ခရီရေးတစ်
ခရီရေးတစ် (Creative) ဆိုပြီးတော့ ပြောနေတော့ ခရီရေးတစ်ဆိုတာ ဘာလဲလို့မေးကြည့်မိတယ်
“ဖန်တီးနိုင်စွမ်းပေါ့” တဲ့။ လွယ်လွယ်လေး ပြောလိုက်တာ။ ဖန်တီးတာအမျိုးမျိုးရှိတာပဲ။ ဘုရားသခင်က ဖန်ဆင်းသလိုမျိုးလား

“relating to or involving the use of the imagination or original ideas
to create something.” လို့ အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ပါတယ်။
ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်အားထုတ်မှုနဲ့ ဖန်တီးနိုင်တာမျိုးပါ။ ဆရာတွေ ဆရာမတွေက ဆိုလို့ ပြောလိုက်ရင် ဆို၊ ဖတ်လို့ပြောလိုက် ဖတ်၊ ရေးလို့ ပြောလိုက်ရင် ရေး၊ ကျက်လို့ ပြောလိုက်ရင် ကျက်၊ မှတ်လို့ ပြောလိုက်ရင် မှတ်၊ အဲဒါ ခရီရေးတစ် မဟုတ်ပါ။
ရှင်းရှင်းပြောရရင် ကျွန်တော်တို့တိုင်းပြည်က ပညာရေးစနစ်ဟာ ခရီရေးတစ်ဖြစ်လာအောင် လုပ်ပေးနေတဲ့ စနစ် မဟုတ်သေးပါ။ ကလေးတွေကို ခရီရေးတစ် ဖြစ်လာစေချင်ရင် မိဘတွေရဲ့ တာဝန်ဖြစ်နေပါသေးတယ်။
ကျောင်းတွေကို ပညာသင်ဖို့ဆိုပြီး လာအပ်နေကြတာ။ ပညာဆိုတာ ဘာမှန်းမသိတဲ့နေရာမှာ သားတွေ သမီးတွေကို ထားခဲ့ရတာ စိတ်မကောင်းပါ။
ခရီးရေးတစ်ဖြစ်တဲ့သူတွေဆိုတာ ဘယ်လိုလူတွေလဲဗျာ
ခရီရေးတစ်ဖြစ်အောင် ဘယ်လိုသင်ကြမလဲဗျာ
ခရီရေးတစ်အကြောင်း နည်းနည်း ပြောချင်သဗျာ
ကလေးတစ်ယောက်ကို ခရီရေးတစ်ဗတီ လို့ခေါ်တဲ့ ဖန်တီးနိုင်စွမ်းတွေ ရှိလာစေချင်ရင်
- အသိပညာရှိအောင်လုပ်ပေးပါ၊ ဒါပေမဲ့ အသိပညာဆိုတာ မေ့သင့်တဲ့နေရာ မေ့ခိုင်း ထားလိုက်ပါ၊ ကျွမ်းကျင်အောင် လုပ်ပေးတာ သူတို့ဘဝအတွက်ပါ။ ကျွမ်းကျင်တဲ့ အတတ်ပညာဆိုတာ ဘဝ ရပ်တည်မှုပါလို့ နားလည်အောင်လုပ်ပေးပါ
- မမျှော်လင့်တာတွေ ဖြစ်လာနိုင်တာတွေကို ရင်ဆိုင်နိုင်အောင် လုပ်ပေးပါ။ ၁ + ၁ = ၂ ဆိုတဲ့ သီအိုရီကိုပဲ သင်ထားတော့ ၀ + ၂ = ? ဆိုတာ မဖြေတတ်တော့ပါ။ ကလေးကို ရူးအောင် စာတွေ ကျက်ခိုင်းဖို့ မလိုပါ
- အလုပ်တွေခိုင်းနိုင်ပါတယ်။ ပင်ပန်းအောင် လုပ်ခိုင်းနိုင်ပါတယ်။ ဒါပေမဲ့ ဘာမှ မလုပ်ဘဲ ထိုင်ပြီးတော့ သီချင်းနားထောင်တာ ခွင့်ပြုလိုက်ပါ။ သူတို့ အိပ်နေတာလည်း ဦးနှောက်ကို သန်မာအောင် လုပ်နေ တယ်ဆိုတာ သတိထားပါ
- စိတ်ကူးရှိတာတွေ လျှောက်ပြောခိုင်းပါ။ ဒါပေမဲ့ သူတို့ပြောတာတွေထဲက ၁၀ ခုမှာ တစ်ခုတောင် အသုံးဝင်ချင်မှ ဝင်တတ်တယ်ဆိုတာ နားလည်ပါစေ
- ပန်းသီးတစ်လုံးကို ပြလိုက်လို့ ပန်းသီးလို့အော်လိုက်တာ ခရီရေးတစ် မဟုတ်ပါ။ ပန်းသီးတွေမှာ အနီရောင်နဲ့ အစိမ်းရောင် ဘာဖြစ်လို့ မျိုးကွဲနေသလဲလို့ မေးလာတဲ့ ကလေးကို အသိအမှတ်ပြုပေးပါ
- အောင်မြင်မှုဆိုတာကောင်းပါတယ်။ ဒါပေမဲ့ ဘယ်လို ဆုံးရှုံးတတ်တယ်ဆိုတာကိုလည်း နားလည် အောင်သင်စေ့ချင်တယ်။ ရှုံးနိုင်တာတွေသိပြီး ဆောင်သင့်ရှောင်သင့်တာတွေဖြစ်အောင် လုပ်ပေးပါ
- ဇွဲရှိအောင် လေ့ကျင့်ပေးပါ။ မဖြစ်မနေ လုပ်ဆောင်တတ်အောင် ခိုင်းပေးပါ။ စိတ်ပျက် လက်လျှော့ သွားတယ်ဆိုတာမျိုး ဖြစ်မသွားအောင် သင်ပေးပါ
- ကိုယ့်ထက် သိသူ တတ်သူတွေထံကနေ နည်းယူရမယ်။ သူတို့ပြောတာတွေ နားထောင်ရမယ်။ ဒါပေမဲ့ သူတို့ပြောတိုင်း မမှန်ဘူး။ အချို့သောကိစ္စတွေမှာ ကိုယ့်နည်းနဲ့ကိုယ် ဘယ်လို ဖောက်ထွက်လုပ်နိုင် ကြောင်း နည်းလမ်းပြပါ
ကျွန်တော် အထက်ကပြောခဲ့တဲ့ သဘောတရားတွေဟာ ဟိုးနှစ်ပေါင်းများစွာကတည်းက သင်ခဲ့တာတွေပါ။ ဂရိ အတွေးအခေါ် ပညာရှင်ကြီး ဟေရာကလိုက်တပ်စ်ကိုယ်တိုင် လမ်းညွှန်ခဲ့ပါတယ်။
ကမ္ဘာကျော်တဲ့ ပညာရှင်တွေဟာ ခရီရေးတစ်ဖြစ်အောင် ကျင့်ကြံနေထိုင်နိုင်ခဲ့ကြတယ်ဆိုတာ သတိပြုပါ။
တင်ညွန့်
၂၈.၅.၂၀၁၇

0 comments:
Post a Comment