Wednesday, September 28, 2016

မေတ္တာသုတ်နဲ့ လစ်ဘာတီ


ကမ္ဘာကျော်ရွှေဝါရောင်တော်လှန်ရေး (၉) နှစ်ပြည့်သွားပေမယ့်လည်း မျက်စိထဲမှာ မနေ့တစ်နေ့ကလို..။ အဲဒီအချိန် အဲဒီကာလဟာ မြန်မာနိုင်ငံအဖို့ စစ်တိမ်သလ္လာအောက်မှာ ပိန်းပိတ်အောင်မှောင်မိုက်နေချိန်။ ၂၀၀၇ စက်တင်ဘာ အစောပိုင်း ပခုက္ကူသံဃာတွေကို စစ်တပ်က ရိုက်နှက်မှုအတွက် တရားမျှတမှု တောင်းဆိုဖို့ ရခိုင်နဲ့ ရန်ကုန်က ရဟန်းပျိုတွေ လမ်းပေါ် စထွက်လာပါတယ်။ တဆက်ထဲ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ ဒီမိုကရေစီအရေးတွေကိုပါ ရဲရဲဝံ့ဝံ့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ လမ်းပေါ် အညီအညာ စီတန်းထွက်လာတဲ့ ရဟန်းသံဃာတွေရဲ့ နှုတ်ဖျားမှ ရွတ်ဆိုတိုင်သံတွေက နိုင်ငံရေး ကြွေးကြော်သံတွေထက် မေတ္တာပို့သံတွေ ပိုလွှမ်းမိုးနေတာကဖြင့် အလွန်အံ့ဩ ကြက်သီးမွှေးညှင်းထစရာပါ..။ ကြားရသူတိုင်းရဲ့ ရင်နှလုံးကို ယမ်းခါလှုပ်နှိုးလိုက်ပြီး လမ်းဘေးဝဲယာရပ်ကြည့်သူ ဘာသာပေါင်းစုံဟာ သံယာတွေ စီတန်းလမ်းလျှောက်တဲ့နောက် ၀န်းရံသူတွေအဖြစ် လက်ချင်းဆက် လိုက်ပါသွားပါတယ်။ နေ့စဉ်ရက်ဆက် သံဃာလမ်းလျှောက်တာ တစ်နိုင်ငံလုံးအနှံဖြစ်လာပြီး မေတ္တာသံတွေ ညံလာတဲ့နဲ့အမျှ စစ်တပ်ရဲ့ ဖြိုခွင်းမှုကလည်း မြန်ဆန်လာပါတယ်။ စက်တင်ဘာ နှောင်းပိုင်းရက်တွေ မှာတော့ ဘုရားသား၊ ၂၀၀၇ ကျောင်းသားနဲ့ စစ်သားတို့ရဲ့ ထိပ်တိုက်တွေ့မှုဟာ ဗြောင်းဆန်သွားပြီး၊ နည်းပညာ ခေတ်ဦးချိန်မို့ ချက်ချင်းရိုက်တင် ဗီဒီယိုဖိုင်တွေကတစ်ဆင့် တစ်မ္ဘာလုံးက ဂရုဏာသက်ပြီး မြင်တွေ့နေကြပါတယ်။ ထူးခြားတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုဖြစ်စဉ်မို့လည်း နိုင်ငံတကာ သတင်းစာမျက်နှာတွေက 'ရွှေဝါရောင်တော်လှန်ရေး' (Saffron Revolution) လို့ အမည်ပေးလိုက်ကြပါတယ်။
ရွှေဝါရောင်တော်လှန်ရေးဟာ ရက်ရက်စက်စက်ဖြိုခွင်းခံရပေမယ့် ကနေ့မြင်တွေ့နေရတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက်ဖြစ်လာအောင် အဓိက တွန်းအားပေးနိုင်ခဲ့တာမို့ သမိုင်းတန်ဖိုးကြီးမားပါတယ်။ တော်လှန်ရေးတိုင်းမှာ ထူးခြားချက်ကိုယ်စီရှိတတ်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးကတော့ ဖိနှိပ်ရက်စက်လွန်းတဲ့ စစ်အာဏာရှင်စနစ်ကို တိပိဋကဓရ မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ ရဲ့ မေတ္တာဘာဝနာကို တိုင်တည်ပြီး ကလန်ခဲ့တဲ့ တော်လှန်ရေးမို့ သစ်လွင်ထူးခြားနေတာ အမှန်ပါပဲ။
ဆရာတော်ကြီးရဲ့ မေတ္တာပို့ဟာ ဘုရားဟော မေတ္တာသုတ်အပေါ် အခြေခံထားပြီး၊ ဗုဒ္ဓဘာသာဝင်တွေ နေ့စဉ် ကြားနေကျ ရွတ်ဆိုသံပါ။ အဲဒီ မေတ္တာပို့မှာ (၁၁) ချက်ပါဝင်ပြီး ပထမ (၈) ချက်ကိုကြည့်ရင် သတ္တ၀ါတွေ ချမ်းသာရေး လွတ်မြောက်ရေး ဘေးအန္တရာယ်ကင်းဝေးရေးတို့ကို ဦးတည်ပါတယ်။ ဒါ့ထက် လူ့အခွင့်အရေးတင်မက သတ္တ၀ါတွေရဲ့ အခွင့်အရေးကိုပါ ရည်ရွယ်ဖော်ညွှန်းပါတယ်။
၁။ လုံးစုံများစွာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ၂။ ကြောက်တတ် မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ၃။ မြင်အပ် မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ၄။ ဝေးနေနီးနေ၊ နှစ်ထွေများစွာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ၆။ ရှည်တိုအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ၇။ ကြီးငယ်အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ၈။ ဆူကြုံအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ
ခရစ်ယာန် ဘာသာရေး အခြေခံအတွေးအခေါ်တစ်ခုဖြစ်တဲ့ 'လူအားလုံးကို ဘုရားသခင်က တူညီစွာ ဖန်ဆင်းထားသည်' ဆိုတဲ့ စကားရပ်ဟာ အနောက်တိုင်း နိုင်ငံရေးအယူအဆတွေအပေါ် အများကြီး လွှမ်းမိုးခဲ့ပြီး အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းမှအစ ဒီကနေ့ လူ့အခွင့်အရေးကိစ္စတွေအထိ ဩဇာညောင်းနေဆဲပါပဲ။ ဗုဒ္ဓရဲ့ မေတ္တာသုတ်ကိုကြည့်ရင်လည်း လူတွေငြိမ်းချမ်းဖို့တင်မက သတ္တ၀ါကြီးကြီးသေးသေး ခန္ဓာရှိသူ အားလုံး အန္တရာယ်ကင်းစေဖို့ ငြိမ်းချမ်းစေဖို့ ဆော်ဩထားတာ တွေ့ရပါတယ်။ ဒါဟာ သတ္တ၀ါကိုယ်စီရဲ့ ဖြစ်တည်ခွင့်ကို ရပ်ခံထားတာဖြစ်ပြီး၊ လူအခွင့်အရေးတင်မကပဲ သတ္တ၀ါကိုယ်စီမှာလည်း အခွင့်အရေးကိုယ်စီ (Right) ရှိနေတာမို့ လေးစားဖို့လိုကြောင်း ပြောထားတာပါ။ အထက်က ဆရာတော်ကြီးရဲ့ မေတ္တာပို့ (၈) ချက်ကို အသေအချာကြည့်ရင် အဲဒီသဘောကို အထင်အရှားတွေ့နိုင်ပါတယ်။
ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်က ကောင်းကင်နဲ့မြေကြီး၊ အလင်းနဲ့ အမှောင်မှအစ ရေမြေ တိရစ္ဆာန် သစ်ပင် တောတောင် လူသား အရာအားလုံးကို ဖန်ဆင်းထားတယ်။ ဒီအချက်က လူသားနဲ့ သဘာဝဟာ ဖန်ဆင်းရှင်ကြောင့် ဆက်နွယ်တော်စပ်နေတာကို ဖော်ပြပါတယ်။ လူဟာ မိမိအပါဝင် ဖန်ဆင်းခံထားရတဲ့ သဘာဝအားလုံးကို လေးစား တန်ဖိုးထားဖို့ တာဝန်ရှိပါတယ်။ အလားတူ ဗုဒ္ဓရဲ့ မေတ္တာသုတ်မှာ ဖော်ပြထားတာတစ်ခုကလည်း စိတ်ဝင်စားစရာပါ။ မိခင်က သူ့ဝမ်းနဲ့ လွယ်မွေးခဲ့ရတဲ့ တစ်ဦးထဲသောသားကို ချစ်မြတ်နိုးသလို၊ လူသားဟာ အခြားလူတွေနဲ့ သတ္တ၀ါတွေ အပေါ်မှာ မေတ္တာထား စောင့်ရှောက်ရမယ်ဆိုတာပါ။ မေတ္တာကို လိုက်နာကျင့်သုံးသူဟာ လောက သဘာဝရဲ့ မိခင် ဖြစ်တယ်လို့လည်း ဆိုလိုပါတယ်။
နောက် ဆရာတော်ကြီးမေတ္တာပို့တဲ့ နောက်ဆုံး (၃) ချက်က လူအချင်းချင်းလှည့်ပတ်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတို့မှ ကင်းစင် လွတ်မြောက်ရေး (liberty) ကို ရည်ရွယ်ဦးတည်တာ တွေ့ရပါမယ်။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်း ကြပါစေ ၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်း ကြပါစေ ၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်း ကြပါစေ
အရှေ့တိုင်းအတွေးအခေါ် တော်တော်များများက လူ့ဘ၀ကို ဒုက္ခလို ယူဆပြီး၊ အဲဒီဒုက္ခမှ လွတ်မြောက်ဖို့ ကြိုးစားရှာဖွေကြတာ ဖြစ်ပါတယ်။ အနောက်တိုင်း အတွေးအခေါ်တွေကတော့ နိုင်ငံနဲ့ လူတစ်ဦးချင်း ဘယ်လိုနေမလဲ၊ လူတစ်ဦးချင်းကို အုပ်ချုပ်သူက မလွှမ်းမိုးနိုင်အောင် မဖိနှိပ်နို်င်အောင်၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ဆင့်ကဲစဉ်းစားခြင်း ဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးအပေါ် အုပ်ချုပ်သူတွေက မလှည့်ပတ်နိုင်အောင်၊ မညှဉ်းဆဲနိုင်အောင် ဥပဒေတွေ အင်စတီကျူးရှင်းတွေနဲ့ အပြန်အလှန်ထိန်းကျောင်းဖို့ တွေးခေါ်ဆောင်ရွက်ကြတာဖြစ်တယ်။ ဒီမိုကရေစီဆိုတဲ့စကားက အရေးကြီးသလို၊ တစ်ဦးချင်းလွတ်လပ်ခွင့် လစ်ဘာတီ (Liberty) ဆိုတဲ့ စကားကလည်း အသက်တမျှ အရေးကြီးပါတယ်။
လစ်ဘာတီဆိုတာ လူတစ်ဦး ပရမ်းပတာ အထိန်းအကွပ်မဲ့ လွတ်လပ်မှုကို ဆိုလိုတာ မဟုတ်ပါ။ လူအပေါ် လူချင်း လှည့်ပတ်မှု၊ ဖိနှိပ်ညှဉ်းဆဲမှုတို့ ကင်းစင်လျော့ကျရေး (to minimize coercion) ကို ဆိုလိုတာပါ။ လူတစ်ဦးကို အင်အားကြီးသူတစ်စုက လှည့်ပတ်နှိပ်စက်မှု၊ လူနည်းစုအပေါ် လူများစုက နိုင်လိုမင်းထက် ပြုမူမှုတွေ လျော့ကျစေရေးကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် တစ်ဦးချင်းပိုင်ခွင့်အပေါ် အစိုးရတွေက ၀င်ရောက်စွက်ဖက်ခွင့်မရှိတာဟာ လစ်ဘာတီပါ။ အဲဒီ တစ်ဦးချင်းလွတ်လပ်ခွင့် လစ်ဘာတီနဲ့ လူများစု အစိုးရ (self-government) ပေါင်းစပ်ထားတဲ့စနစ်ကိုပဲ 'လစ်ဘရယ် ဒီမိုကရေစီ' လို့ ခေါ်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ 'လစ်ဘရယ်' ဟာ အချို့ပုံဖျက်ပြောသလို အချောင်ဝါဒ မဟုတ်ပါ။ တစ်ဦးချင်းအပေါ် အာဏာပိုင် က ကောက်ကျစ် ညစ်ပတ် နှိပ်စက်မှု မလုပ်နိုင်တဲ့အခြေအနေကို ရည်ညွှန်းတာပါ။ လူအများ တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်ဟာ တခါတရံမှာ လူအများစု အနိုင်ကျင့်မှု (tyranny of majority) ဆီ ဦးတည်သွားတတ်တဲ့ သဘောရှိပါတယ်။ ဥပမာ၊ ဂရိဒီမိုကရေစီဟာ ဆော့ခရတ္တိကို သတ်ခဲ့တယ်၊ အာဏာရှင် ဟစ်တလာ နဲ့ မီလိုဆဗစ် တို့ဟာ ရွေးချယ်ခံတွေ ဖြစ်တယ်။ ဒီဖြစ်ရပ်တွေကြောင့် နိုင်ငံသားတစ်ဦးချင်းစီနဲ့ လူနည်းစု အုပ်စုတွေကို ကာကွယ်ဖို့ လူ့အဖွဲ့အစည်းအတွင်း လစ်ဘာတီက မရှိမဖြစ်လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လစ်ဘာတီဟာ တကယ့် ရှားပါးပစ္စည်းပါပဲ။ တည်ဆဲဥပဒေတွေက လူတစ်ဦးချင်းကို အကာအကွယ်ပေးဖို့ထက် နည်းပေါင်းစုံနဲ့ ညစ်ပတ်ဖို့ နှိပ်စက်ဖို့ တည်ထွင်ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးဦးကို အကြောင်းတစ်ခုခုနဲ့ အချိန်မရွေး တရားစွဲအရေးယူနိုင်တဲ့ အခြေအနေတွေပါပဲ။ ဒါပေမဲ့ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေ နေ့စဉ်ရွတ်ဆိုနေတဲ့ မင်းကွန်းဆရာတော်ဘုရားရဲ့ မေတ္တာပို့ နောက်ဆုံး (၃) ချက်မှာ လူအချင်းချင်း လှည့်ပတ်ခြင်း၊ ဖိနှိပ်ခြင်း၊ ဆင်းရဲဒုက္ခရောက်စေခြင်း ကင်းဝေးတဲ့ လစ်ဘာတီကို ရည်ညွှန်းတာ တွေ့ရပါတယ်။
မေတ္တာသုတ်မူရင်းပါဠိမှာတော့ "န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ နံ ကံစိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ" ။ အဓိပ္ပါယ်က "တစ်ယောက်နဲ့ တစ်ယောက် မလိမ်လည် မလှည့်ဖြားကြပါစေသား၊ တစ်ယောက်က တစ်ယောက်အပေါ် ဘယ်နေရာဌာနမှာမှ ဘယ်အလုပ်ကိစ္စမှာမှ အထင်သေးအမြင်သေး မဖြစ်ကြပါစေသား။ ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို ချုပ်ချယ်ထိပါးလိုသော အလိုဖြင့် တစ်ယောက်နဲ့ တစ်ယောက် ဆင်းရဲဒုက္ခ မလိုလားကြပါစေသား" ။ ဒီသုံးချက်စလုံးက လူတစ်ဦးချင်းအပေါ် အကာအကွယ်ပေးလိုမှုကို ဦးတည်ထားတာ ထင်ရှားပါတယ်။ ဒါကြောင့်လည်း စစ်အာဏာရှင်စနစ် အဖိနှိပ်ဆုံး အချိန်မှာ သံဃာတွေက ဆရာတော်ဘုရားရဲ့ လစ်ဘာတီမေတ္တာပို့ လင်္ကာလေးကို အားမာန်ပါပါ ရွတ်ဆိုကြွေးကြော်ခဲ့ကြတာဟာ မမေ့နိုင်တဲ့ ထူးခြားမြင်ကွင်းပါ။
လစ်ဘာတီ ဆိုရာမှာ တရားမျှတမှု၊ တော်တည့်မှန်ကန်တဲ့ဥပဒေ၊ ထိရောက်ထက်မြတ်တဲ့ အင်စတီကျူးရှင်း စာတာတွေ ပါပါတယ်။ ဗုဒ္ဓရဲ့ မေတ္တာသုတ်မှာ လိမ်လည်ကောက်ကျစ်မှု မရှိမှု၊ ရိုးဖြောင့်မှု၊ မာန်မာန မရှိမှု၊ ရောင့်ရဲနိုင်မှု၊ ဣနြေ္ဒရှိမှု၊ ရင့်ကျက်တဲ့ ပညာရှိမှု၊ ကိုယ်နှုတ်နှလုံး မကြမ်းတမ်းမှုတွေဟာ မရှိမဖြစ်တွေလို့ ပါပါတယ်။ လစ်ဘာတီ ရော မေတ္တာသုတ်မှာပါ အခြေခံအားဖြင့် လူအချင်းချင်းလှည့်ပတ်မှုနဲ့ အားကြီးသူက အားငယ်သူအပေါ် အနိုင်ကျင့်မှုတွေကို အထူးတားမြစ်ထားပါတယ်။
မကြာခင်က ဒေါ်အောင်ဆန်းစုကြည် တောင့်တပြောဆိုခဲ့တဲ့ 'မေတ္တာနိုင်ငံတော်' ဆိုတာကလည်း လူအချင်းချင်း လှည့်ပတ်မှု၊ အနိုင်ကျင့်ဖိနှိပ်မှု ကင်းဝေးတဲ့ နိုင်ငံတော်ကို ရည်ရွယ်သလားလို့ တွေးမိပါတယ်။ 
 
ရဲမြင့်ကျော်
Democracy Toady , September 27, 2016

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...