာ၊ လူနာအတုနဲ့ ဇာတ်ညွှန်းဆွဲပြီးသင်တာ။ သူတို့လူနာတွေ လက်ဖျားနဲ့တို့ခွင့်မရှိ။ အလုပ်ကထွက်လိုက်ရင် ဘယ်လိုဆက်သင်ယူမတုန်း။ သင်ထားသမျှ အလဟသ ဖြစ်ကုန်မှာလား။ အနည်းဆုံးတော့ ကိုယ့်ဘာမှန်းမသိတဲ့အရပ်မှာ ကိုယ်ဘယ်သူမှန်း မသိတဲ့သူတွေကို ခခယယ နှိမ့်ချပြီး ယုံကြည်မှုကို တည်ဆောက်ရဦးမယ်။ ဇာတ်ခေါင်းခွဲပြီး တစ်စင်ထောင်ချင် ကိုယ်တစ်ယောက်တည်း ထွက်ကလို့မှ မရတာ။ (ဒါကြောင့် နောက်တစ်ဇာတ်က ကြေးပိုပေး အခေါ်စောင့်နေတာလေ။)

           ဆိုလိုတာက အခွင့်ထူး အာဏာထူးတွေကို ခံစားမနေရလည်းပဲ ကိုယ့်အသက်မွေးဝမ်းကျောင်းမှုကို မြတ်နိုးအလေးထားသူတွေအဖို့ အဲသည်နယ်ပယ်ကို အလွယ်တကူ ကျောခိုင်းဖို့ ခက်တယ် လို့ ပြောချင်တာပါ။ ဝါသနာဘာဂီ ဆက်တိုင်းမီတော့ ထမင်းနပ်မမှန်တဲ့ကြားထဲက ဗေထိဆို လက်ကလေးက ချိုးပြီးသား ဖြစ်နေရော။ အလုပ်သံယောဇဉ်လို့ နားဝင်ချိုအောင် ခေါ်ချင်ခေါ်ပါလေ။ သည်နှောင်ကြိုးကြီးကို မဖြေလျှော့နိုင်တော့ အထက်က ပြောခဲ့သမျှ မလိုလားအပ်သည်တို့ကို ကျိတ်မှိတ်သည်းခံနေရတော့တာပ။ သည်အညှာကို ကိုင်ထားတော့ ဝန်ထမ်းဘဝဆိုတာ သူတို့ထားရာနေ စေရာသွား၊ အပင်းများများဝင်လေလေ ဆရာ့သြဇာလွှမ်းမိုးလေ။ ကြားစကားများ မယုံနဲ့ ဘေးဖယ်ထား။ ခပ်မိုက်မိုက်ချစ်ကြစို့။ ဖြစ်ကုန်ရော။ ပျော်စရာကြီး။

            အလို။ စာမျက်နှာ လေးမျက်နှာကျော်လာပြီ။ ခုထက်ထိလည်း စုဖုရားအခန်း မလာသေးဘူး။ တစ်ယောက်တည်း ငိုချင်းနဲ့ မိုးလင်းသွားဦးမယ်။ မယ်ဖျားခေါ်ချေဦးမှ။ မယ်ဖျားက “ဝန်ထမ်းတွေ နီးရာဓါး မကြောက်ရချင်ရင် ဓါးမပါတဲ့ အစိုးရကို ရွေးပါ” တဲ့။ ကောင်းပါပြီ မယ်မယ်။ မယ်ဖျားပြောတဲ့အစိုးရ ဓါးမပါတာ သေချာပါပြီ။ နို့ပေမယ့် သွားမပါတာရော သေချာရဲ့လား။ သွားပါရင်တော့ ဝါးမှာမယ်မယ်။ မဝါးတတ်လည်း ဘလန်ဒါနဲ့ ချေခွန့်မယ့်သူတွေ စောင့်နေတယ်။ လောကကြီး တပည့်မွေးမှ ဆရာဖြစ်တယ် မထင်နဲ့။ ဆရာမွေးပြီး တပည့်လုပ်စားမယ့်သူတွေ တပုံကြီး။ သားတို့တစ်သက် သည်ပုတ်ကြီးထဲ ဝင်သွားရင် သည်ပဲတွေချည့် ပြန်ပြန်ထွက်လာတာမြင်ရလို့ ရိုးနေပြီ။ အလဲ့ ပျော်ကုန်ပြီ။ ပျော်ကုန်ပြီ။ သားအမိနှစ်ယောက် ရန်ထောင်လို့ ဆိုင်းဆရာက ဗိန်းဗောင်းတောင် ပျိုးပေးနေပြီ။ ဖြစ်သေးပါဘူး။ မစ်ရှင်ကဘာလဲ။ ဘာဖြစ်ချင်တာလဲ။ ပြန်ကြည့်လေ။ သူလုပ်ခဲ့တာ ငါလုပ်ခဲ့တာ လာမပြောနဲ့။ အခုဖြစ်နေတဲ့ စံနစ်ကြီးကို မလိုချင်တော့ဘူး။ အပြောင်းအလဲလိုချင်တယ်။ ဒါဆိုရင် ဘာမှ မစဉ်းစားနဲ့။ ကိုယ်ကစပြီး ပြောင်းလဲပလိုက်။ သူ့အတွက်ကိုယ့်အတွက် သူ့အတ္တ ကိုယ့်အတ္တ အကုန်မေ့ပလိုက်။ အပြောင်းအလဲလိုချင် ယုံယုံကြည်ကြည် သူ့ကိုမဲပေးတဲ့။ ရတယ်လေ။ သူ့ပေးလျက်မှ မပြောင်းလဲသေးရင် သူ့ကိုပါ ပြောင်းလဲပလိုက်လို့ရတာပဲ။ သူ့ကိုမပေးပဲ အရင်လူကိုပေးရင်သာ မပြောင်းမလဲ နေမြဲစားမြဲ အရင်အတိုင်းပဲ ဖြစ်နေဦးမှာ။ ဝန်ထမ်းတွေ မလုပ်မရှုပ်မပြုတ် ဘဝက လွတ်ချင်သလား။ မယ်ဖျားကို မဲပေး။ မယ်ဖျားမကောင်းဘူးနော်။ နောက်မှ စိတ်ကြိုက်ထပ်ရွေး။ ဝတ်ထားတဲ့ လက်နှီးစုတ်ကြီးက အနံ့တထောင်းထောင်း သန်းကြီးမတွေတောင် တွယ်နေပြီ။ ဒါကြီးကို အရင်စွန့်ပစ်ပြီးမှ နောက်တစ်ထည် ဆင်လို့ရမှာပေါ့။ ဟဲဟဲ စားကောင်းသောက်ကောင်းနေသူတွေက မျက်စောင်းကြီးတွေ ထိုးကြည့်သဗျား။ သားသားကြောက်ကြောက်။

           ကိုယ်ချင်းစာပါတယ်။ ကိုယ်လို လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ Utopia စိတ်လှည့်စားမှုကလေးနဲ့တောင် သံယောဇဉ် အမျှင်မပြတ်နိုင်ရင် တဂျွမ်းဂျွမ်းမြည်အောင် အရိုးအရင်းကိုက်နေရတဲ့သူတွေ၊ သွားဖုံးမြုတ်အောင် အဆီတစ်ထပ် အသားတစ်ထပ် အီဆိမ့်နေတဲ့သူတွေက စိတ်ပေါ့သွပ် ရူးနှမ်းနေသူတွေမှ မဟုတ်တာဗျာ။ သူတို့နောက်မှာ အကျိုးစီးပွားခံစားနေသူ ဇနီးသားမယား ဆွေမျိုးများ ရှိသေးတယ်။ “မင့်မြန်မာပြည်ကြီးကို ချစ်တာ ဖေ့စ်ဘုတ်ပေါ်သာ အာသာပြေတက်ရေးပါလေ။ လက်တွေ့ဘဝထဲ သယ်သယ်မလာပါနဲ့။ တို့က သည်အစိုးရနဲ့ပဲ အကျိုးပေးပါတယ်။ နောက်လူလာလည်း မစားပဲနေမှာမှ မဟုတ်တာ။ အလကား အာရုံနောက်တယ်။ ဝါသနာပါရင် အဲ့ဒီပါတီနောက်ကလိုက်ပြီး ဖျာအရှည်ကြီးလိုက်ခင်းချေ။” ဂလိုဂလို အမှန်အကန် အားပေးကြမယ့် စကားသံများ ကြားယောင်မိပါတယ်။

          ဘယ့်နှယ်ရှိစ ချေဂွေစံဖားကလေး။ မောင်ရင့်တော်လှန်ရေးကြီးက ဌာနတွင်းစည်းရုံးမှုမှာတင် တပ်လန်လာပါကလား။ ဖြစ်ချေဘူး။ အောက်ခြေကစ စည်းရုံးမှပါလေ။ နောက်နေ့ကျ အလုပ်သမားလေးတွေကို အရင် အချိုသပ်ရမယ်။ ဒါဆို သူတို့တတွေ မုန့်ဖိုးတောင်းနေတာကို မသိချင်ယောင်ဆောင်ရမှာပေါ့နော်။ “ဒေါ်စုနိုင်ရင် မင်းတို့ မုန့်ဖိုးတောင်းစရာ မလိုတော့ဘူး။ လခတွေများကြီး တိုးပေးမှာ။” လို့ ပြောရမလား။ လေးတန်းအောင်တဲ့ ကုလားလေးတောင် ယုံမှာဟုတ်ဘူး။ သူနာပြုဆရာမလေးတွေကို “ညလေးတို့ရေ။ ဂျူတီချိန်တွေ နည်းနည်းလျှော့ပြီး လခကလေး နည်းနည်းလောက် တိုးယူရရင် မကောင်းဘူးလား။” လို့ မေးကြည့်မယ်။ ဖြစ်သေးပါဘူး။ “ဆရာ့ ဆေးခန်းမှာလား။” လို့ ပြန်မေးနေမှ ဒုက္ခ။ AS ကလေးတွေကို “ညေးတို့ ခေးတို့ ဆာဂျီဖြေကြမား။ ဆြာ လကားစာသင်ပေးမယ်လေ။” ဆိုကာမှ “ချာ့ကိုကြည့်ပြီး ချာဂျင်လုပ်ချင်စိတ်ကုန်သွားတယ်ဆို ချာဘာပြောမလဲ။” ဆို ပြီးပါလေ့။ လူနာတွေဘက် ပတ်ယမ်းပြီး “ဒမယ်နော်။ ခွဲတော့မယ်နော်။ ပျောက်တယ်နော်။ တစ်ပြားမှ ပေးစရာမလိုဘူး။ မဲထည့်သွား။” လို့ မျက်လှည့်ပြ လျက်ဆားရောင်းသလို စည်းရုံးလို့လည်းမရ။ ဒုက္ခကြီးနဲ့ လှလှကလေးနဲ့တော့ တွေ့နေပါပြီ။

           တကယ်တော့ (အတည်ပြောတော့မယ်နော်) တော်လှန်ရေးဆိုတာ တစ်ဦးတစ်ယောက်တည်းရဲ့ သဘောထားဆန္ဒကို လူများနိုင်သမျှများများ လက်ခံအောင် လှည့်ဖျားစည်းရုံးသိမ်းသွင်းပြီး အများညီလို့ ဤ ကျွဲဖတ်ခိုင်းတာ မဟုတ်ပါဘူး။ လူထုလူတန်းစား အလွှာအသီးသီးက နှစ်ပေါင်းများစွာ ခါးသည်းစွာကျိတ်မှိတ်ခံစားခဲ့ရတဲ့ မြိုသိပ်ထားသော ဆန္ဒသဘောထားတွေ မဖုံးနိုင်မဖိနိုင် ပွင့်အံပေါက်ကွဲထွက်လာတာပါ။ အဲသည်သဘောထားတွေကို ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင် အမျှော်အမြင်ရှိရှိ ဦးဆောင်ပဲ့ကိုင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်တော့ လိုတာပေါ့။ ကိုယ်တို့မြန်မာပြည်သားသန်းငါးဆယ်က ဒေါ်စုတစ်ဦးတည်းရဲ့ စိတ်သဘောဆန္ဒတစ်ခုတည်းကို တူညီစွာမိန်းမောလိုက်ပါကြတာ မဟုတ်ဘူး။ သန်းငါးဆယ်ရဲ့ ဆန္ဒသဘောထားတွေကို ဒေါ်စုက လားရာဂတိတစ်ခု မှန်မှန်ကန်ကန်ရောက်ဖို့ ကြိုးစားနေတာ။ တူညီတဲ့ဆန္ဒတွေရဲ့ ထက်သန်တဲ့စွမ်းပကားကို သိပ်မကြာခင် ကိုယ်တိုင်တွေ့ရလိမ့်မယ် လို့ ယုံကြည်ပါတယ်။ ကောင်းကျိုးကို လိုလားတဲ့စိတ် စိတ္တာဓိပတိလည်း ရှိတယ်။ ကောင်းရာကို ဖြစ်စေလိုတဲ့ဆန္ဒ ဆန္ဒာဓိပတိ လည်း ပြည့်စုံတယ်။ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ ပဋ္ဌာန်းဒေသနာတော်မြတ်ထဲက အဓိပတိပစ္စယော ဆိုတာကို ကမ္ဘာသူကမ္ဘာသားတွေ အားလုံး မျက်ဝါးထင်ထင် ရှုမြင်နိုင်ပါစေသားလို့ သစ္စာပြုဆုတောင်းပါတယ်လေ။
Soe Min

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...