Tuesday, September 20, 2016

“ ဆက်ရက် ခြေပြတ်ကလေး ”


သမီးနှင့်သား -
ဒီတစ်ပတ်တော့ သမီးနှင့်သား မေးထားတဲ့ မေးခွန်းကို
သတိရလို့ ဆက်ရက်ကလေးတွေအကြောင်း ပြောပြ
ပါမယ်။ ဦးဦးဟာ တတ်နိုင်သရွေ့ ထောင်ထဲမှာ နေခဲ့တဲ့
အကြောင်းတွေ သားတို့ကို ပြောလေ့မရှိဘူး။ ဒါပေမယ့်
ဒီအကြောင်းကတော့ ထောင်ထဲဖြစ်စဉ်ပါမှ ဖြစ်မှာမို့
သည်းခံကြပါ။


.
ဦးဦးတစ်ယောက်ထဲ ထောင်ထဲအကြာကြီးနေလာတော့
အခန်းရဲ့နောက် လေ၀င်ပေါက် (အမြင့်ကြီးကွ။ အိမ်သာ
ဘောင်က ကုပ်တွယ်တက်ရတယ်)ကနေ အပြင်ကို
ချောင်းကြည့်လေ့ရှိတယ်။ အဲဒီပေါ် ငှက်ကလေးတွေ
ရံဖန်ရံခါ လာနားလေ့ရှိတော့ စပ်စုချင်တာပေါ့။ အခန်း
အပြင်ဘက်မှာ အုတ်တံတိုင်းနံရံကြား မြေကွက်လပ်
ကျဉ်းကျဉ်းရှိတယ်။ အဲဒီမှာ ရာဇ၀တ်မှုနဲ့ကျသူအချို့ဟာ
ငှက်တွေကို ဖမ်းစားနေကြတာ။ ရာဇ၀တ်မှုဆိုတာ
ခိုးဆိုးလုယက်တွေ ပြောပါတော့။ သူတို့က သားရေပင်
ကြိုးကြီးရှာပြီး နှစ်ဖက်ဖြတ်၊ အလယ်မှာ ကြေးနန်းကြိုး
အပြားကြီးကြီးတခုကို ကျောက်နဲ့မြအောင် သွေးထားပြီး
နှစ်ဖက်ချည်တယ်။ မြင်ယောင်ရဲ့လား..။ လေးခွပစ်
သလိုလေ.။ ကြေးနန်းကြိုးက လောက်စားလုံးအိမ်လို
နေရာမှာ တပ်တာပေါ့။ ပြီးတော့မှ သူတို့က အပင်ကြီး
ကွယ်ရာမှာ ပုန်းနေပြီး သားရေးကြိုးအလယ်ကို
ဆွဲထားတာ။ ကြေးနန်းကြိုး ကလည်း အလိုက်သင့်ညွတ်ပြီး
သူတို့လက်ထဲ ပါနေတာပေါ့။
.
သူတို့က မြေကွက်လပ်မှာ ထမင်းလုံးတွေ ကြဲလိုက်တယ်။
ကျီးတွေ ဆက်ရက်တွေ လာစားတာ စောင့်နေကြတာလေ။
ကြောက်တတ်တဲ့ သမီးကတော့ စာဖတ်ရင်း အသည်းတုန်
နေမှာပဲ။ မတတ်နိုင်ဖူးကွာ.. ဒီလိုလူတွေ တကယ်ရှိနေတော၊
ပြောချင်တဲ့အကြောင်းကလည်း ဒါပါမှ ဆိုတော့ ခက်သားပဲ။
.
ဒါနဲ့ ငှက်ကလေးတွေ လာစားကြလို့ အများကြီးဖြစ်လာ
တဲ့အခါ သူတို့က၀ှက်ပြီး ဆွဲဆန့်ထားတဲ့ သားရေကြိုးကို
လွှတ်လိုက်တယ်။ ကြိုးအလယ်က ကြေးနန်းကြိုးက
ဖြန်းခနဲ ပြေးရိုက်လိုက်တာပေါ့။ ငှက် ကလေးတွေ လည်ပင်း
တွေပြတ်ပြီး သေကြရရှာတယ်။
.
အဲဒီမှာ သူတို့က ပြေးကောက်ပြီး၊ နောက်တစ်ခါ ထမင်းလုံး
တွေကြဲ သားရေကြိုးကို ပြန်ဆွဲပြီး ပုန်းစောင့် နေကြပြန်ရော။
နောက်တခါ လာစားတဲ့ ငှက်ကလေးတွေ ခေါင်းပြတ်ပြီး
သေကြရပြန်ရောပေါ့ကွာ။
.
ဦးဦးလည်း ငှက်ကလေးတွေအတွက် ထမင်းလုံးတွေ
ဦးဦးအခန်းရဲ့ လေ၀င်ပေါက် ဘောင်ပေါ်တင်ပြီး ကျွေး
ထားလိုက်တယ်။ လာစားကြပါစေ ဆုတောင်းရတာပေါ့။
ဆုတောင်းပြည့်တဲ့အခါလည်းရှိ၊ မပြည့် တဲ့အခါလည်းရှိ
ပါပဲကွာ။
.
တစ်ခါတော့ဖြင့် ဆက်ရက်ကလေးတကောင်ဟာ အများ
နည်းတူ မြေပေါ်ကြဲထားတဲ့ထောင်ချောက်ထဲ ၀င်စားရင်း
သားရေကြိုးဖြန်းခနဲ ထွက်လာတော့ လန့်ပြီးခုန်လိုက်တာ
တခြားငှက်တွေလို ခေါင်းမပြတ်ပဲ ( သူက နည်းနည်း
ပိုမြင့်သွားတော့) ခြေတဖက်ပဲ ပြတ်သွားရှာတယ်။ နာနာ
ကျင်ကျင်အော်ပြီး ပျံပြေးတော့တာပေါ့။ ဘယ်ကိုပြေး
ရမလဲ ။ သူတို့အိမ်ပေါ့… သူတို့ အသိုက်ရှိတဲ့ အပင်ကြီး
ဆီပေါ့။
.
ဦးဦးလည်း တွယ်ကြည့်ရတာ ညောင်းလှပေမယ့် စိတ်
ဇောဆောင်နေတော့ ဆက်ကြည့်နေမိတယ်။ ဆက်ရက်
ခြေပြတ်ကလေး သွေးရူးသွေးတန်းပြန်လာတာ တွေ့
ပေမယ့် သူ့အဖော်တွေဟာ .. သူဒီလို ခြေပြတ် ခဲ့တာ
တခုခုကြောင့်လို့ သဘောပေါက်နိုင်ပေမယ့် ဘာကြောင့်
ဆိုတာတော့ တိတိကျကျ မသိကြဘူး။ ဒါကြောင့်လည်း
နောက်ထပ် ဆက်ရက်လေးတွေ အများကြီး အခုန
သတ်ကွင်းထဲ ထပ်ရောက်လာ ၊ ထပ်သေကြရပြန်တာ
ပါပဲ။
.
သမီးနဲ့သားကတော့ အသည်းယားနေမှာပဲ။ ခြေပြတ်
ကလေးက နောက်ငှက်တွေကို ပြောပြ လိုက်ပါလားလို့
မချင့်မရဲ ဖြစ်နေမှာပဲ။ သူလည်း ပြောချင်မှာပေါ့။
ခက်တာက ဆက်ရက်ကလေးတွေမှာ ဒီကိစ္စမျိုးပြော
ပြဖို့ ဘာသာစကားမပြည့်စုံရှာဖူးလေ။ သူတို့ဘာသာ
ဘာဝ ခေါ်တာ ထူးတာ နှုတ်ဆက်တာ လောက်ပဲ
ရှိမှာကိုး။
.
လူသားတွေမှာတော့ ဘာသာစကားရှိတော့ ပြောပြလို့
ရတယ် တားမြစ်လို့ရတယ် မဟုတ်လား။ စာနဲ့ ရေးပြလို့
ရတယ်၊ ဖတ်တဲ့လူက သိသွားပြီး ဆင်ခြင်လို့ရတယ်
မဟုတ်လား။
*-*-*
သမီးနဲ့သားရေ -
လူဖြစ်လာရတာ တိရစ္ဆာန်လေးတွေထက် သာတယ်
ဆိုတာ ဒီတစ်ချက်ထဲကြည့်ရုံ အများကြီး မြင်သာမယ်လို့
ထင်ပါတယ်။ တခြားအချက်တွေ များစွာရှိပေမယ့် ဦးဦးက
တိုက်ဆိုင်နေတဲ့ ဒီတချက်ကိုပဲ ပြောပါရစေ။
.
ဒီလောက်ဆိုရင် တစ်ခါက သမီးနဲ့သား မေးခဲ့တဲ့ မေးခွန်းကို
ဖြေပြီးပြီလို့ ယူဆပါတယ်။ တစ်ခါက မေးဖူးတယ် မဟုတ်လား
ဘာလို့စာတွေ သင်ရတာလဲ။ ဘာလို့ ဟောပြောပွဲတွေ လုပ်
ကြတာလဲဆိုတာ မေးဖူး တယ်လေ။
.
အတန်းပညာတွေ အများကြီး တတ်တာ ၊ မတတ်တာ ခဏ
နေပါဦး။ စာရေးတတ်၊ ဖတ်တတ်ရင် ၊ ဟောပြောတတ်
နားထောင်တတ်ရင် ဘယ်လောက်ကျေးဇူးဖြစ်သလဲဆိုတာ
တွေးကြည့်ကြစေချင်တယ်။
.
ဦးဦးကတော့ လူတွေ အကျိုးရှိမည့် စာတွေ ရေးကြ ဖတ်
ကြတာ မြင်တိုင်း ကောင်းကျိုးရှိရာ ဟော ပြောကြ၊ နား
ထောင်ကြတာ မြင်တိုင်း ဦးဦးနဲ့ဝေးခဲ့ရတဲ့ ဆက်ရက်
ခြေပြတ်လေးကိုပဲ မြင်ယောင် သတိရနေဆဲပါ။
စာကြွင်း ။ ။ အဲဒီဆက်ရက်ခြေပြတ်လေးဟာ အများနည်းတူ
လုယက်အစာမရှာနိုင်တော့ သူ့ဘ၀ကို ဘယ်လို ရုန်းကန်ခဲ့
ရတယ်ဆိုတာ သမီးနဲ့သား သိချင်ရင် နောင်အလျင်းသင့်တဲ့
အခါပြောပြပါဦးမယ်။
ချစ်တဲ့ ဦးဦး
- #မင်းကိုနိုင်
[ ယနေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးမှ ]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...