Sunday, February 22, 2015

တမ္ပ၀တီသား



ဇော်နောင်လင်း

 မန္တလေးမြို့၊ သတ္တဌာန ခုနစ် နေရာထဲမှာ အပါအ၀င်ဖြစ်တဲ့ သုဓမ္မာဇရပ်၊ မဟာပဌာန်းဟောသိမ်တော်နဲ့ ပိဋကတ်တိုက်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းခွင်က မန္တလေးတောင်ခြေမှာရှိတယ်။

မင်းတုန်းမင်းက မန္တလေး ရတနာပုံမြို့တော်ကို တည်ဆောက်ရာမှာ နန်းမြို့တော်၊ ကျုံးတော်၊ မဟာလောက မာရဇိန် (ကုသိုလ်တော်) စေတီတော်၊ မဟာအတုလဝေယန်( အတုမရှိ) ကျောင်းတော်၊ သုဓမ္မာ ဇရပ်တော်၊ ပဋ္ဌာန်းဟောရွှေသိမ်တော်၊ ပိဋကတ်တိုက်တော်တို့ကို တစ်ပြိုင်နက် တည်ဆောက်ခဲ့တာပါ။
အဲဒီ ခုနစ် နေရာအထဲက အားလုံးလိုလိုဟာ စစ်အတွင်းမှာ ပျက်စီးခဲ့တာကြောင့် အခုအခါမှာ ပြန်လည် တည်ဆောက်နေကြတယ်။

မန္တလေးတောင်ခြေက အဲဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ အများကြီးတွေ့ရတယ်။ မုခ်ဦးမှာ အင်္ဂတေရုပ်လုံးရုပ်ကြွထုလုပ်နေကြသူတွေ၊ ကျောက်ပြားတွေကို လှီးဖြတ်နေကြသူတွေ၊ အဆောက်အအုံကိုယ်ထည်ပိုင်းအတွက် သံဖရိန်တွေကို ဂဟေဆော်နေကြသူတွေ၊ လမ်းမီးတိုင်ဆင်နေကြသူတွေ၊ မြန်မာမှုအနုပညာထုလုပ်နေကြသူတွေ၊ အလှစိုက်ပန်းမန်တွေပြုပြင်နေကြသူတွေ၊ အားလုံးဟာ တာဝန်ကိုယ်စီနဲ့ လှုပ်ရှားနေကြတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက တခုသောယာယီအဆောက်အအုံငယ်လေးထဲမှာ ခပ်၀၀၊ အသားခပ်ညိုညို နဲ့ လူတစ်ယောက် ကွမ်းကို တမြုံ့မြုံ့ဝါးရင်း အလုပ်လုပ်နေတယ်။ မကျယ်ဝန်းလှတဲ့အခန်းလေးထဲမှာ ခုတင်တစ်လုံး၊ ကုလားထိုင်အနည်းငယ်နဲ့ အလုပ်စားပွဲတစ်ခုရှိတယ်။ လက်တော့တစ်လုံး၊ ပရင်တာတစ်ခု၊ စပ်ဆက်ပစ္စည်းတွေနဲ့ စာအုပ်စာတမ်းတွေရှိတယ်။ နံရံမှာ ကျောက်စာတချို့ရဲ့ ပုံကို ဗီနိုင်းတွေထုတ်ပြီး ချိတ်ထားတယ်။

“ ဒီမှာ နေတာ တစ်နှစ်လောက်ရှိပြီပေါ့။ တချို့ဟာတွေက ညဘက်လုပ်ရတာတွေရှိတော့ညလုပ်တာရော၊ နေ့လုပ်တာရော အချိန်ပြည့်ကြီးကြပ်နိုင်အောင် ဒီမှာပဲ လာနေလိုက်တယ်။ ဒါက ထုံးစံပါ ” လို့ သူကပြောတယ်။

သူဆိုတာက နာမည်ကျော်မြန်မာမှုအနုပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်ပါ။ သူက လက်ရှိပြန်လည်တည်ဆောက်နေတဲ့ သုဓ္ဓမာဇရပ်၊ မဟာပဌာန်းဟောသိမ်တော်နဲ့ ပိဋကတ်တိုက် တည်ဆောက်ရေးလုပ်ငန်းခွင်မှာ မြန်မာမှုအနုပညာတွေနဲ့ပတ်သက်ပြီး တာဝန်ယူထားတယ်။ သစ်သားပန်းပု၊ ဖိုက်ဘာပန်းပု၊ ကျောက်ပန်းပု၊ အင်္ဂတေပန်းပုတွေကစလို့ ပန်းကနုတ်၊ စိန်တောင်အဆုံး အားလုံးဟာသူနဲ့သက်ဆိုင်တယ်။

“ ပထမဆုံးစသင်တာက ပန်းပုပညာပဲ။ သင်တဲ့အခါမှာ အဖေက လွဲလို့ ကျန်တဲ့ဆရာတွေက ရှေးရိုးကြီးအတိုင်းပဲ။ ငါသင်တဲ့အတိုင်းလုပ်၊ ဒီပြင်လူလုပ်တာမှားတယ်၊ ငါမှန်တယ် ဆိုတာကြောင့် အမှန်တရားဆိုတာသိအောင် သမိုင်းကြောင်းကိုလေ့လာတယ်။ သမိုင်းကြောင်းကိုလေ့လာရင်း ဒါတွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဖြစ်လာတာပေါ့ ” လို့ တမ္ပ၀တီဦးဝင်းမောင်က သူ့ဘ၀ ဖြတ်သန်းမှုပုံရိပ်တချို့ကိုပြောပြတယ်။

သူ့ရဲ့ ဘိုးဘေးတွေက ရှေးမြန်မာဘုရင်တွေလက်ထက်ကတည်းက အုတ်ဝန်၊ ပန်းတဉ်းဝန်တွေအဖြစ်အမှုထမ်းခဲ့ကြသူတွေပါ။ သူကလည်း ၁၉၇၀ ပြည့်နှစ်မှာ မန္တလေးတက္ကသိုလ်က ရူပဗေဒဘာသာရပ်နဲ့ ဘွဲ့ရပြီးတဲ့နောက် တမ္ပ၀တီရပ်ကွက်က ဘိုးဘွားအစဉ်အဆက်မြန်မာမှုလုပ်ငန်းခွင်ထဲမှာပဲ ဇောက်ချပြီး ဆက်လက်လုပ်ကိုင်လာခဲ့တယ်။ ထူးချွန်တဲ့သူ့လက်ရာတွေကြောင့် မွေးရပ်မြေနဲ့တွဲပြီး တမ္ပ၀တီဦးဝင်းမောင်ရယ်လို့ နာမည်ရလာခဲ့တယ်။

တကယ်တမ်းကျတော့ မွေးကတည်းက ဒီရပ်ကွက်၊ ဒီအသိုင်းအ၀ိုင်းမှာ ကျင်လည်လာခဲ့တဲ့သူ့အတွက် မြန်မာမှုအနုပညာတွေကို လက်ဆင့်ကမ်းသင်ယူဖို့ဆိုတာ မခက်ခဲလှပါဘူး။ တရပ်ကွက်လုံးက မြင်ဆရာ၊ ကြားဆရာတွေဖြစ်ခဲ့ပြီး အသက် (၇)နှစ်လောက်ကတည်းက ပန်းပုထုတတ်နေခဲ့ပြီ။

ဖခင်ဖြစ်သူ ဦးကျော်ငြိမ်းဆီကနေ ပန်းပုပညာကို သင်ယူရင်း ပန်းချီပန်းပုသမိုင်းကို ဆက်လေ့လာတယ်။ ဦးခင်မောင်၊ ဦးဝင်းဖေ၊ ဦးပေါ်ဦးသက်၊ ဦးအေးမြင့်တို့ဆီကနေ မြန်မာမှုအနုပညာ ပန်း(၁၀)မျိုးကို သင်ယူလေ့လာခဲ့သလို စာပေပညာကိုလည်း ဦးမောင်မောင်တင်၊ ဒေါက်တာသန်းထွန်း၊ အရှင်ရွှေကိုင်းသားတို့ဆီကနေ သင်ယူခဲ့တယ်။

ပန်းပုပညာမှာ မြန်မာ့ရိုးရာအစဉ်အလာတွေက ခွဲထွက်ပြီး တီထွင်ဆန်းသစ်မှုတွေလည်း လုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအတွက် တုန့်ပြန်မှုတွေက တခါတခါမှာ သူ့အတွက် ပြင်းထန်ခဲ့တယ်။

ဦးဝင်းမောင်က “ အရင်တုန်းက ဘုရားတံကဲထုမှ ပန်းပု၊ ပြသာဒ်လုပ်မှ ပန်းပုလို့ ထင်ကြတာ။ အလှချိတ်တဲ့ Decoration Art ကို ပန်းပုမထင်ကြဘူး။ ပုဂံအမျိုးသမီးပုံကို နိုင်ငံခြားသားတွေကို ပြဖူးတယ်။ ရိုးရာပုံမဟုတ်ဘူး၊ ရိုးရာဒီဇိုင်းမဟုတ်ဘူးပေါ့။ အသုံးအနေနဲ့ပြောရင်လည်း ဘုရားပလင်လည်းမဟုတ်ဘူး။ အမွှမ်းအမန်းလည်း မဟုတ်ဘူး။ သာမန်လူတွေရဲ့ အခန်းထဲမှာချိတ်ဖို့လုပ်တာ။ နိုင်ငံခြားသားတွေကတော့ သဘောကျတယ်။ မြန်မာပန်းပုဆရာတွေက ဘာပြောလဲဆိုတော့ မောင်ကျော်ငြိမ်းသားလေးက ပန်းပုမတတ်လို့ ပန်းချီပုံလေးတွေ ကူးထုနေရရှာတယ် လို့ နှိမ်တဲ့သဘောနဲ့ ပြောခဲ့ကြတယ်” လို့  ပြောပြတယ်။

၁၉၆၆ ခုနှစ်ဝန်းကျင်က သူ စတင်ထုလုပ်ခဲ့တဲ့ အဲ့ဒီ ပန်းပုရုပ်တွေဟာ အစဉ်အလာကို ချိုးဖောက်မှုအဖြစ်နဲ့ ဝေဖန်ခံခဲ့ရပေမယ့် အခုအခါမှာတော့ ကမ္ဘာမှာရော၊ မြန်မာနိုင်ငံမှာပါ ထင်ရှားတဲ့အနုပညာရပ်တစ်ခုအဖြစ် အားလုံးကလက်ခံလာခဲ့ကြပါပြီ။

ဦးဝင်းမောင်ဟာ ပုဂံနန်းတော်၊ ပဲခူးနန်းတော်၊ ရွှေဘိုနန်းတော်၊ မန္တလေးနန်းတော် အားလုံးကိုတည်ဆောက်ခဲ့ဖူးတာကြောင့် မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ခေတ်(၄) ခေတ်ရဲ့ အနုပညာလက်ရာတွေအားလုံးကို ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ခဲ့တဲ့သူတစ်ယောက်လို့ ပြောနိုင်ပါတယ်။

 ဒါ့အပြင် အတုမရှိကျောင်း၊ ရွှေကျင်ကျောင်း၊ ဗားကရာကျောင်းစတဲ့ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံတွေကို ရှေးမူမပျက်ပြန်လည်ပြင်ဆင်တဲ့နေရာမှာလည်း ပါဝင်ခဲ့ဖူးတာကြောင့် ခေတ်အဆက်ဆက်ရဲ့ အနုပညာလက်ရာတွေကို ထဲထဲဝင်ဝင်လေ့လာနိုင်ခဲ့ပြန်တယ်။
မြန်မာ့ရိုးရာအစဉ်အလာတွေကိုအခြေခံပေမယ့် ခေတ်မီနည်းပညာတွေ၊ ခေတ်မီ ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီး ဆန်းသစ်ထားတဲ့ မြန်မာမှုအနုပညာလက်ရာတွေကိုလည်း သူ့ရဲ့လုပ်ငန်းခွင်တွေမှာ ဖန်တီးနိုင်ခဲ့တယ်။ အဲဒီလို လုပ်ဆောင်နိုင်ခဲ့ရာမှာ သီတဂူဆရာတော်ကြီးရဲ့ အားပေးစောင်မမှုက သူ့အတွက်များစွာအရေးပါခဲ့တယ်လို့ ဦးဝင်းမောင်က တခုတ်တရဆိုတယ်။
“ နိုင်ငံတကာက အနုပညာတွေကိုလေ့လာနိုင်အောင် ဆရာတော်ကြီးက ပြည်ပသာသနာပြုခရီးစဉ်တိုင်းခေါ်တယ်။ အသေးစိတ်လေ့လာနိုင်အောင် စီစဉ်ပေးတယ်။ ပြီးတော့ အနယ်နယ်အရပ်ရပ်က သီတဂူသာသနာပြုအဆောက်အအုံတွေမှာ ပြန်လည် အသုံးချနိုင်အောင် လုပ်ပေးခဲ့တယ်။
အဲဒီအကျိုးကျေးဇူးတွေနဲ့ မြန်မာအနုပညာကို ခေတ်မီနည်းနဲ့ပေါင်းစပ်လုပ်လုပ်ခွင့်ရခဲ့တာ” လို့ သူကဆိုတယ်။

သူကလည်း သီတဂူဆရာတော်ကြီးရဲ့ သာသနာပြု ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးမှာ အခကြေးငွေမယူဘဲ တတ်ထားတဲ့ဗိသုကာပညာရပ်နဲ့ ပြန်လည်ဒါနပြုခဲ့တာ အနှစ် (၃၀) လောက်ရှိခဲ့ပြီလို့ ဆိုတယ်။  အသက်ရှင်နေသမျှ တသက်လုံး ဆက်လက်ပြီး ဒါနပြုသွားဦးမယ်လို့လည်း သူကပြောတယ်။

မြန်မာမှုဗိသုကာလောကမှာ နှစ်ပေါင်း(၄၀)ကျော် ကျင်လည်ခဲ့ပြီးတဲ့သူ့အတွက် စိတ်ကျေနပ်မှုအရှိဆုံး လက်ရာကိုပြောပြပါလို့ မေးတဲ့အခါ  ရာနှုန်းပြည့်စိတ်တိုင်းကျတာ တစ်ခုမှ မရှိဘူးလို့ ဆိုတယ်။ အနီးစပ်ဆုံးဆိုရင်တော့  လက်ရာတွေအားလုံးထဲမှာ စစ်ကိုင်းက ဗုဒ္ဒတက္ကသိုလ်ကို အားရကျေနပ်မှုအရှိဆုံးလို့ ဦးဝင်းမောင်က ညွှန်ပြတယ်။

တည်ဆောက်ခဲ့သမျှ လက်ရာတွေအားလုံးကို အတတ်နိုင်ဆုံး သမိုင်းကိုလေ့လာပြီး မမှားအောင် လုပ်ဆောင်ခဲ့ပေမယ့် အမှားတွေရှိခဲ့တာကိုလည်း သူက၀န်ခံတယ်။
လုပ်ငန်းအများစုက အချိန်အကန့်အသတ်နဲ့ လုပ်ခဲ့ရတာတွေမို့ ၊ အတတ်ပညာရှိရက်နဲ့ မလုပ်ခဲ့ရတာတွေ၊ အချိန်သာရခဲ့ရင် လက်ရာတွေ ဒီထက်ပိုကောင်းမယ်ဆိုတဲ့အတွေးနဲ့နောင်တရခဲ့တာတွေက လုပ်ငန်းတိုင်းမှာ ရှိခဲ့တယ်လို့ သူကမချင့်မရဲဆိုသေးတယ်။

“ အဆိုးဆုံးကတော့ နားမလည်တဲ့ပုဂိုလ်တွေရဲ့ ဦးဆောင်မှုအောက်မှာ မှားမှန်းသိရက်နဲ့ လုပ်ခဲ့ရတာပဲ။ နောင်တလည်းရတယ်။ မချင့်မရဲလည်း ဖြစ်တယ်။ ပညာရှင်မဖြစ်ဘဲ အာဏာရှင်ဖြစ်နေတဲ့အတွက် ကုန်ရကျိုးမနပ်တာတွေ အများကြီးတွေ့ခဲ့ဖူးတယ်” လို့ သူကဆိုတယ်။

နောက်ထပ်ပြုပြင်ထိန်းသိမ်းမယ့်နေရာတွေ၊ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံတွေမှာလည်း တတ်ကျွမ်းတဲ့ပညာရှင်တွေ ဦးစီးပြီး ထိုက်သင့်တဲ့အချိန်ပေးမှသာ သမိုင်းဝင်လက်ရာတွေ ရှေးမူမပျက်ကျန်ရစ်လိမ့်မယ်လို့ သူကဝေဖန်တယ်။

 အသက်(၆၈) ရှိပြီဖြစ်တဲ့ ဦးဝင်းမောင်ဟာ အခုအချိန်မှာတော့  မြန်မာမှုအနုပညာလောကမှာ လက်ရာကြည့်လိုက်တာနဲ့ သူ့လက်ရာမှန်း ပညာရှင်အချင်းချင်းသိရလောက်တဲ့ ဟန်တခုကို တည်ဆောက်နိုင်ခဲ့ပါပြီ။ သူတတ်ထားတဲ့ပညာတွေကိုလည်း တပည့် (၅၀၀) လောက်ကို လက်ဆင့်ကမ်း သင်ကြားနိုင်ပေးခဲ့ပါပြီ။

သူ့ရဲ့မျိုးဆက်အဖြစ်ကတော့ သားသမီး လေးဦးထဲမှာ တစ်ဦးပဲ အမွေဆက်ခံနေတယ်။ အဲဒီသားတစ်ယောက်က Civil Engineer အဖြစ်ကျောင်းဆင်းခဲ့ပြီး မြန်မာမှုဗိသုကာလုပ်ငန်းနယ်ပယ်ထဲမှာ ဖခင်နဲ့အတူကျင်လည်နေပါတယ်။

“ အတတ်ပညာတင်မဟုတ်ဘူး၊ အသိပညာပါ ရှိဖို့လိုတယ်။ တော်တော်များများက အတတ်ပညာပဲရှိတယ်။ အသိပညာအားနည်းတယ်။ အဲဒီအခါကျတော့ ကျော်ကြားသင့်သလောက် မကျော်ကြားဘူး။ ကျော်ကြားအောင် အတတ်ပညာရော၊ အသိပညာရော နှစ်ခုလုံးရှိဖို့လိုတယ်။ ပန်းပုဆိုရင် ပန်းပုလည်းထုတတ်ရမယ်၊ ပန်းပုသမိုင်းကြောင်းလည်း သိရမယ်။ အဲလိုကြိုးစားမှ ပိုပြီးအောင်မြင်တဲ့သူတစ်ယောက်ဖြစ်လိမ့်မယ်” လို့ သူက အကြံပြုတယ်။

ဦးဝင်းမောင်ကရှေးဟောင်းသုတေသနဘက်မှာလည်းစိတ်ဝင်စားသူဖြစ်တဲ့အလျှောက် အဲဒီလုပ်ငန်းတွေမှာလည်း ပါဝင်ခဲ့တာတွေ တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ကြေးခေတ်ရှိခဲ့တဲ့သက်သေအထောက်အထားတွေကို ရှာဖွေရာမှာ အခြားသောပညာရှင်တွေနဲ့အတူ သူပါဝင်ခဲ့တယ်။

တကောင်းခေတ်ထက်စောတဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကျောက်ဆည်ဒေသမှာ ရှာဖွေခဲ့တာတွေ၊ မြန်မာ့သမိုင်းမှာ အစောဆုံးကျောက်စာတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ မြစ်သားရွှေစောလူးကျောက်စာကို စတင်ဖော်ထုတ်ခဲ့တဲ့နေရာတွေမှာသူပါဝင်ခဲ့သလို တမုတ်ရွှေဂူကြီးဘုရားကို ပြန်လည်တူးဖော်ပြုပြင်မွမ်းမံရာမှာလည်း သူပါဝင်ခဲ့တာတွေ့ရတယ်။

သူ့ရဲ့ မြန်မာမှုအနုပညာအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ဆောင်းပါးပေါင်းချုပ်စာအုပ် ရေးသားခဲ့ဖူးသလို ဆက်ပြီးလည်း ထုတ်ဝေဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။
“ ဒီနေ့လူငယ်တွေကို ပြောချင်တာက စီးပွားရေးကို အဓိကထားပြီး မ၀င်ပါနဲ့။ ပညာပိုင်းကိုပဲ အဓိကထားပြီးဝင်ပါ။ အခုက ပညာပိုင်းမှာ ယုတ်လျော့နေတယ်။ ပညာပိုင်းကို အဓိကထားရင် စီးပွားရေးက သူ့အလိုလိုလိုက်လာမှာပါ” လို့ ၀ါရင့် မြန်မာမှုအနုပညာရှင်ကြီး ဦးဝင်းမောင်ကဆိုပါတယ်။










0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...