Monday, June 27, 2016

“ သိုင်းသမား နှင့် အတွင်းအား ”

Min Ko Naing

ကျနော်တို့ ငယ်စဉ် ပြေးလွှားရင်း ချော်လဲရင် ပတ်ဝန်းကျင်ကို
လှည့်ကြည့်မိတာသတိရမိကြပါသလား။
ကျနော်ကတော့ အခုထိလည်းကလေးတွေကို သတိထား
ကြည့်မိပါတယ်။ အဓိကကတော့ ငိုရကောင်းမလား၊ မငိုရ
ကောင်းမလား ဘာလုပ်ရမှန်းမသိလို့ပါပဲ။

.
ပတ်ဝန်းကျင်က ဒါကို အထိတ်တလန့်အော်မယ် ၊ ပြာပြာ
သလဲ ( ကြောက်စရာကြီးလို့အဓိပ္ပါယ်ရတဲ့ မျက်နှာကြီးနဲ့ )
ပြေးလာမယ်ဆိုရင်တော့ ကလေးက ဒါ ငိုရမယ်လို့
ဘာသာပြန်ပြီး ဗြဲကနဲငိုတော့တာပါပဲ။ လူကြီးတွေကသာ
ဒါဟာ ဘာမှမဆန်းဘူး၊ မနာဘူးကွ ပြန်ထလိုက်စမ်းကွလို့
အားပေးရင် ကိုယ့်ဘာသာ ကျုံးထရပ်မိ တတ်ကြပါတယ်။
.
သူငယ်ချင်းအိမ်ဆော့ကစားဖို့သွားတဲ့ ကလေးတစ်ယောက်
အိမ်လည်သွားရင်း ခလုတ်တိုက်လဲပါတယ်။ ဒီလောက်တော့
အပျော့ပေါ့ဆိုပေမယ့် မေးရိုးပါကွဲသွားတော့ ဆေးရုံရောက်
တာပေါ့။ အိမ်ရှင်မိဘတွေက ဆေးရုံချက်ချင်း ခေါ်လာ၊
ကာယကံရှင် မိဘတွေရောက်လာတော့လည်း ဘယ်သူကိုမှ
ဆူပူကြိမ်းမောင်းတာ ငြူစူအပြစ် တင်တာလည်း မရှိပါ။
.
အိမ်ရှင်မိသားစုက သူတို့အိမ်အလည်လာတုန်းဖြစ်ရတဲ့အပေါ်
အားနာနေသလို သူငယ်ချင်းကလည်း သူတို့ နှစ်ယောက်ပေါင်း
မဆော့ရတော့မှာ စိုးရိမ်နေဆဲပါ။ ဟို မိဖနှစ်ပါးကတော့ သူတို့
သမီးမေးရိုးကွဲချုပ်နေတာ ကြည့်ရင်း ရယ်ကာမောကာပါပဲ။
အနာကျက်ရင် ပြန်ဆော့ကြတဲ့။အဲဒီ ဆေးရုံမှာက အရေးပေါ်
လာသမျှ ကလေးတွေအတွက် အရုပ်မျိုးစုံ Sticker ရောင်စုံတွေ
အပြည့်ချပေးထား မြဲပါ။ ရောက်လာသမျှကလေးတွေဟာ
ဆေးရုံဆေးခန်းဆိုတဲ့ အသိထက် ကစားစရာဆိုင်ခန်းလို့
မြင်သွားအောင် ပါတဲ့။ တကယ်လည်း ကြိုက်တဲ့ဟာ ယူဆော့
ခွင့်ပေးပါတယ်။
.
မေးရိုးကွဲထားတဲ့ ကလေးကို ကလေးတစ်ယောက်ကလာပြီး
မိတ်ဆက်ပါတယ်။ဘာမှမကြောက်နဲ့ သိပ်လည်းမနာဘူး၊
မုန့်တွေလည်းစားလို့ရတယ်ဆိုပြီး အားပေးပါတယ်။ သူက
ဘာသိဘာတတ်လို့ တုံးဆိုတော့ သူကိုယ်တိုင် အရင်တပါတ်က
မေးရိုးမှာ ဒီထက်ကြီးတဲ့ ဒဏ်ရာကြီးရပြီးလာကုဖူးတာကိုး၊
အခုက အနာကျက်ခါနီး ပြန်လာပြတာလေ။ ပြီးတော့ ဆရာဝန်
ဖက်ကိုလှည့်ပြီး သူ့ကိုရေခဲချောင်းကျွေးလိုက်လေလို့ တိုက်တွန်း
ပါတယ်။ ဟုတ်ပါတယ် သူတို့ ဆေးရုံတွေမှာ ကလေးတွေ
အတွက်ရေခဲချောင်းအကောင်းစားတွေ အသင့်ရှိစမြဲပါ။ ရေခဲနဲ့
မတည့်တဲ့ ရောဂါကလွဲရင် ကလေးတွေစိတ်ပျော်ရွှင်အောင်
ကျွေးနေကြပါ။
.
ထိခိုက်ဒဏ်ရာကို ဆေးထည့် ပတ်တီးစီးနေစဉ်မှာ ကလေးကို
ဘယ်လောက် သတ္တိရှိကြောင်းတတွတ်တွတ် အားပေးသလို
ကုသမှုပြီးတဲ့ အခါမှာလည်း ဒီကလေးဟာဖြင့်ရင် အလွန်သတ္တိ
ကောင်းသူဖြစ်လို့
ဟောဒီ ထောက်ခံဂုဏ်ပြုလွှာပေးပါတယ်ဆိုပြီး မှတ်တမ်းလွှာမှာ
ကလေးရဲ့နာမည်ကို ထည့်ရေးပြီးပေးလိုက်ပါတယ်။ ပြီးတော့
အရုပ်မျိုးစုံတွေထဲက ကြိုက်ရာအရုပ်ရွေးခိုင်း ဥပမာ ဘာဘီရုပ်
လေးဆိုပါတော့။အဲဒီအရုပ်မှာကလေးလိုပဲ ( ဥပမာ- လက်ကျိုး
တဲ့ကလေးကို ကျောက်ပတ်တီးစီးရတယ်ဆိုရင်) ပတ်တီးစီးပေး
လိုက်တယ်။ ဒါ မင်း သူငယ်ချင်းပဲ။ ဒဏ်ရာရတာချင်းလည်း
တူတယ်၊ သူလည်း မင်းလိုပဲ သတ္တိကောင်းတယ်နော်၊ လုံးဝ
မအော်ဘူး မငိုဘူး၊ သူ့ကို အိမ်ခေါ်သွားပေါ့ ဆိုပြီး ပေးလိုက်
ပါတယ်။ ကလေးဟာ အားငယ်ဝမ်းနည်းရမယ့် အစား သူသတ္တိ
ရှင်ဆု ရပြီ ဆိုပြီး ကျောင်းမှာတောင် လိုက်ကြွားနေသေး။ ▬*▬*▬
သူတို့ကျောင်းတွေမှာ စာတော်တာ တစ်ခုထဲကို ထူးချွန်သူလို့
သတ်မှတ်ချီးကျူးတာမျိုးမဟုတ်ပါဘူး။ အဆင့် တစ် နှစ် သုံး
မရလို့ စိတ်ပျက်အားငယ်ရမှာမျိုး၊ ခြွဲခားဆက်ဆံခံရမှာမျိုး
မိဘတွေကဖိအားပေးမှာမျိုး ပြဿနာ မရှိပါ။ ကြယ်ပွင့်ကလေး
တွေပေးတဲ့ စနစ်ရှိသေးတာကိုး။ ဆိုပါတော့အများနှင့်ပေါင်းသင်း
ဆက်ဆံကောင်းရင် ကြယ်တစ်ပွင့်၊ စာလုံးပေါင်းသတ်ပုံမှန်ရင်
ကြယ်တစ်ပွင့်၊အချင်းချင်းရိုင်းပင်း ကူညီတတ်သူဆိုရင် ကြယ်
တစ်ပွင့် စသဖြင့် ကြယ်ပွင့်အမျိုးအစားတွေ သတ်မှတ်ထား
ပါတယ်။ ကြယ်ပွင့် ဘယ်နယ်ပွင့်ပြည့်ရင် ရင်ဖတ်မှာ ထိုးတဲ့
ဆုတံဆိပ်တစ်မျိုးကို တပ်ခွင့်ရမယ်ပေါ့ ၊ အဲဒီဆုတံဆိပ်ကို
ကလေးတွေဟာ မြတ်နိုးဂုဏ်ယူစွာချိတ်ဆွဲကြတယ်။ လေးတန်း
ကျောင်းသူက သူငယ်တန်းကျောင်းသူကို ထိန်းကျောင်းရတဲ့
တာဝန်ယူမှုတွေကလည်း ကြယ်တစ်ပွင့် ရပါတယ်။
.
ပြောချင်တာကတော့ ကျောင်းတွေမှာ စာတော်တာတစ်ခုထဲကို
လူရာသွင်းတာမျိုး မဟုတ်ဘူး ဆိုတာပါပဲ။ ကျောင်းသားမိဘ
တွေထံ ကျောင်းကအစီရင်ခံစာပို့ရာမှာလည်း ကလေးရဲ့
အရည်အချင်းအားလုံးကို အသေးစိတ် သုံးသပ်တင်ပြတာမျိုးပါ၊
ဒါနဲ့ သူတို့ ကလေးတွေဟာ ရိုက်ပုတ် ဆူပူ ကြိမ်းမောင်းစရာ
မလိုပဲ ကျောင်းစာလည်းရ ဘ၀ထဲမှာလည်း အဖိုးတန်အောင်
နေတတ်သွားကြတာပေါ့ ။ နာကျင်ပင်ပန်းပြီးမှစာရတာမျိုးမဟုတ်
အများနဲ့ပူးပေါင်းဆောင်ရွက်ရင်း ဘက်စုံကောင်းမွန်တဲ့ မျိုးဆက်
တွေကို မွေးထုတ်တယ်လို့လည်းပြောနိုင်မယ်ထင်ပါတယ်။
.
▬*▬*▬
.
ကလေးတစ်ယောက်ကို သားကြီးလာရင် ဘာလုပ်မလဲလို့
လူတွေကြားထဲမှာ မေးတယ်။
.
ကလေးက မဆိုင်းမတွ ငါးဖမ်းမယ် ( တံငါသည် ) လုပ်မယ်လို့
ဖြေလိုက်ပါရော။ သူ့မိဘတွေဟာပညာထူးချွန်မှုနဲ့ အသက်
မွေးနေကြတဲ့ အဆင့်မြင့်အရာရှိကြီးတွေပါ။ ကလေးရဲ့အဖြေ
အတွက် နဲနဲလေးမှ စိတ်မကွက်ကြပါဘူး။
မနေ့ကပဲ အားလပ်ရက် သားအဖတွေ ငါးမြှားထွက်ကြတာကို
စွဲလမ်းပြီး တံငါလုပ်ချင်နေတာလို့ ဖခင်က ရယ်မောမပျက်
ရှင်းပြပါတယ်။ သူတို့ကလေးကို ကြီးလာရင် ဘာဖြစ်ရမယ်
ဆိုတာမျိုးအမိန့်ပေးထားတာမျိုး သူစိမ်းတရံတွေကမေးရင်
ဘာလုပ်မယ်လို့ဖြေ သင်ထားပေးတာမျိုးမရှိဘူးလေ။
.
ဒီနေရာမှာ ကျနော်စဉ်းစားမိတာက ကလေးတွေအတွက်
အရေးကြီးဆုံးဖြစ်တဲ့ ရိုးသားမှုကိုလွတ်လပ်စွာ ခွင့်ပြုထား
တာပါပဲ။ ကလေးဆိုတာ သူမြင်သိနေသမျှ လူကြီးတွေဘ၀၊
အသက်မွေးမှုတွေကိုအားကျတာ မကြာခဏပြောင်းလဲ
တတ်တာပဲ။ ကျနော့်ကိုကျနော်လည်း ပြန်သတိရတယ် ၊
ငယ်ငယ်ကကျိုက္ကစံကွင်း ပြည်ထောင်စုပွဲက ညဖက်အပြန်
အ၀ါ အနီ ရောင်ချယ်မီးတိုင် လက်ကကိုင်ပြီးကားလမ်းရှင်း
ပေးနေတဲ့ ယာဉ်ထိန်းရဲကြီးကိုကြည့်ပြီး ကြီးလာရင် အဲသလို
မျိုးလုပ်မယ်လို့ ကျနော့်စိတ်ထဲဖြစ်ဖူးတာပဲ။ နောက်ထပ်
အားကျစရာအသက် မွေးဝမ်းကျောင်းတွေ တွေ့တော့လည်း
ကိုယ်ဖြစ်ချင်တဲ့ဘ၀တွေ စိတ်ကူးထဲ ထပ်ပြောင်း ကြတာပဲ
မဟုတ်လား။ ခုနက မိဘတွေဟာ လူရှေ့မှာ အရှက်ကွဲတယ်
လို့မမြင် ၊ လူတွေရဲ့ အထင်ကြီး ချီးကျူးမှုအစား ကလေးရဲ့
ရိုးသားမှုကို ပိုတန်ဖိုးထားကြောင်းပြလိုက် တာပဲလို့မြင်
ပါတယ်။
.
နိုင်ငံခြားမှာအလုပ်သွားလုပ်တဲ့ မြန်မာပညာတတ်လူငယ်
တစ်ယောက်ရဲ့ ဖွင့်ဟချက်ကိုလည်းကြည့်ပါဦး။
သူ အလုပ်ခွင်ထဲဝင်ခါစက ကြီးကြပ်သူရဲ့ အပြစ်တင်
ကြိမ်းမောင်းမှုကို ခံရပါတယ်။ သူ့အမှားလည်းမဟုတ်
ပေမယ့် ဘာပြန်ပြောရမှန်းမသိဘူး။ ဘာသာစကား
အားနည်းချက် ကြောင့်လား ဆိုတော့လည်းသူဟာအတန်
အသင့်တော့ ပြောတတ်သူပါ။ သူနဲ့အတူ ဆူကြိမ်းမောင်း
ခံရသူ နောက်တစ်ဦးက သူနဲ့ ပညာတူ၊အဆင့်တူ အိန္ဒိယ
နိုင်ငံသူကတော့ သေးသေးတင်မှမခံ အချက်အလက်နဲ့
ခုခံချေပအစွမ်းပြပါတယ်။ ဒီတော့မှကျနော်တို့ နိုင်ငံက
သွားတဲ့ လူငယ်လေးဟာ အော် ဒီလိုလည်း ပြောလို့
ရပါလား။ သူသိသလို ငါလည်းသိပေမယ့် သူပြောသလိုတော့
ငါမပြောတတ်ဘူးလို့ စိတ်ထဲက ၀န်ခံရပါသတဲ့ ။
.
ဇာတ်ပေါင်းရမယ်ဆိုရင်တော့ အဲဒီမြန်မာလူငယ်ဟာ
သူ ကြီးလာရင် ဘာလုပ်မယ်ဆိုတဲ့အတိုင်းဖြစ်အောင်တော့
လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ဘ၀နဲ့ ( အဲဒီ အသက်
မွေးဝမ်းကျောင်းမှုနဲ့) တကယ့်အလုပ်ခွင်ထဲ လူမှုဆက်ဆံရေး
နယ်ပယ်ထဲရောက်သွားတဲ့အခါမှာ ကျောင်းစာတခုထဲနဲ့တော့မရ
လူတွေနဲ့ဆက်ဆံနည်း ၊ ရင်ဆိုင်နည်းတွေအတွက် ကြိုတင်
ပြင်ဆင်ထားမှုတွေ (သိုင်းလောကစကားနဲ့ ပြောရရင်တော့
အတွင်း အားတွေ ခုခံနည်းတွေ တိုက်ကွက်တွေ) လိုပါ
သေးလားလို့ နားလည်လိုက်ကြောင်း ရင့်ဖွင့်ပါတယ်။
.
ကျနော်တို့ကလေးတွေ ဘ၀ဆိုတဲ့ သိုင်းလောကထဲ အတွင်း
အားတွေကောင်း ခုခံမှုတွေထက်မြက် တိုက်ကွက်တွေ
ပြောင်မြောက် ကြပါစေကြောင်း ….။
- ‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၈၇ ]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...