The Hnyin Thuners ညှင်းသွန်းရွာသားများ
ဒီနေ့ခေတ်ကြီးကိုက လူမှုရေးအသင်းခေတ်ကြီး အောက်မေ့ရတယ်။ ရန်ကုန်မှာ ရပ်ကွက်တွေထဲ လိုက်ကြည့်၊ ဆယ်အိမ်တစ်စုကို လူမှုရေးအသင်းတစ်ခုနဲ့။ မန္တလေးဆိုလည်း လမ်းမပေါ် ထွက်ကြည့်လိုက်၊ ဖြတ်မောင်းသွားတဲ့ ကားဆယ်စီးမှာ တစ်စီးက လူမှုရေးအသင်းဆိုင်းဘုတ်နဲ့။
ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမို့လို့ လူမှုရေးတွေ ခေါင်းပါးကြလွန်းလို့ အသင်းတွေထောင်ပြီး လှုပ်ရှားကြရတာနေမှာလို့ တွေးရင် မှားမယ်။ အခုတလော တောရောမြို့ပါ ပိစိကွေးအသင်းလေးတွေ တရုံးရုံး ပေါ်လာနေတယ်လေ။
ကျွန်တော်တို့ဘက်မှာတောင် သာရေး၊ နာရေး၊ ဘာရေး၊ ညာရေးစသည် ရွာပေါက်စေ့မှာ အသင်းကိုယ်စီနဲ့။
အဲ... ကျွန်တော်တို့ရွာပဲ ဘာအသင်းပလင်းမှ မရှိသေးတယ်။ အဲဒါနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်က ရွာကလူငယ်တွေကို တင်ပြတယ်။ “ငါတို့လည်း ခေတ်မီသွားအောင် ရွာပိုင်အသင်းလေးတစ်ခု ထောင်ကြရအောင်” လို့။
တစ်ချို့ကတော့ ကန့်ကွက်ကြတာပေါ့။ ရွာမှာ ဘာအသင်းမှ မလိုဘူးတဲ့။ အသင်းတံဆိပ်တွေ၊ ကတ်ပြားတွေ မလုပ်လည်း ရွာရှိလူကုန် ရွာအသင်းထဲ အလိုလို အကျုံးဝင်ပြီးသားပဲတဲ့။ ပြီး ရွာမှာ ဘယ်သူပဲ သေသေ၊ သင်္ချိုင်းမြေနေရာ ပူစရာမလိုဘူး၊ လိုက်ပို့မယ့်လူလည်း မရှားဘူး၊ ဘုန်းကြီးဆိုလည်း အလကားပင့်လို့ရတယ်...ဆိုတော့ အသင်းတွေ မရှိလည်း ပိုးစိုးပက်စက်ကြီး သေလို့ရတယ်တဲ့။ (တော်သေးတယ်၊ မယုံရင် သေကြည့်ပါလားလို့ မပြောလို့။)
အဲ... ဒါပေမဲ့... ကန့်ကွက်လိုသူတစ်ချို့ ဘယ်လိုမြင်မြင်၊ လူအများစုကတော့ ကျွန်တော့်ရဲ့ အသင်းဖွဲ့ဖို့ အစီအစဉ်ကို ထောက်ခံချင်ကြတယ်။ လူမှုရေးအသင်းသံ ခြိမ့်ခြိမ့်ညံနေတဲ့ မြန်မာပြည်ကြီးမှာ ကိုယ့်ရွာမှာ ဘာအသင်းမှ မရှိလေတော့ ဘေးရွာကလူတွေ ဝိုင်းပြီး လူပါးဝတာ ခံကြရတယ်တဲ့။ ရွာထဲလာပြီး သူတို့ရွာအသင်းအတွက် မဲဆွယ်ကြ၊ စည်းရုံးကြ၊ အလှူငွေ ကောက်ခံကြ။ ရွာသားတွေခမျာတော့ သူတို့ထည့်လိုက်တဲ့ အလှူငွေတွေကို ဘာတွေဘယ်လို ခွဲဝေသုံးစွဲကြမယ်မှန်း တိတိကျကျ မသိရဆိုတော့ လှူရအခက်၊ တားရအခက်၊ အူတိုရအခက်၊ သာဓုခေါ်ရအခက်၊ အဲဒီလို အီလည်လည်၊ ခက်တက်တက်ကြီး ဖြစ်ကြရလို့ဆိုပြီး အသင်းထောင်ဖို့ကို ဝိုင်းအာ,ပေးကြတယ်။
ဆိုတော့ကာ ရွာထုံးစံအတိုင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ပင်ဖို့ ရွာဦးကျောင်းဆရာတော်ဆီ ချီတက်ရပါတယ်။ ဆရာတော်ဆိုပေမယ့် ဘုန်းကြီးက ခပ်ငယ်ငယ်၊ စကားနည်းတယ်၊ သဘောကောင်းတယ်။ ကျွန်တော်နဲ့က ငယ်သူငယ်ချင်းလို နေတာ။ “အေး၊ လုပ်လိုက်လေ၊ ကြာသလားလို့” တဲ့၊ ပြီး “ဘယ်လို အသင်းမျိုး ထောင်မှာလဲ” မေးတော့ “လူမှုရေးအသင်းတွေကတော့ ခွေးချေးလို ပေါကုန်ပြီ၊ အဲတော့ ထူးထူးဆန်းဆန်းလေး ဖြစ်သွားအောင် “လူပျိုမှုကူညီရေးအသင်း” ထောင်ရင်ကောင်းမလားလို့ဘုရား” ဆိုပြီး သူ့ကို အကျယ်တဝင့် ရှင်းပြတယ်။
ဒီလိုပါ...။ ကျွန်တော်တို့ရွာမှာက ရွာထဲက လူပျိုကြီး၊ လူပျိုလေး၊ လူပျိုလတ်အတော်များများ ညညဆို ရွာဦးဘုန်းကြီးကျောင်းမှာ လာလာစုအိပ်ကြတယ်။ ကျောင်းရောက်လာ လေထိုင်ပစ်၊ အတင်းပလင်းပြော၊ ဟေးလေးဝါးလား ရယ်ကြမောကြ၊ (ကျွန်တော် ရွာပြန်ရောက်တဲ့အချိန်မျိုးဆိုရင်တော့ ဝိုင်းကပိုစည်တယ်။) ပြီး ညရောက်ရင် ချမ်းချမ်းနဲ့ တစ်တန်းကြီး ပူးအိပ်၊ မိုးလင်းမှ ပြန်သွားကြ... အဲလိုနေကြတဲ့ကောင်တွေ။
ဘုန်းကြီးလည်း အပျင်းပြေပြီး အဖော်လည်း ရစေတော့ဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ အထူးသဖြင့် ဒင်းတို့ရဲ့ လူပျိုမှု (ဝါ) ရည်စား/မိန်းမ လက်မဲ့မှု (၀ါ) အထီးကျန်မှုကို ဂုဏ်သိက္ခာရှိစွာ ဖုံးကွယ်ဖို့က ဘုန်းကြီးကျောင်းဟာ အကောင်ဆုံးနေရာလို့ သဘောပေါက်ကြတာက တစ်ကြောင်းရယ်ကြောင့် (ထင်ပါတယ်) ကျောင်းမှာ လာစုအိပ်ကြတာပါပဲ။ (ရည်းစား (သို့) မိန်းမ ရှိတဲ့လူတွေက အခုလို ဆောင်းရာသီမှာ အခုလောက်ခြောက်ခြားဖွယ်ကောင်းတဲ့ ဘုန်းကြီးကျောင်းကြီးမှာ ဘာကိစ္စ လာအိပ်ကြပါ့မလဲ...။) ဆိုတော့ ဒင်းတို့ကို ကျွန်တော်က ကြည့်ရင်းကြည့်ရင်း ကိုယ်ချင်းစာတယ်။
“ချစ်သောသူနဲ့ ဘယ်သူများ မကွေးချင်မလဲ.. အရှင်ဘုရား” လို့ ကျွန်တော်က ပြောတော့ ဘုန်းကြီးက “အင်း... မင်းဟာက သီချင်းထဲမှာ ကြားဖူးသလိုလို ဘာလိုလိုကြီး” တဲ့။ ပြီးတော့... “အေးလေ...၊ ဘာပဲဖြစ်ဖြစ် ဟိုကောင်တွေနဲ့ တိုင်ပင်ပြီး မင်း ကောင်းမယ်ထင်သလို ဆက်ကွေး၊ အဲလေ.. ဆက်လုပ်ပေါ့ကွာ...” ဆိုတော့ ကျွန်တော်လည်း ကောင်းမယ်ထင်တဲ့အတိုင်း ညည ကြွရောက်လာတဲ့ လူပျိုသိုးအားလုံး အသင်းဝင်ဖြစ်လာစေရေး စည်းရုံးရေး ဆင်းတော့တာပါပဲ။
အတိုချုပ် ပြောရရင်... စည်းရုံးရေး အောင်မြင်တယ်။ လူတိုင်း ရည်းစားလိုချင်ကြတယ်။ ကိုယ့်ဟာကိုယ်ကိုင် ကိုယ်ထူကိုယ်ထ ဘဝကို ဘယ်သူမှ မနှစ်သက်ကြဘူး။ ဒါကြောင့် လူတစ်ယောက် ရည်စားတစ်ပွေ ရရှိရေး၊ အကြံဥာဏ်လိုအပ်နေသူများ အကြံဥာဏ်တိုးပွားရေး၊ အပြန်အလှန် ကူညီရေး၊ အမြန်အဆန် အိမ်ပြန်ကွေးနိုင်ရေး... စတဲ့ ဦးတည်ချက်တွေနဲ့ လူပျိုတွေချည်း ဖွဲ့စည်းထားတဲ့ လူပျိုမှုကူညီရေးအသင်း စတင်တည်ထောင်ကြောင်း ကြေငြာလိုက်တယ်။
တည်ထောင်ပြီးတာနဲ့ ရှေးဆက်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး တညီတညွတ်ကြီး ဆွေးနွေးကြ၊ တင်ပြကြ။ အဲ... အဲသလို ဆွေးနွေးရင်းက အားလုံးပဲ ချောချောမောမော ဖြစ်လာခဲ့ပြီးလို့ နောက်ဆုံး အသင်းဥက္ကဌ (ကျွန်တော်တို့အခေါ်) ဂိုဏ်းချုပ်လုပ်မယ့်လူ ရွေးချယ်ရေးကျမှ ဂွနည်းနည်း ကျရတာ့တာပါပဲ။
ရွာက လူငယ်လူရွယ်အားလုံးက ကျွန်တော့်ကို သဘောကျကြတယ်။ အသင်းကို ဦးဆောင်ဖို့ ကျွန်တော့်ကိုပဲ ကန့်ကွက်မဲမရှိ အဆိုတင်သွင်းကြတယ်။ သို့သော် ကျွန်တော်ကလည်း သိတဲ့အတိုင်းပဲ။ ရာထူးဂုဏ်သိန်တွေ၊ အာဏာပါဝါတွေ မက်မောတာ မဟုတ်ဘူး။ ရွာပိုင်အသင်းကလေး ရှိစေရေးရယ်၊ ဒင်းတို့တတွေ အဆင်ပြေပါစေတော့ဆိုတဲ့ စေတနာရင်းရယ်က လွဲရင် အသင်းထောင်ပြီး ဥက္ကဌ ထလုပ်ဖို့ ပလန်မရှိဘူး။
ဒီတော့ကာ သူတို့ကို ပြန်ရှင်းပြရင်း ပြောရတယ်။
“ငါတို့အသင်းက ဘုန်းကြီးကျောင်းမှာ အခြေစိုက်တာ ဖြစ်တယ်။ ဒါကြောင့် ဘုန်းကြီးကို ကျော်လုပ်သလို ဖြစ်ရင် မကောင်းဘူး။ ပြီး ဘုန်းကြီးနာမည်ခံထားရင် စည်းရုံးရေးဆင်းရတာလည်း ကောင်းတယ်။ အဲတော့ အသင်းဥက္ကဌအဖြစ် တစ်ခြားဘယ်မှ မရှာဘဲ ဘုန်းကြီးကိုပဲ ရွေးလိုက်ကြမယ်။ ဖြစ်တယ်မဟုတ်လား အရှင်ဘုရား”လို့ ခေါင်းရင်းက ဘုန်းကြီးဘက်လှည့်ပြီး တစ်ဆက်တည်း တင်လျှောက်လိုက်တယ်။
“ငါတို့အသင်းက ဘုန်းကြီးကျောင်းမှာ အခြေစိုက်တာ ဖြစ်တယ်။ ဒါကြောင့် ဘုန်းကြီးကို ကျော်လုပ်သလို ဖြစ်ရင် မကောင်းဘူး။ ပြီး ဘုန်းကြီးနာမည်ခံထားရင် စည်းရုံးရေးဆင်းရတာလည်း ကောင်းတယ်။ အဲတော့ အသင်းဥက္ကဌအဖြစ် တစ်ခြားဘယ်မှ မရှာဘဲ ဘုန်းကြီးကိုပဲ ရွေးလိုက်ကြမယ်။ ဖြစ်တယ်မဟုတ်လား အရှင်ဘုရား”လို့ ခေါင်းရင်းက ဘုန်းကြီးဘက်လှည့်ပြီး တစ်ဆက်တည်း တင်လျှောက်လိုက်တယ်။
ပုံမှန်ဆို ဘုန်းကြီးက စကားလည်း နည်းတယ်၊ သဘောလည်း ကောင်းတယ်။ ဒါပေမဲ့ အဲအချိန်ကျတော့မှ ရှိသမျှ ပါးစပ်ထဲက ကွမ်းအားလုံးကို တထွီထွီထွေးထုတ်ရင်း “ဟင့်အင်း၊ ဟင့်အင်း” လို့ ပြာပြာသလဲ ငြင်းပါလေတော့တယ်။
“ဘာဖြစ်လို့လဲဘုရား၊ တစ်ခြားအသင်းတွေမှာလည်း အတော်များများ ဘုန်းကြီးတွေပဲ ဂိုဏ်းချုပ်တို့၊ ဥက္ကဌတို့ လုပ်ကြတာပဲ မဟုတ်လား၊ အခုလည်း အရှင်ဘုရားကိုယ်တိုင် ခေါင်းမရှောင်ဘဲ ဂိုဏ်းချုပ် လုပ်သင့်ပါတယ်၊ နောက်ပိုင်း ကားတွေဘာတွေ အလှူခံရလာခဲ့ရင်လည်း အရှင်ဘုရားဘွဲ့နဲ့ အသင်းနာမည်နဲ့...”
“ဟင့်အင်း ဟင့်အင်း၊ မဖြစ်ဘူး၊ မဖြစ်ဘူး” တဲ့၊ ကျွန်တော့်စကားတောင် မဆုံးသေးဘူး။ သူက အတင်းကန်ကျောက်ငြင်းပြီး ဆက်ပြီး ရှင်းပြလာတယ်။ “မင်းတို့ အသင်းရဲ့ ဦးတည်ချက်ရော၊ လှုပ်ရှားမယ့်အစီအစဉ်တွေရောကို ငြင်းစရာမရှိဘူး၊ ဒါပေမဲ့ မင်းပေးထားတဲ့အသင်းနာမည်ကို မကြိုက်တာ၊ အဲဒါကြောင့် မလုပ်ချင်တာ” တဲ့။
အင်း... ခက်တော့လည်း ခက်တာပဲ။ ဘုန်းကြီးက စကားလည်း နည်းတယ်၊ သဘောလည်း ကောင်းတယ်။ ဒါပေမဲ့ ဘာသာစကား အခက်အခဲတော့ နည်းနည်း ရှိတယ်။ ကျွန်တော်က အသင်းနာမည်ကို ကရုဏာအသင်း၊မုဒိတာအသင်းဆိုတာတွေနဲ့လည်း နာမည်ဆင်အောင်၊ ပြီး ကိုယ်ထူကိုယ်ထဆိုတဲ့ အဓိပ္ပာယ်လည်း ပေါ်အောင် စပိန်ဘာသာစကားလုံး သုံးပြီး အမည်ပေးထားတာ၊ “Gai Zi Quay အသင်း” လို့။ အဲဒါကို သူက ဘာတွေ ဘယ်လို ပုံဖော်ကြည့်နေမိလဲ မသိ။
အဲတော့လည်း ကျွန်တော်တို့ ရွာမှာ လူရိုသေရှင်ရိုသေ၊ ဂိုင်စိကွေးအသင်းကြီး ပေါ်ပေါက်လာပြီး အသင်းဝင်တွေသာ တစ်နေ့တစ်ခြား တိုးလာတယ်။ ဒီနေ့အထိ အသင်းဥက္ကဌရာထူးက လစ်လပ်နေတုန်း။ ။
0 comments:
Post a Comment