Wednesday, September 28, 2016

လင်ယောင်္ကျားများ မသိသလိုဖြစ်ခဲ့တဲ့ ဇနီးသည်တွေရဲ့ဘဝ


နည်းစနစ်ကျကျအတွေးအခေါ်

ကျွန်တော်မနက်က အိမ်ကထွက်လာတော့
ဒီနေ့တော့ ဝယ်စရာဘာမှမရှိလောက်ပါဘူးဆိုပြီး ပိုက်ဆံအိပ်ထဲကငွေကို စစ်မကြည့်ခဲ့ဘူး
တစ်နေ့လုံး သာမာန်အသေးအဖွဲလောက်သာသုံးရင်း တကယ်လဲကြီးကြီးမားမားမရှိခဲ့ပါဘူး
ညနေအိမ်ပြန်ခါနီးတော့ ကျွန်တော့အလုပ်ထဲကို မထင်မှတ်ဘဲ ကျွန်တော့မိတ်ဆွေတွေရောက်လာတယ်ဗျာ
သေချာပြီ အဲ့ဒါငွေကုန်ပေါက်ဘဲ။
ဒီလိုညနေမှာ သူတို့ရောက်လာရင် ဆိုင်တစ်ခုခုကိုသွားပြီး စားကြသောက်ကြပြီးမှ အိမ်ပြန်တာထုံးစံပါဘဲ
ကျွန်တော်က ချမ်းသာပြည့်စုံတဲ့သူတော့မဟုတ်ပါဘူး။


ဒါပေမယ့် ရင်နှီးတဲ့မိတ်ဆွေတွေကြားမှာ ဘယ်တော့မှအောက်ကျမခံဘူး
ကျွန်တော်က သောက်တတ်စားတတ်တဲ့သူ သိပ်မဟုတ်ပေမယ့်
ပိုက်ဆံရှင်းရင် ကိုယ်သာရှင်းလိုက်ရမှဆိုတာမျိုးပေါ့
ဒီလိုနဲ့ စားသောက်ဆိုင်တစ်ခုကိုရောက်ပြီး
စားကြသောက်ကြရင်း ကုန်ကျမယ့်အတိုင်းအတာကို ကျွန်တော်ခန့်မှန်းကြည့်လိုက်တယ်
အာပါးးး ဒီနေ့တော့ မနဲဘူးရှင်းရမယ်
ခန့်မှန်း တစ်သိန်းကျော်လောက်တော့ကျမယ်လို့ထင်တယ်
အဲ့ဒါကြောင့် ကျွန်တော့အိပ်ထဲကငွေကို မသိမသာလှမ်းစစ်လိုက်တဲ့အခါမှာတော့
ငွေနှစ်သိန်းကျော်လောက်ရှိနေတာတွေ့လိုက်ရတယ်
ကျွန်တော်ပြုံးလိုက်မိတယ်
ဘယ်အချိန်က မိန်းမလုပ်သူက ကျွန်တော့ရဲ့ပိုက်ဆံအိပ်ထဲကို ငွေထပ်ဖြည့်ပေးထားလဲဆိုတာ ကျွန်တော်မှမသိခဲ့တာ
အခုသိရတော့မှ မိန်းမလုပ်သူရဲ့ဂရုစိုက်မူကို စိတ်ထဲကကျေးဇူးတင်မိလိုက်တယ်
စိတ်ထဲမှာအရမ်းကိုပေါ့ပါးသွားပြီး
လုပ်လေဗျာ ထပ်မှာအုံးလေ တော်ကြာရေချိန်မကိုက်ဘဲနေအုံးမယ်ဟု
ဒကာခံတဲ့သူတို့ရဲ့ထုံးစံအတိုင်း စိတ်ကြိုက်ထပ်မှာခိုင်းလိုက်တော့ ဝိုင်းကပိုပြီးဆိုပြေသွားတယ်
ဒီလိုနဲ့နောက်ဆုံး ပိုက်ဆံရှင်းတဲ့အခ်ျိန်မှာတော့
တစ်သိန်းကျော်ရှင်းလိုက်ရပါတယ်
ဒါနဲ့ဘဲ ကျွန်တော်အိမ်ပြန်ခဲ့လိုက်တယ်ဗျာ
အိမ်ရောက်တော့ မိန်းမလုပ်သူကို အိမ်ပေါက်ဝမှာတန်းပြီးတွေ့လိုက်ရတယ်
မိန်းမအနားကို ကျွန်တော်ရောက်တယ်ဆိုရင်ဘဲ
မိန်းမလုပ်သူက စကားအရင်စပြောတယ်
ယောင်္ကျားဒီနေ့ ပင်ပန်းလာလားတော့မသိဘူး
ဖြစ်နိုင်ရင် မိန်းမကိုသပြေကုန်း ညနေဈေးကိုလိုက်ပို့ပါလား
ဒီနေ့အိမ်မှာ အမေတို့တွေရောက်နေတယ် အဲ့ဒါကြောင့် ဟင်းချက်စရာလေးတွေထပ်ဝယ်ချင်လို့ဟုပြောလေသည်
အော် အမေတို့ရောက်နေတာလား အင်းပါကွာ သွားတာပေါ့ဟုဆိုကာ အိမ်ကိုအလည်လာသော အမေတို့ကို ခရီးဦးကြိုစကားပြောပြီး မိန်းမနဲ့အတူဈေးကို ထွက်လာခဲ့လိုက်တယ်
ကျွန်တော်က မိန်းမနဲ့အတူ ဈေးဝယ်ထွက်ခဲတဲ့သူပါ
အထူးသဖြင့် ကုန်စိမ်းတန်းတို့ အသားငါးဈေးတန်းတို့ဘက်ကို ကျွန်တော်မရောက်ဖြစ်ပါဘူး
ဒါပေမယ့် အခုတော့ မိန်းမနဲ့အတူ ညဈေးတန်းလေးမှာ ဈေးဝယ်ဖို့သူ့ဘေးကနေလိုက်လာခဲ့လိုက်တယ်
ပထမဦးဆုံး ကျွန်တော့မိန်းမရဲ့ ဈေးဝယ်တာကို ကျွန်တော်အံ့သြသွားတယ်
" ငါးကြင်းရွှေဝါဘယ်ဈေးလဲ
' တစ်ထောင်ဈေးပါသမီး
ဈေးသည်ကပြန်ဖြေတဲ့နောက်မှာတော့ ကျွန်တော့မိန်းမဟာ ဘာမှမပြောဘဲ အဲ့ဒီ့ဈေးသည်ကို ဖြေးဖြေးချင်းကျော်သွားပြီး ခပ်လှမ်းလှမ်းက နောက်ထပ်ငါးသည်အနားရောက်တော့
" ငါးကြင်းရွှေဝါဘယ်ဈေးလဲ
' တစ်ထောင်ဈေးရောင်းတယ်သမီး ဒါပေမယ့်
ရှစ်ရာဈေးဘဲပေးပါ
ဒီတစ်ခါတော့ မိန်းမလုပ်သူက ငါးတွေကိုကိုင်ကြည့်တယ်
ပြီးတော့မှ
" ရှစ်ရာဈေးဆိုရင် သုံးဆယ်သားလောက်ထည့်ပေးပါ ငါးကြေးခွံချွတ်ပြီး တုံးပေးနော်အန်တီဟု ပြောလေသည်
မိန်မလုပ်သူရဲ့အနောက်မှာရပ်နေတဲ့ကျွန်တော်ဟာ အနဲငယ်ပြုံးမိတယ်
ပိုက်ဆံနှစ်ရာသက်သာဖို့ လူရှုပ်နေတဲ့ညနေဈေးကို ပတ်နေတဲ့မိန်းမကို အလကားသက်သက်အပင်ပန်းခံတယ်လို့အတွေးနဲ့ပေါ့
ငါးဝယ်ပြီးတော့ ဟင်းသီးဟင်းရွှက်ထပ်ဝယ်ပြန်တော့ ပိုတောင်ဆိုးနေပြန်သည်
ငွေငါးဆယ်တစ်ရာသက်သာဖို့အတွက် တစ်ဆိုင်ပြီးတစ်ဆိုင် ဈေးစစ်ပြီးဝယ်သည်
ဒီလိုနဲ့ဘဲ သူ့စိတ်ကူးနဲ့ လိုအပ်မယ်ထင်တာလေးတွေကို စိတ်တိုင်းကျဈေးစစ်ပြီး ဝယ်လို့ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့နှစ်ယောက် ဈေးထဲကပြန်ထွက်မည်အပြု
ကျွန်တော့ မိန်းမဟာ ခပ်လှမ်းလှမ်းမှ ကြေးအိုး/ဆီချက်ရောင်းတဲ့ဆိုင်လေးကိုလှမ်းငေးနေတာတွေ့လိုက်ရတယ်
ဒါကိုသိလိုက်တဲ့ကျွန်တော်က
' ဘာဖြစ်လို့လဲမိန်းမ ကြေးအိုးသောက်ချင်လို့လား
မိန်းမသောက်ချင်ရင် သွားသောက်ရအောင်လေ
" သောက်မနေတော့ပါဘူးယောင်္ကျားရယ် အိမ်ပြန်ရောက်ရင် ထမင်းစားတော့မှာဘဲ အပိုတွေကုန်ပါတယ် နောက်မှဘဲသောက်တော့မယ်
ပြန်ကြရအောင်နော် ဈေးဝယ်လို့လဲစုံနေပြီဘဲဟုဆိုကာ ဈေးထဲမှလှည့်ထွက်လာခဲ့လိုက်တဲ့အခါ
ကျွန်တော့စိတ်ထဲလုံးဝမကောင်းခဲ့ဘူး
ဈေးဆွဲခြင်းကို လက်တစ်ဖက်နဲ့ဆွဲထားတဲ့ကျွန်တော်ဟာ ကျန်လက်တစ်ဖက်ကို မိန်းမရဲ့ပုခုံးလေးကိုဖတ်လိုက်တယ် ပြီးတော့နှစ်ယောက်အတူ ညဈေးတန်းလေးကိုကျောခိုင်းခဲ့လိုက်ပါတယ်
ကျွန်တော့အတွေးထဲမှာတော့
ညနေအလုပ်ကအပြန်မှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ သောက်စားဖြုန်းတီးတဲ့ ငွေတစ်သိန်းကျော်နဲ့
အခုညဈေးတန်းလေးမှာ အပင်ပန်းခံပြီးဈေးစစ်ဝယ်နေတဲ့ မိန်းမရဲ့အပြုအမူတွေကို နိုင်းယှဉ်နေမိတယ်
ကျွန်တော်ဟာ တော်တော်အသုံးမကျတဲ့လူတစ်ယောက်လို့လဲ ခံစားရတယ်
ငါးဆယ်တစ်ရာကိုတောင် အပင်ပန်းခံပြီး စေ့စေ့စပ်စပ်လုပ်တတ်တဲ့မိန်းမရဲ့ အလိုက်တစ်သိနဲ့ ဖြည့်ပေးထားသော သိန်းချီတဲ့ငွေကို အလွယ်တကူသုံးဖြုန်းပြစ်မိပါလားလို့ပေါ့
ဒီလိုအဖြစ်တွေက အကြိမ်ပေါင်းမြောက်များစွာရှိခဲ့ပြီဘဲ
ကျွန်တော်ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး အဓိကပြောချင်တာကတော့
များသောအားဖြင့်ပေါ့လေ ကျွန်တော်တို့ယောင်္ကျားတွေဟာ
ဇနီးမယားကိုတော့ သူတို့မမြင်နိုင်တဲ့ ပြင်ပကမဟုတ်တဲ့ အကြောင်းတွေကိုပြပြီး
သုံးချင်တိုင်းသုံး ဖြုန်းချင်တိုင်းဖြုန်းတတ်ပြီး
အိမ်ကဇနီးမယားရဲ့ ချိုးခြံခြွေတာတဲ့ အကျင့်ကောင်းလေးတွေကို မေ့နေတတ်ကြတယ်
မိမိကိုဂရုစိုက်ခြင်းတွေကိုမေ့နေတတ်ကြတယ်
တကယ်ဆိုရင် ကျွန်တော်တို့ယောင်္ကျားတွေက
အိမ်ထောင်မူအတွက် ရှေ့ဆောင်လမ်းပြဖြစ်ရမယ့်သူတွေမဟုတ်လား
ကျွန်တော်တို့တွေက မှားနေတယ်ဆိုရင် လွန်တာတွေရှိနေတယ်ဆိုရင်တော့
ဆင်ခြင်သင့်ပါတယ်ဗျာ
ဇနီးမယားကိုချစ်တတ်မယ်ဆိုရင်ပေါ့
<><><><><><><><><><><><><><><><><>
Aung Zaw Latt(မင်း ကျန်စစ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...