Friday, September 2, 2016

၃၁ - သြဂုတ် မျှော်ချင်း


လွမ်းချင်းလည်း ငါ မဆို
အိုင်ချင်းလည်း ငါမရေး
အဲချင်းလည်း ငါ မသီ
ခု
ငါ့တိုင်းပြည်အတွက်
"မျှော်ချင်း "သက်သက် ကဗျာသစ်
ရင်ထဲက ကို ဖြစ်တည်လာ
ဆွေ မြန်မာတို့ထံ စာသဝဏ်။


၁၉၄၈
ငါတို့ လူမဖြစ်သေးချိန်
နယ်ချဲ့ လှောင်အိမ်ကလွတ်ခဲ့ ။
အဲဒီကတည်းက
ပြည်နယ် ပြည်မအနှံ့ သွေးကွဲ
အိုးမဲတောင်မသုတ်ပဲ ခွပ်လက်ပြ
ရန်ကုန် အစိုးရဖြစ်တဲ့ အထိ
ငါတို့ဘိုးဘေးတွေ
တဝကြီး မိုက်ခဲ့သတဲ့။

ခု
၂၀၁၆ ဆို
ငါတို့ အသက်တွေ တောင် နေညို
သမိုင်းဆိုတာ ဖာတရာထပ်
ဘိုးဘေးတို့ အမွေ မိုက်ဇာတ်
က တတ်တိုင်း က မိဆဲ
စစ်ပွဲတွေက တရားရား မရားရား
အလကား ပျောက်ပျက်
ငါတို့ ညီနောင်သားချင်း အသက်တွေ။
ခုဆို
ငါ့ အဖြစ်က
သိပ်ချစ်စရာကောင်းပါလျက်
ငါ့သားကို ငါကိုယ်တိုင်စစ်ထဲထည့်
သေမင်းလက် အပ်သလိုလုပ်
သမိုင်းအရှုပ်ကို ရှင်းဖို့ထား
ကြွင်းကျန်နိုင်ငံတော် ပြိုမသွားဖို့
ရင်း ထားလိုက်ပြန်ပါရော ။

ငါစဉ်းစားတယ်
ငါသားကို ငါ သိပ်ချစ်သလို
ငါ့  တိုင်းပြည်ကိုလည်း ချစ်
ဘယ်သူ့ပိုချစ်သလဲ
ငါမဝေခွဲနိုင်ဘူး
ငါ စိတ်စွဲ နေတာက
ဒီတိုင်းပြည် မရှိပဲ
ငါလည်း မရှိနိုင်ဘူး
မင်း လည်း မရှိနိုင်ဘူး
ဘယ်သူမျှ မရှိနိုင်
မင်းလည်း မနိုင်ဘူး ငါ့ကို
ငါလည်း မနိုင်ဘူး မင်းကို
သတ် ဆိုလို့သာ သတ်ရ
မင်းက ငါ့ညီ
ငါသည် မင်းအစ်ကို
သူစိမ်း တိုင်းတပါးသား မဟုတ်မှန်းသိ
ငါ နိုင်လည်း ပျော်စရာ မရှိ
အားကိုးရာမဲ့ မင်း မိသားစုကိုကြည့်
ငါ ရှုံးလည်း မင်း ပျော်သလား
ငါ့ အလောင်းတောင်မတွေ့ရတဲ့ ငါ့မိသားစု မျက်ရည်ကြား
ညီလေး မှန်သလား
ငါ့သားကမင်းတူ မင့်းသားကငါ့သွေး
သူတို့ လေးတွေ လက်ထဲ
ငါတို့ အမွေဆိုးကို လွှဲ အပ်
မိုက်ဇာတ် မခင်းစေသင့်တော့ ။

ငါတို့က ည ရောက်တော့မယ်
နောက်တစ်နေ့နံနက် အသစ်
ချိုးငှက်ကူသံ
လေညင်း ခံရင်း
ပန်းမာလ်ရနံ့ ဆွတ်ပျံ့ သာကြည်
ငါတို့ အုတ်ဂူဆီမှာ
သူတို့ ညီအစ်ကို လည်ပင်းဖက်
ငါတို့ အတွက် အမျှဝေ
အဖေတို့ သိပ်သတ္တိကောင်းသကွ လို့
သား တို့ ဂုဏ်ယူစေကြ ဖို့ 
သေနတ် ရော မိုက်သွေးပါ စွန့် 
ငါတို့  မရဲဝံ့စဖူး ရဲဝံ့စွာ
ငြိမ်းချမ်းရေး ယူပါ စို့။ ။

သတ္တိရှိစွာဖြင့်
သစ္စာနွေဦး
၃၁ သြဂုတ် ၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...