"တရား..တက်တယ်ဆိုတာ"
ခန္ဓာ-၅ပါး တစ်ဦး
နေ့စဉ် ဝိပဿနာ အားထုတ်ကြတဲ့ ဓမ္မမိတ်ဆွေတို့ မှာ ဖြစ်လေရှိတဲ့ ပြသနာကတော့ ဒီနေ့မှာတော့ တရားရှုမှတ်ရတာကောင်းလိုက်၊
နောက်ရက်မှာ ဖြင့် ရှုမှတ်ရတာမကောင်းလိုက်၊ တစ်ထိုင်အတွင်းမှာဘဲ ပထမ
၁၅မိနစ် လောက်ဘဲ.. ရှုမှတ်လို့ ကောင်းပြီး.. နောက်ပိုင်းတွေမှာ ရှုမှတ်လို
့မကောင်းတာတွေ ဖြစ်ကြတဲ့ ဓမ္မမိတ်ဆွေများရှိမှာပါ။
တစ်ချို့ လည်း တရားသာ ထိုင်ပြီး ရှုမှတ်ပြီးသာနေရတယ်.. ဘယ်တော့တရားတက်မလဲ. ..ဘယ်တော့တရားရမလဲပေါ့နော်။
တရား ရဖို့ ဆိုတာက.. တရားတဲ့နည်းနဲ့ သွားမှ တရားရတာပါ။
ဒါကတော့ ဖြစ်စဉ်ကို ပြောပြတာပါ။ အရင်ဘဝတွေက ပြုခဲ့တဲ့ ပါလာခဲ့တဲ့ ပါရမီရှင်တွေနဲ့ တော့ မနှိုင်းနဲ့ ပေါ့။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကဆို တရားနာယုံ နဲ့  တရားထူးရတဲ့ ပုဂ္ဂိုလ်တွေ၊ သောတာပန်က စလို့ သကဒါဂမ် ၊ အနာဂမ်၊ရဟန္တာတွေ ဖြစ်ကြတဲ့ လူ၊နတ်၊ဗြဟ္မာ သတ္တဝါတွေ မရေတွက်နိုင်အောင်ပါဘဲ။
အခုမျက်မှောက်ခေတ်မှာလည်းရှိပါတယ်။ ရက်တိုတို လေးနဲ့ တရားထူးရသွားတဲ့ ပုဂ္ဂိုလ်အချို့ လည်းရှိပါတယ်။ဆုံလည်းဆုံဘူးပါတယ်။ သူတို့ မှာ ပါလာတဲ့ ပါရမီမျိုးစေ့ လို့ ဆိုရမှာပေါ့။ ကိုယ့်မှာ အဲဒီလို မျိုးစေ့ ပါမလာဘူးဆိုပြီး စိတ်ဓာတ်ကျစရာတော့ မလိုပါဘူး။ ကိုယ့်လုပ်နေတာကို စွဲစွဲမြဲမြဲအားထုတ်ရင်းနဲ့ ကိုယ့်ရဲ့ ဝိပဿနာ မျိုးစေ့ ကို ကိုယ့်ဖာသာကိုယ် ထူထောင်ရတာပါ။ စိတ်ချ..ဆုတောင်းယုံ နဲ့ တော့ မပြည့်ပါဘူး။

တရားတွေတက်လာဖို့ အတွက်......
ဓမ္မမိတ်ဆွေတို့ က တရားအားထုတ်တဲ့အခါမှာ ပုထုဇဉ် ဆိုတော နာတဲ့ဒုက္ခကို ကြောက်တယ်။( တစ်ချို့ ချွင်းချက်ပေါ့နော်..,နာတာကို ကြိုက်တဲ့လူရှိတယ်.. သူကတော့ လောဘ စိတ်များတဲ့လူ၊သူများထက် ငါ စွဲ စွဲတဲ့ လူတွေ အဖြစ်များပါတယ်)။
ထားပါတော့....နာတာ သိတော့ ဒုက္ခ လို သတ်မှတ်လို့ ရပြီ..
ဒုက္ခ ကလွတ်ချင်ရင် ဘာကိုမြင်အောင်ကြည့်ရမလဲ ဆိုတော့..
ဒုက္ခ ကိုမြင်အောင်ကြည့်ရပါမယ်။
ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားပါ။
ဒုက္ခ ဆိုတာ ပယ်ရမယ့်တရား မဟုတ်ပါဘူး။သိရမယ့်တရားပါ။
ဒါပေမဲ့ ပုထုဇဉ်တွေက ဒုက္ခ ကို ပျောက်ချင်လို့ ပယ်နေတယ်။ဒုက္ခ ကို ပျောက်ချင်နေတယ်။အဲဒီတော့.. တော်ယုံ ညောင်းရင် ပြင်တယ်။ ယားရင် ကုတ်မိတယ်။
ဒုက္ခသစ္စာ ဆိုတာ သည်းငြီးခံ မှတ်မှ သိမှာ။သူ့ ရဲ့ သဘောလေးကို သိနေရမှာ.....
အဲဒါကို ဓမ္မမိတ်ဆွေတို့က မနာမကျင်ပဲ နဲ့ ထိုင်ချင်တယ်ဆိုကတည်းက ဒုက္ခကိုပယ်နေတာ။
သိရမယ့်တရားကို ပယ်နေရင်...
ဘယ်တော့မှမသိဘူး။
မသိရင်...ဒုက္ခက မလွတ်ပါဘူး။
ဒုက္ခသစ္စာဆိုတာ သိရမယ့်တရားဆိုရင် ဟောစဉ်မှာ သိရမယ့်တရား...ပါ။
တရားအားထုတ်တဲ့အခါမှာတော့ သည်းငြီးခံမှတ်ရပါတယ်။ အဲဒါကို ညောင်းရင်ပြင်လိုက်၊ ယားရင်ကုတ်လိုက်နဲ့။
တချို့ က..;တစ်နာရီ လုံးလုံး မပြင်ပဲ နဲ့ ထိုင်ရင်..အဲဒါ..ကိုယ့်ကိုယ်ကို ညှင်းဆဲတာတဲ့။
တစ်ခါမှ တရားအားမထုတ်ဖူးတဲ့ ဓမ္မမိတ်ဆွေတို့ အတွက်ကတော့ အကျင့်မရသေးခင်မှာ ညောင်းလာရင် ပြင်ထိုင်သင့်ပါတယ်။
အကျင့်ရလာပြီဆိုရင်တော့ တရားရဖို့ တရားတဲ့ နည်းနဲ့ သွားရတာပါ။ပြောသလောက်သာလွယ်လွယ်ကူကူ ရရင်တော့ .. မြတ်စွာဘုရားက ခုလို ဒုက္ခသစ္စာတောင် ဟောခဲ့မှာမဟုတ်ပါဘူး။
အဓိက အခုပြောချင်တာက ဒုက္ခဟာ သိရမယ့် တရားဖြစ်ပါတယ်။
ဥပမာ ဆံပင်တွေဖြူလာတာ ဒုက္ခလား၊ သုခလား။
သံဝေဂ နဲ့ ကြည့်ပါ။
ဒုက္ခကို သိအောင်လုပ်ပါ၊ အဲဒီဒုက္ခကို မသိဘဲ ဆံပင်ဆေးဆိုး နေတာက ဒုက္ခ ကို ရှောင်နေတာပါ။
အဲဒီတော့ ဒုက္ခကို သံဝေဂဉာဏ်လေး နဲ့ မြင်အောင်ကြည့်တတ်ရင် ဒုက္ခကို သိလာမှာပါ။
ဝိပဿနာ အားထုတ်တဲ့ ဓမ္မမိတ်ဆွေတို့ ဟာ တစ်ယောက် နဲ့ တစ်ယောက်က တော့ မတူပါဘူး။
အားထုတ်တဲ့ပုဂ္ဂိုလ်မှာ (၄)မျိုးရှိပါတယ်။
ဒုက္ခပဋိပဒါခိပ္ပါဘိညာ၊
ဒန္ဓာဘိညာ၊
သုခပဋိပဒါ ခိပ္ပါဘိညာ၊
ဒန္ဓာဘိညာ ပုဂ္ဂိုလ်လေးမျိုးဆိုပြီးရှိပါတယ်။
ဆင်းဆင်းရဲရဲအားထုတ်ပြီး မှ တရားတက်နှေးတာ ရှိတယ်။ တရားတက်မြန်တာရှိတယ်။
ချမ်းချမ်းသာသာအားထုတ်ရပြီး တရားတက်နှေးတာ၊ တရားတက်မြန်တာရှိတဲ့အတွက်...
ဓမ္မမိတ်ဆွေ က "ဒုက္ခပဋိပဒါ" ဆိုရင် ထိုင်တာ နဲ့ နာပြီသာမှတ်လိုက်တော့။
အဲဒါ ဘာနဲ့ ဆိုင်သလဲဆိုတော့..
သမထ ဘာဝနာ လုပ်ခြင်းမလုပ်ခြင်း၊ အကုသိုလ် များခြင်း၊ မများခြင်းနှင့်ဆိုင်ပါတယ်။
သမထ ဘာဝနာ လုပ်ထားတဲ့ ပုဂ္ဂိုလ် ဟာ ထိုင်တဲ့အချိန်မှာ ချမ်းချမ်းသာသာထိုင်ရတယ်။ ချမ်းချမ်းသာသာ ထိုင်နိုင်တယ်။
အတိတ်တုန်းက..အတိတ်ဆိုတာ အရင်ဘဝ ကိုပြောတာမဟုတ်ဘူး...တရားအားထုတ်မဲ့ပုဂ္ဂိုလ်ဟာ...
မထိုင်ခင်မှာ မေတ္တာလေးပို့မယ်၊ ဂုဏ်တော်လေးပွားမယ်။
ဥပမာ..စကြံလျှောက်မှတ်နိုင်လည်း မှတ်ပေါ့။အကယ်၍ ရေရှည်အားထုတ်လာတဲ့အခါမှာ ၂၄နာရီ မမှတ်နိုင်တဲ့အခါမျိုးကျရင်၊ ဝိပဿနာမရှုမမှတ်နိုင်တဲ့အချိန်မှာ မေတ္တာပို့၊ ဂုဏ်တော်ပွားတာ သမထ ဘဲ။ ထိုင်လည်းထိုင်ရော ဘာဖြစ်လာလဲ။ချမ်းချမ်းသာသာထိုင်ရတယ်။
အရှင်းဆုံးနည်းက
အကုသိုလ်များတဲ့သူ ဆင်းရဲတာဘဲ။
အကုသိုလ်နည်းတဲ့သူ ချမ်းချမ်းသာသာထိုင်ရတယ်။
ဒါကြောင့် ဆင်းရဲခြင်း၊ ချမ်းသာခြင်းဟာ သမထ၊ ကုသိုလ် အကုသိုလ် နဲ့ ဆိုင်ပါတယ်။
တရားတက် မြန်တယ်၊
တရားတက်နှေးတယ် ဆိုတာက
ဗဟုသုတ နဲ့ လည်းဆိုင်ပါတယ်။ တစ်နည်းအားဖြင့် "ဉာတပရိညာ" နဲ့ ဆိုင်တယ်။
ဘာလုပ်ရမလည်းဆိုတော့ တရားလည်းနာရမယ်။ တရားလည်းအားထုတ်ရမယ်။
တရားမနာဘဲ နဲ့ တရားရတဲ့ ပုဂ္ဂိုလ် ဆိုတာ ဒီလောကမှာ မြတ်စွာဘုရားတစ်ပါးသာရှိပါတယ်။ ဒီတော့ တရားအားထုတ်ရင်း တရားနာရပါတယ်။
တစ်ချို့ က ငါးနာရီ၊ ခြောက်နာရီ မပြင်ပဲထိုင်ပါတယ်။ တရားထိုင်တယ်ဆိုတာ လောဘ၊ ဒေါသ နည်းအောင်ထိုင်တာပါ။
မမှတ်နိုင်ပဲနဲ့ ကျိတ်မှိတ်ခံနေလို့ရှိရင် ဒေါသဘဲတိုးလာမှာပါ။။အဲဒီတော့ ထိုင်ခါစပုဂ္ဂိုလ်ဟာ ထိုင်နိုင်ဖို့ကို ဦးမတည်ရပါဘူး။မှတ်နိုင်ဖို့ကို ဦးတည်ရပါမယ်။
တရားဆိုတာ.....
ထိုင်နိုင်လို့၊ ထိုင်တာကြာ ရတာမဟုတ်ပါဘူး။
မှတ်နိုင်လို့ရတာ..ပါ။
ထိုင်နိုင်တာကို အပြစ်မပြောပါဘူး။မှတ်လည်း မှတ်နိုင်တယ်၊ ထိုင်လည်းထိုင်နိုင်တယ် ဆိုရင်တော့ အကောင်းဆုံးပါဘဲ။
မထိုင်နိုင်ခင်မှာ ဘာကိုဦးစားပေးရမှာလဲ။မှတ်နိုင်ဖို့ကိုဦးစားပေးရပါမယ်။
များသောအားဖြင့်...
ဓမ္မမိတ်ဆွေတို့ မှာ ဖြစ်လေ့ရှိတာက..
"သူများတွေကတော့ ထိုင်နိုင်တယ်။ငါကတော့ မထိုင်နိုင်ဘူး"....။
ကျိတ်မှိတ်ထိုင်မယ် ဆိုတော့ ဒေါသဘဲ တိုးလာမှာပါ။
အဲဒီတော့ ဘယ်လိုဖြစ်သလဲဆိုတော့…… မဟာစည်နည်း ကလည်းကွာ။ ကောင်းတယ်ဆိုလို့လာထိုင်တာ။ အောင်မလေး နာလိုက်၊ ကျင်လိုက်တာ..ငါအိမ်ပြန်ပြေးချင်ပြီ။
တရားစခန်း ၁၀ ရက်ပြည့်တော့ ဘာသိလဲ။ငါတော့ ဘာမှမသိပါဘူး။ ငါဖြင့် နာတာကျင်တာဘဲသိတယ်ဆိုရင်တော့ အများကြီး နစ်နာပါတယ်။
တရားရှာဖို့ သွားတဲ့ လူတိုင်းလူတိုင်း ဒုက္ခ တွေ့ စမြဲပါ။ ဒုက္ခ နဲ့ အရင်ဆုံး မဆုံတဲ့လူ မရှိပါဘူး။
အရေးကြီးတာက မှတ်နိုင်သရွေ့ မှတ်ပါ၊ မမှတ်နိုင်ရင် အမှတ်ကလေးနှင့်ပြင်ပေါ့။ အဲဒီလို ထိုင်ယင်း နဲ့ ဘဲ ဒီတစ်ချိန်မှာ နာရီဝက်မှာပြင်တယ်ဆိုရင်၊ နောက်တစ်ချိန်ထိုင်တဲ့ အခါ နာရီဝက်ထက်ကျော်အောင်မှတ်မယ်ဆိုတဲ့ နှလုံးသွင်းတော့ရှိရပါမယ်။ ဒါမှ တဖြည်းဖြည်း နဲ့ တိုးမှတ်နိုင်မှာပါ။ဒါကြောင့်မို့လို့ အဓိကက ထိုင်ခါစမှာ ထိုင်နိုင်ဖို့ ထက် မှတ်နိုင်ဖို့..ပါ။
ဘာကိုဦးတည်ထားရမလဲဆိုတော့ မှတ်နိုင်ဖို့ကို ဦးတည်ထားရပါမယ်။
တကယ်တန်းကျ...
အဲဒီလို မှတ်နေတဲ့ "အာရုံ နဲ့  မှတ်စိတ်"လေးဟာ " ကွက်တိလေး တစ်မိနစ်လောက်" ဘဲ ငြိမ်လိုက်ပါ။ အဲဒီလို ငြိမ်လိုက်တာနဲ့ ..." ငြိမ်း" ပြီသာမှတ်ပေတော့...။
ဒီပုဂ္ဂိုလ်ဟာ.. "ထူးကိုး ထူး" လာပါစေလိမ့်မယ်။ အဲဒါဟာ... "တရားတက်တယ်" လို့ ခေါ်တာပါ လို့  ဖေါ်ပြရင်း ဓမ္မဒါနပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-(မဟာစည်ဆရာတော်ဘုရားကြီး ၏ဥပနိဿယျခံ မြစိမ်းတောင်ဆရာတော်ကြီး၏ တပည့် ဆရာတော် ဦးဥက္ကဋ္ဌဟောကြား တော်မူသော "ဘဝ နှင့် ဝိပဿနာ" တရားတော်မှ ကောက်နှုတ်ပြီး ရေးသား ဓမ္မဒါနပြုပါသည်)

0 comments:
Post a Comment