Sunday, September 6, 2015

ထိုင်းတက္ကသိုလ်တွေထဲ တဝဲလည်လည် ခင်မောင်ညို (ဘောဂဗေဒ)



(၁) ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ သြဂုတ်လထဲတွင် နှစ်ခေါက်ဆက်တိုက် ရောက်ရပြန်သည်။ တကယ်တော့ မပြန်သေးပဲ တစ်နေရာတွင် ၀င်ခိုကာ၊ လည်ပတ်နေဖို့ ကောင်းသော်လည်း ဗုံးလန့်တာတွေ၊ ကိုယ်က မစီစဉ်တတ်တာတွေနှင့်ဆိုတော့ ပြန်လာရ၊ ပြန်သွားရသည်။

  ထိုင်းနိုင်ငံကို မြန်မာနိုင်ငံမှ လေယာဉ်ဖြင့်သွားလျှင် ဗီဇာ(ပြည်ဝင်ခွင့်) မလိုတော့ဟု ဆိုသော်လည်း လေကြောင်းလိုင်း ကောင်တာတွင် ဒေါ်လာ (၅၀၀) Show Money အဖြစ် ပြရသည်။ တချို့ခရီးသည်များ လေကြောင်းလိုင်း ကောင်တာတွင်၊ စကားပြောနေကြသည်ကို တွေ့ရသည်။

  ယခုတစ်ခေါက်တွင် နံနက်ပိုင်းလေယာဉ်ဖြင့်သွားပြီး နောက်ရက်တွင် အစည်းအဝေး စမည်ဖြစ်၍ တစ်ရက်လုံး အားလပ်နေသည်။ ကိုယ့်ဘာသာကိုယ်ဆို မသွားတတ် မလာတတ် မပြောတတ် ဖြစ်နေရာ၊ ဘန်ကောက်မှာ ကျောင်းတက်နေသူ တူမချောလေးကို အကူအညီ တောင်းရသည်။
သူနှင့်အတူ နေ့လည်စာစား၊ ဘာမွန်ဂရက်ဆေးရုံတွင် နှစ်ရှည်လများ တက်နေသူ အမတစ်ဦးကို လူနာသွားမေးသည်။ ဆေးရုံမှ နှစ်မှတ်တိုင်ခန့်သာ ဝေးသော မြို့လယ်ရှိ Siam Square ကို အငှားကားဖြင့် လာကြရာ၊ လမ်းပိတ်နေသဖြင့် တစ်နာရီခန့် ကြာသည်။ ခါတိုင်းလိုဆိုလျှင် လမ်းလျှောက်သွားလိုက်မည် ဖြစ်သော်လည်း ကိုယ့်ခြေထောက်က သိပ်မသေချာ၍ မလျှောက်ဖြစ်။ ဗုံးပေါက်ခံထားရသော နတ်ကွန်းကိုတော့ ပိတ်ဖြူတွေ ကာရံထားသည်ကို တွေ့ရသည်။

  အဓိက ဦးတည်ချက်ဖြစ်သော စာအုပ်ဆိုင်မှ ကိုယ့်အတွက်နှင့် သမီးအတွက် စာအုပ်အချို့ကို ၀ယ်ပြီး ညစာစားရန် အလာတွင် မတွေ့တာကြာလှပြီဖြစ်သော မန္တလေးက မိတ်ဆွေတစ်ဦးနှင့် တွေ့ စကားလက်ဆုံ ကျပြီး ညစာအတူစားကြသည်။ လူစုခွဲပြီး ဟိုတယ်ပြန်တော့ ကားလမ်းရှင်းနေ၍ ခရီးတွင်သည်။ နောက်နေ့ ဆွေးနွေးပွဲအတွက် စောစောထရမည်ဖြစ်၍ စောစောပင် အိပ်ယာဝင်သည်။

(၂) ဆွေးနွေးပွဲ တက်ရောက်မည်. ဗီယက်နမ်နှင့် အခြားနိုင်ငံများမှ မိတ်ဆွေတွေကို နံနက်စာစားရင်း တွေ့သည်။ အင်ဒိုနီးရှားနှင့် ဘရူနိုင်းမလာ၍ (၇)ယောက်သာ ရှိသည်။ မလေးရှား ပါမောက္ခတစ်ဦးသာ အမျိုးသမီး ပါဝင်သည်။ ဆွေးနွေးပွဲ ကျင်းပမည့် တက္ကသိုလ်(NIDA) သို့ နာရီဝက် ခရီးသွားရသေးသည်။ ထို့ကြောင့်ပင် (NIDA) ကို ကိုယ့်မျက်စေ့ထဲ မမြင်ခြင်းဖြစ်နိုင်သည်။

  ဆွေးနွေးပွဲတွင် သဘာပတိလုပ်သူအပြင်၊ အာရှဌာန ညွှန်ကြားရေးမှူး ပါမောက္ခတစ်ယောက်လည်း တက်သည်။ ဒေါက်တာဘွဲ့ရ ပါမောက္ခ အများဆုံး တက္ကသိုလ်ဟု သူတို့က ကြွားသည်။ အသက်အရွယ် ခပ်ငယ်ငယ်များ ဖြစ်သော်လည်း ကိုယ့်ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် ရှိသည်။

  အာရှဌာန ညွှန်ကြားရေးမှူး ကိုယ်တိုင်က မေးခွန်းဝင်မေးလေ့ ရှိသည်။ စာတမ်းရှင်တွေကလည်း အပြောကောင်းကောင်း၊ နံနက်ပိုင်းတွင် ဆွေးနွေးရမည့် မလေးရှားနှင့် မြန်မာတို့မှာ နေ့လည်စာစားပြီးမှသာ ဆွေးနွေးခွင့် ရကြသည်။ ဖိလစ်ပိုင် ပညာရေးကော်မရှင်နာ မင်းကြီးက အတော်ပြောသလို၊ အတော်လေး မေးတတ်သည်။ မလေးရှားပါမောက္ခပင် စကားဝဲသော်လည်း ရှည်ရှည်ဝေးဝေး ပြောတတ်သည်။

  ဆွေးနွေးပွဲ မစမီ ပြတိုက်ကို လိုက်ပြသေးသည်။ ပြစရာတွေ၊ ပြောချင်တာတွေကို Computer screen အကြီးကြီးတွေ သုံးပြီး နည်းပညာသစ်ဖြင့် ပြသခြင်းဖြစ်သည်။ အာဆီယံစာကြည့်တိုက် သွားကြည့်တော့လည်း ဒစ်ဂျစ်တယ် စာအုပ်စင်ဆိုပြီး ကွန်ပျူတာဖန်သားပြင် အကြီးကြီးမှာ စာအုပ်တွေ ရှာနိုင်သည်။
စိတ်ဝင်စားစရာ အကောင်းဆုံးက စာကြည့်တိုက်။ စာကြည့်တိုက်ကို လူတွေစိတ်ဝင်စားအောင် မလာလာအောင် လုပ်ထားသည်။ စာအုပ်ငှားဖို့သာမဟုတ် ဘွဲ့လွန်ကျောင်းသားတွေအတွက်၊ အခန်းငယ်တွေ ရှိသည်။ ရုပ်ရှင်လည်း ကြည့်နိုင်သည်။ စားသောက်ဆိုင်ကလည်း အဆင်သင့် သက်တောင့်သက်သာ အနားယူ အပန်းဖြေစရာ နေရာလည်း ရှိသည်။ အထူးခြားဆုံးမှာ ဘာသာရေးကို ၀တ်ပြုနိုင်သော နေရာတွေပါ ထားပေးခြင်းဖြစ်ရာ၊ စာကြည့်တိုက်နှင့် ပတ်သက်သော သဘောတရား အသစ်ဟု သဘောပေါက်လိုက်မိသည်။ သမာရိုးကျ စာကြည့်တိုက်တစ်ခုလို စာအုပ်စင်တွေကလည်း သပ်သပ်ရပ်ရပ် လင်းလင်းချင်းချင်း။ ဧည့်သည်တွေက ကွန်ပျူတာ မျက်နှာပြင်ကြီးပေါ်မှာ မှတ်ချက်တွေ ရေးပြီး ထားပစ်ခဲ့နိုင်သေးသည်။

(၃) ချူလာလောင်ကောင် တက္ကသိုလ်တွင် ဆရာကြီးတွေကို ဆရာငယ်တွေက တရိုတသေရှိသလောက်၊ ယခုတက္ကသိုလ်တွင် လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ ရှိလှသည်။ ငွေရေးကြေးရေးလည်း ပိုပြီး ပြည့်စုံပုံရကြောင်း၊ အခန်းအပြင်အဆင်တွေကို ကြည့်၍ ပြောနိုင်သည်။

  ပါမောက္ခတစ်ဦးက ညစာစားပွဲကို မြို့လည်ခေါင်ရှိ ဟိုတယ်တစ်ခုတွင် ဧည့်ခံကျွေးမွေးရာ လေထဲမိုးထဲတွင် တစ်နာရီ ကျော်ကျော်ကြီးတောင် ကားစီးပြီး သွားစားကြရသည်။ ဌာနက ညွှန်ကြားရေးမှူး ကိုယ်တိုင် လိုက်လံ ဧည့်ခံသည်။ ဓါတ်ပုံစုရိုက်ကြပြီဆိုလျှင် သူကစပြီး လက်မထောင်ပြသည်။ ဒုတိယနေ့ သုတေသန ဆွေးနွေးပွဲကို အထက်ဆုံးထပ်တွင် ကျင်းပရာ၊ ခန်းမအပြင် အထွက် အမိုးဒီဇိုင်း လှပဆန်းပြားသည်ကို တွေ့ရရာ ဓါတ်ပုံမရိုက်ဘဲ မနေနိုင်ကြ၊ သုတေသနအလုပ်တွေ၊ စာသင်စာဖတ် အလုပ်တွေသည် ဦးနှောက်စားသော အလုပ်တွေဖြစ်ရာ တတ်နိုင်သမျှ သာယာသော ပတ်ဝန်းကျင်ဖြစ်စေရန် ဖန်တီးထားပုံ ရသည်ဟု နားလည်မိသည်။

  တနည်းအားဖြင့်ပြောရလျှင် ပညာရှာသူတွေ ပျော်မွေ့အောင်၊ ကိုယ့်အလုပ်ကို ကိုယ်အဆင်ပြေစွာ၊ အာရုံစိုက်ပြီး လုပ်ဆောင်နိုင်ရန် ဖန်တီးပေးထားသည့် ပတ်ဝန်းကျင်ဖြစ်သည်ဟု သဘောပေါက်မိသည်။ သမ္မာဆတ်တက္ကသိုလ်ရှိ သမီးတစ်ယောက်ထံ သွားလည်ရာတွင် မြစ်ဘေးရှိ တက္ကသိုလ်က သာယာပြီး ကျောင်းသားကျောင်းသူတွေက အားကစားလုပ်ကြ၊ လေ့ကျင့်ခန်းတွေ လုပ်ကြ၊ စုပေါင်းဆောင်ရွက်ကြ လုပ်နေသည်ကို တွေ့ရသည်။ ကိုယ့်ဆီမှာက သာသာယာယာဖြစ်အောင် မနည်းကြီး လုပ်နေရဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်များ၌ ၀တ်စုံဝတ်ရသည့် ကိစ္စကို အတော်မကျေမနပ် ဖြစ်ကြရာ ထိုင်းတက္ကသိုလ်များတွင် ဘွဲ့ကြိုသင်တန်းများ၌ ကျောင်းဝတ်စုံနှင့် ကျောင်းတံဆိပ်ကို တမြတ်တနိုး ၀တ်ဆင်ကြ၊ တပ်ဆင်ကြသည်ကို တွေ့ရသည်။

  တစ်ဖက်ကလည်း၊ ကိုယ့်အလုပ်ကိုကိုယ် တမြတ်တနိုး လုပ်နေကြသည်ဟု၊ မြင်မိသည်။ နှစ်ရှည်လများ ဆေးရုံတက်နေရသော အမတစ်ဦးကို လူနာသွားမေးစဉ် လေ့ကျင့်ခန်း လုပ်ခိုင်းချိန်နှင့် တိုက်ဆိုင်သည်။ ကြီးကြီးမားမား စက်ပစ္စည်းကိရိယာတွေ၊ တစ်ခုမျှမပါ၊ ရိုးရိုးလုပ်သည့်ကိစ္စကို မငြီးငွေ့စေရန်၊ နည်းအမျိုးမျိုးပြောင်းပြီး လုပ်ခိုင်းသည့်သဘော ဖြစ်သည်ကို တွေ့ရပြီး၊ ထိုအဆင့်ကို မြန်မာနိုင်ငံတွင် လုပ်ဆောင်နိုင်ခြင်း မရှိသေးဟု သိရသည်။ ဘယ်လောက်မျှ ခက်ခဲသည့် အလုပ်မဟုတ်။
  လေ့ကျင့်ခန်း လာလုပ်ပေးသူ အမျိုးသား သူနာပြုသည် သူ၏ဝင်ငွေနှင့်သူ အတန်အသင့် အဆင်ပြေသော်လည်း သူဝါသနာပါရာ၊ စာရင်းကိုင်ပညာရပ်ကို လေ့လာဆည်းပူးနေသူဖြစ်ကြောင်း သိရသည်။ သူတို့တတွေက ကိုယ်ဘာဖြစ်ချင်သည်၊ ဘာလုပ်ချင်သည်ကို သိကြပြီး၊ သူများကို သိပ်မဝေဖန်၊ ကိုယ့်ဆီမှာတော့၊ ကိုယ်ဘာဖြစ်ချင်၊ ဘာလုပ်ချင်သည်ကို သိပုံမရကြဘဲ၊ သူများကိုသာ အဝေဖန်လွန်ကဲနေကြပုံရသည်။ ဒီခေတ်ရောက်မှ၊ မညံ့ညံ့အောင်၊ အညံ့ချင်းပြိုင်နေကြသလား ဟူသော မိတ်ဆွေပန်းချီဆရာတစ်ဦး၏ စကားကို သတိရမိသည်။


(၄) ယခုတစ်ခေါက် ခရီးစဉ်တွင် အိမ်ရှင်တွေက၊ လေ့လာရေး အစီအစဉ်ကို ထည့်သွင်းထားရာ၊ နေ့လည်ပိုင်းတွင်၊ ကျွန်းနန်းတော်နှင့် ကျောက်သားနန်းတော်တို့ကို လိုက်ပို့ပေးခဲ့သည်။ ကျွန်းနန်းတော်က၊ တစ်အိမ်လုံးကို ကျွန်းများဖြင့် ဆောက်ထားပြီး၊ ကြမ်းခင်းရာတွင် သံကိုမသုံး၊ သစ်သားချောင်းတွေ စိုက်ထားသည်။ ပြကွက်တွေက စိတ်ဝင်စားစရာမကောင်း၊ မိသားစုဓါတ်ပုံတွေ၊ ဥရောပနိုင်ငံတွေက လက်ဆောင်ရ၊ ဝယ်ယူစုဆောင်းထားသော အိုးခွက်ပန်းကန်တွေ၊ ကစားစရာတွေ၊ အသုံးအဆောင်တွေ ဖြစ်သည်။

  ကျောက်သားနန်းတော်က၊ ဘုရင်ကို ရည်စူး၍၊ ထုလုပ်ထားသော ရွှေချည်ငွေချည်ထိုးတွေ၊ ပန်းပုလက်ရာတွေ၊ သလွန်တော်တွေကို၊ ဘုရင်ံမ သီရိခေတ် သိပ္ပံရှိ၊ အရာထမ်း အမှုထမ်းတွေ ရာချီပြီး၊ နှစ်ချီပြုလုပ်ထားသော လက်ရာတွေဖြစ်၍ အံမခန်းကောင်းမွန်လှသည်။ ထိုအဆောက်အဦများ ဝင်ရန်အတွက်၊ ထိုင်းထမိန်စတွေ ဝတ်ကြရသော နိုင်ငံခြားသူ ဧည့်သည်တွေကို မကြာခဏ တွေ့ရသည်။ ကိုယ့်ဆီမှာဆိုလျှင်၊ ဘုရားများတွင် ဘုရားပူဇော်သည့် အနေဖြင့် တွေ့ရသည့် လက်ရာမျိုးတွေကို သူတို့က ဘုရင်နှင့် မိဖုရားအတွက် ရည်စူးပြီး ထုလုပ်ကြခြင်း ဖြစ်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...