✰ မိုးကုတ်စက်ဝိုင်း ရဲ့ ဟိုး ...အစွန်း တစ်ဖက်မှာ ဘာတွေ ရှိမယ် ✰
Music Crazy Te Te Tar Tar
၁၉၇၁ ခုနှစ် စတီရီယို ဆိုတဲ့ သီချင်း ပုံစံ အသစ်တွေ ပေါ်လာတော့ အဟောင်းနဲ့ အသစ် အကြားမှာ အတော်လေးကို အငြင်း ပွားခဲ့ရတယ်။ အသစ်သမားတွေကလည်း အသစ်မှ အသစ်၊ အဟောင်းတွေကလည်း အဟောင်းမှ အကောင်းပေါ့။ စတီရီယို မိုနို ဆိုပြီး ခွဲခြားတာက ပုံသဏ္ဍာန်ကို ဆိုလိုတာပါ။ တကယ်တော့ အသုံးအနှုံး အနေနဲ့ ဘာမှ အခြေအမြစ် မရှိပါဘူး။ စတီရီယို မိုနိုက အသံသွင်း စနစ်ကို ခေါ်တာပါပဲ။ အခုတော့ ဆိုင်းဝိုင်းကြီးက အစ အားလုံးကို နည်းပညာ အသစ်နဲ့ပဲ အသံဖမ်းပါတယ်။

ပြီးတော့ ကိုယ်ပိုင်နဲ့ ကော်ပီ။ ကိုယ်ပိုင် သံစဉ်က အစစ်၊ ကော်ပီက အတု
ဆိုတာမျိုး ပြောချင်ခဲ့ကြတာ။ တကယ်တော့ ကော်ပီတွေ ရှိခဲ့လို့သာ
ကိုယ်ပိုင်တွေ အားကောင်း လာနိုင်ကြတာ ခေတ် အဆက်ဆက်ပါ။ နောက်တော့ ၁၉၇၄
လောက်က စပြီး အဲသည့်တုန်းက စတီရီယို ခေါ်တဲ့ သီချင်းတွေထဲမှာလည်း ကိုယ်ပိုင်
သံစဉ်တွေ ရှိလာတယ်။ ဆရာ စိုင်းခမ်းလိတ်၊ ကိုနေ၀င်း၊ ကိုရဲလွင်၊
ကိုမောင်မောင်၊ အစရှိသဖြင့်ပေါ့။ ဒါတောင် အဲသည့်တုန်းကတော့ တွံတေးသိန်းတန်၊
ဟင်္သတ ထွန်းရင်၊ သန်းထွန်းလေးတို့နဲ့ စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊
ခိုင်ထူးတို့ကို အဝေးကြီးလို့ ထင်ခဲ့ကြသေးတယ်။
အခုတော့ အချိန်တွေ ကြာသွားတဲ့ အခါ အားလုံး ပြန်ပြီး နီးသွားကြတယ်။ ကိုထီးနဲ့ ဗိုလ်တွံတို့ ကပ်ကပ် ကလေး ဖြစ်သွားတယ်။ မဟာဆန်သူကို ဆိုက်ကား ပေါ်က မောင်းဆိုင်းနဲ့ တီး၊ လမ်းလျှောက် ဆိုရင်း အလှူခံ လှည့်တာ တွေ့တော့ သဘောကျသွားတယ်။ မဟာဆန်သူလည်း ရပ်ကွက် အနှံ့ ရောက်သွားခဲ့ပုံပေါ့။
၂၀၀၃ ခုနှစ် လောက်က ထွက်ခဲ့တဲ့ လေးဖြူရဲ့ "လိပ်ပြာ" စီးရီး တစ်ခုလုံးက ကိုယ်ပိုင် သံစဉ် သီချင်းတွေချည်းပါပဲ။ တေးရေး စာဆို အယ်ဖြူ+မောင်မောင်ဇော်လတ် တို့ နှစ်ယောက်ရဲ့ ဖန်တီး ရေးဖွဲ့မှု လက်ရာ၊ စဉ်းစားဖို့ ခံစားဖို့ အင်မတန် ကောင်းတဲ့ ကိုယ်ပိုင် သီချင်းတွေချည်း စုစည်း ထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာ ကိုယ်ပိုင် သံစဉ် သီချင်းတွေရဲ့ အချိုးအကွေ့ အတိမ်အနက် ခရီးစဉ်ကို လှမ်းမျှော်ကြည့်ဖို့ တေးရေး စာဆို ကိုအယ်ဖြူရဲ့ "လိပ်ပြာ" သီချင်းကို သည်ကနေ့ လက်ဆောင် ပေးလိုက်ပါတယ်။
ဆယ်စုနှစ် တစ်ခုကျော်လောက် ဖြတ်သန်းပြီးသား နည်းနည်း ဟောင်းထားပြီးသား တေးစီးရီး တစ်ခုပေမဲ့ ကောင်းနေတာက ကောင်းနေတာပါပဲ။
တေးစာသားတွေကိုက သိပ်လှလွန်း အားကြီးနေတယ်။
" ငယ်ရွယ်စဉ်ချိန် ဟိုအဝေးက
ပြန်မြင်ယောင်ရယ် အရင် အတိတ်ဘ၀ အိပ်မက် . .
ပုံပြင် ဆန်တဲ့ မြို့လေးထဲ ရင်ခုန်သံတွေ သင်ကြားရင်း လျှောက်ခဲ့ . .
နှင်းများ ကျနေတဲ့ လမ်းထဲ
ကလေးလေး တစ်ယောက် အပူအပင်မဲ့ . .
အဝေးက အစိမ်းရောင် မြက်ခင်းထဲ ကြီးပြင်းရင်းနဲ့
ဒဏ္ဍာရီလို စိတ်ကူးများ ပီပြင် လာမယ် ယုံစား တတ်တဲ့ ဘ၀ . .
လွင်ပြင်ကျယ်ရဲ့ တစ်ဖက်စွန်းက ဘယ်လို နေမယ် ငါ မသိရ . . အတွေးများ
ကလေးလေး တစ်ယောက်ရဲ့ စိတ်ကူးနဲ့
စဉ်းစား လိုက်မမီ . . အဖြေ မရှိ . .
အတွေးလေးထဲ မျှော်ကြည့်ဆဲ . . စူးစမ်းစိတ်က" တဲ့။
အခုကော ကျွန်တော်တို့တွေ ဘာများ ထူးလို့လဲ။
" လွင်ပြင်ကျယ် ဟိုဘက်စွန်းက ဒဏ္ဍာရီ ပုံပြင်ထဲက
စံပျော်ရာ ဘုံဆောင်နန်းများ ယုံကြည်စွာ ရှာဖွေဆဲပါ . . "
✍ နိုင်ဇော်
✍
( ဆရာနိုင်ဇော်၏ Facebook မှ Post ကို ကူးယူဖော်ပြပါသည် )

0 comments:
Post a Comment