Monday, September 5, 2016

ပုံပြင်ထဲက အမေအို

Kyaw Thurein 

ဟိုးရှေးရှေးတုန်းက အင်မတန်ရက်စက်တဲ့ ဓါးပြကြီးတစ်ယောက်က ရွာလေးတရွာကို ဓါးပြ၀င်တိုက်သတဲ့ ၊ ဓါးပြဆိုမှတော့ ဘယ်မေတ္တာတရားရှိမလဲကွယ် ရွာထဲရှိတာ အကုန်သိမ်းကြုံးယူသွားတာပေါ့ ၊ မကြည်ဖြူလို့ မပေးချင်တဲ့သူဆိုရင် သူက ဓါးနဲ့ ပိုင်းပစ်တော့ သူယူသမျှပေးလိုက်ကြရတာပေါ့ ၊ ဒီလိုနဲ့ ရွာကနေ ဓါးပြကြီး ထွက်သွားတော့ သတ္တိရှိပြီး ဇွဲကောင်းတဲ့ အမေအိုကြီးတစ်ယောက်က လူငယ်တွေကို ခေါ်ပြီးပြောသတဲ့ ၊ ကဲလူလေးတို့ရေ ဒီဓါးပြကြီး ဒီလောက်ပစ္စည်းတွေ အများကြီးသယ်ပြီး တယ်ဝေးဝေးတော့သွားနိုင်မှာ မဟုတ်ဘူး သူပင်ပန်းတဲ့အခါ ချခဲ့တဲ့ ပစ္စည်းလေးများ ဒို့ ပြန်ရအောင် လိုက်ကြရအောင် ခေါ်သတဲ့ ၊
အဲဒီမှာ အားကောင်းမောင်းသန် ရွာလူငယ်တွေက "ဟာ အမယ်ကြီးကလဲ ဥာဏ်မရှိဘူးလား ဒီလောက်ရက်စက်တဲ့ ဓါးပြကြီး ကျွန်တော်တို့ကို မြင်ရင် သတ်မှာပေါ့ ၊ ကျွန်တော်တို့က လူငယ်တွေ ရှေ့လျောက်လူလုပ်ဖို့ အများကြီးကျန်သေးတယ် အမယ်ကြီး ကိုယ့်အသက်မနှမျောရင် ကိုယ့်ဖာသာလိုက်ပါလား" လို့ ပြန်ပြောပြီး ရွာမှာနေရစ်ကြသတဲ့ ၊ အမေအိုကြီးလဲ လူငယ်တွေကို စည်းရုံးမရတော့ သူ့ဖာသာပဲရှိသလောက်အားအင်နဲ့ ဓါးပြကြီးနောက်ကို တရွေ့ရွေ့နဲ့ လိုက်သွားတော့တာပေါ့ကွယ် ၊ ဒီလိုနဲ့ ရွာတော်တော်များများ ဖြတ်လာပြီးတဲ့အခါမှာ ဓါးပြကြီးလဲ အတော်လေး မောပန်းလာပြီး ပါလာသမျှ အထုပ်တွေထဲက သူသိပ်မလိုအပ်တာတွေ ပစ်ချထားခဲ့တာပေါ့ ၊ ဒါကို နောက်အတော်လှမ်းလှမ်းက လိုက်လာတဲ့ အမေအိုကြီးက ပြန်ကောက်လာပြီး အားရ၀မ်းသာနဲ့ ရွာကိုပြန်လာခဲ့တယ် ၊ ရွာကလူငယ်တွေကို ခေါ်ပြီး ရလာတဲ့ပစ္စည်းတွေနဲ့ ရွာအတွက်လိုအပ်တာတွေ ပြန်ပြင်ဆင်ဖို့ သုံးကြရအောင် နစ်နာတဲ့မိသားစုတွေအတွက်လဲ ကူညီထောက်ပံ့ကြတာပေါ့လို့ ခေါ်တိုင်ပင်သတဲ့ ၊ အဲဒီမှာ ရွာမှာချန်နေရစ်ခဲ့တဲ့ အားကောင်းမောင်းသန် လူငယ်တွေကလက်မခံပဲ သူတို့နဲ့ ဆိုင်တဲ့ ပစ္စည်းတွေကို သူတို့ဆီပဲ ပြန်ပေးဖို့ တောင်းဆိုသတဲ့ ပြီးတော့ ပြောကြသေးတယ် "ဒီမယ် အမယ်ကြီး ကျွန်တော်တို့က အမွေတောင်းနေတာမဟုတ်ဘူး ဓါးပြတိုက်လို့ ပါသွားတဲ့ ပစ္စည်းတွေမို့ ကိုယ့်ရပိုင်ခွင့် ကိုယ်ပြန်တောင်းနေတာ" လို့ ဆိုကြသတဲ့ ၊ တကယ်တော့ ဒီပစ္စည်းတွေပြန်ရဖို့ တရွေ့ရွေ့နဲ့ စိတ်ရှည်လက်ရှည် ဇွဲကောင်းကောင်းနဲ့ သက်စွန့်ဆံဖျား လိုက်သွားခဲ့တာ ဒီအမေအိုကြီးတစ်ယောက်ထဲပါ ခုတော့ သူတို့က ဒါသူတို့နဲ့ ဆိုင်တဲ့ ရပိုင်ခွင့်မို့ အမေအိုကြီး စိတ်တိုင်းကျ စီမံခွင့် မပြုနိုင်ဘူးတဲ့ ၊ တကယ်တော့ သူတို့ကို အနိုင်ကျင့် ဓါးပြတိုက်ခဲ့တဲ့ ဓါးပြကြီးက ခုထိသက်ရှိထင်ရှားနဲ့ ရွာစဉ်တန်း တလျောက် တရွေ့ရွေ့ သွားနေတုန်းပါပဲ ၊ ဒါကိုတော့ ကလဲစားချေဖို့ နေနေသာသာ စိတ်နဲ့တောင် မပစ်မှားရဲပဲ ၊ အချိန်ကုန်ခံ အသက်အန္တရာယ် စွန့်စားပြီး မောကြီးပမ်းကြီး အထုပ်ဆွဲပြန်လာတဲ့ အမေအိုကြီး အပေါ် သတ္တိတွေ ကောင်းပြနေလိုက်ကြတာ ၊ အမြင်မတော်လွန်းလို့ ကျွန်တော်လေ ဓါးပြကြီးကိုတောင် သွားပြေးပြန်ခေါ်ချင်စိတ် ပေါက်မိတယ်...................။
Aung Ko Ko Thwin
https://www.facebook.com/akkthewin/posts/10209508225849754
Illustration Credit to the Original Creator(s)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...