တန်ဘိုး#၃
စာရေးသူများ
ကျွန်တော်တို့ ငယ်ငယ်က မိန်းကလေးတွေဟာ ထိုင်ရင် ထရင် ခါးပေါ်တာကို ရှက်ကြတယ်။ ဖုံးကြဖိကြတယ်။ ကျွန်တော်တို့ ကာလသားခေတ်ကျတော့ ခါးပေါ်တာ ရှက်စရာမဟုတ်တော့ဘူး။ မပေါ်တပေါ်တောင် ဖော်ဝတ်လာကြတယ်။ သို့သော် အတွင်းခံ ပေါ်တာကတော့ မကောင်းဘူး, ရိုင်းတယ်, ရှက်စရာ လို့ သဘောထားကြတယ်။ ကျွန်တော်တို့ကြီးသွားပြီဖြစ်တဲ့ အခုခေတ်ကတော့ အတွင်းခံကို ဖော်ဝတ်နေကြပါပြီ။ အတွင်းခံ ဟာ သစ်လွင်နေဖို့ လိုလာပြီ။ တံဆိပ် ဂရုပြုရပြီ။ အရောင် အဆင်တောင် ကိုယ့်အသားနဲ့ ကိုယ့်အဝတ်အစားနဲ့ ကိုက်အောင် ရွေးဝတ်နေကြရပြီ။

အရင်တချိန်က ရှက်ဖွယ်, ရိုင်းတယ် ဆိုတဲ့ သတ်မှတ်ချက်တွေဟာ ဒီနေ့မှာ
ခေတ်မီတယ်, sexyကျတယ် လို့ သတ်မှတ်ခံနေရပြီ။ 'ဂျီစထရင်းကြိုး
ဂျီစထရင်းကြိုး' တေးသံများနဲ့အတူ နှုံးစံ တန်ဘိုးများ
ပြောင်းလဲမှုဖြစ်ပါတယ်။
ကျွန်တော်တို့ ငယ်စဉ်က အငြိမ့်တွေမှာ ပျက်လုံးများဟာ အညှီအဟောက် နည်းပါးပါတယ်။ ပါပေမယ့် နည်းတယ်။ ပါတဲ့ ပျက်လုံးတွေကလည်း တအားမရင့်သီးဘူး။ မိသားစုအတူထိုင်ကြည့်လို့ အဆင်ပြေပါတယ်။
ခါးအောက်ပိုင်းပျက်လုံးမှန်သမျှဟာ အဓိပ္ပာယ်နှစ်ခွ ထွက်တဲ့စကားလုံးတွေပဲသုံးစွဲကြတယ်။ ဒုတိယအဓိပ္ပာယ်မှာ ရယ်လို က ရယ်နိုင်ပါတယ်။ မိဘမောင်ဘွားများရှေ့မှာဆိုရင် ဒုတိယအဓိပ္ပာယ်ကို မသိချင်ယောင်ဆောင်နေလို့ရပါတယ်။ ဒါတောင်နည်းနည်း ရင့်သီးတဲ့ ပျက်လုံးမျိုးဆိုရင် အစ်ကိုတွေ ဦးလေးတွေက နှုတ်ခမ်းမဲ့ပြီး မျက်နှာလွှဲကြတယ်။ ဒါဆို ကျွန်တော်တို့လည်း နားမလည်ယောင်ဆောင်ဖို့ လိုအပ်တယ်လို့ သိကြတယ်။
အခုတော့ ကျွန်တော်တို့က အစ်ကိုရွယ် ဦးလေးရွယ်ဖြစ်ကြပါပြီ။
စင်ပေါ်က လူရွှင်တော်ဟာ လက်ဟန်ခြေဟန်အပြည့် အသံနေအသံထားအပြည့် မျက်နှာအမူအရာအပြည့်နဲ့ ပျက်လုံးပျက်ချလိုက်တယ်။
' £ . . ကိုယ်မျက်တောင်မခတ်ပဲနဲ့ . . £ . . ထဘီကိုလှန်ပြီး တစိမ့်စိမ့်ကြည့်'
နှုတ်ခမ်းကိုမဲ့ပြီး တီဗွီကနေ ကျွန်တော် မျက်နှာလွှဲမိတော့ နံဘေးမှာ တူအရွယ် တူမအရွယ် ဆယ်ကျော်သက်တွေက တခွိခွိ တဝါးဝါး တဟားဟားနဲ့။
(ယက္ခ)ရဲကြီး

0 comments:
Post a Comment