ကျနော် ကွန်ပြူတာ ပညာရှင်
Thanlay Ko
.
ကွန်ပြူတာကို wifi ချိပ်ပြီး သုံးချင်တဲ့အခါ သူငယ်ချင်းရဲ့ ဟိုတယ်မှာ သွားသုံးရတယ်။
ဟော်တယ်ခေါင်မိုးထပ်မှာ dining room ရှိလေတော့ အဲ့ဒီမှာ သွားထိုင်ပြီး သုံးရပါတယ်။
အဲရ်ကွန်းနဲ့ sky net TV နဲ့ ဆိုတော့ ဟန်ကျတယ်။
ကိုယ်က သူထေးရဲ့သူငယ်ချင်းဆိုတော့ ရေနွေးကြမ်းနဲ့ ကော်ဖီလည်း အလကားတိုက်တယ်။

နေ့တိုင်း ကွန်ပြူတာတလုံးနဲ့ dining room ထဲ လာလာထိုင်နေတဲ့ကိုယ့်ကို ဘာထင်တယ်မသိပါဘူး
တရက်တော့ ဟော်တယ်ဝန်ထမ်းလေးက လာပြောတယ်... ...
'ဦးလေးက ကွန်ပြူတာ အရမ်းကျွမ်းတယ်နော်'... တဲ့
ငိ ငိ
ကိုယ်က ကွန်ပြူတာထဲ ခေါင်းမဖော်တမ်းသာ ကြည့်နေတာရယ်၊ တကယ်က ဖေ့စဘုတ်နဲ့ You Tube ချနေတာ။
ဒါပေမယ့် ဟန်ကိုယ့်ဖိုဆိုတော့ ပြန်ဖြေရတာပေါ့...
"ငှဲ ငှဲ ဒလောက်လည်း ဟုတ်ပါဘူးကွာ"... လို့။
သူကဆက်ပြောတယ်... ...
"ကျနော့် ကွန်ပြူတာလေး ကြည့်ပေးပါလား ဦးလေး၊ ဘာဖြစ်မှန်း မသိလို့"
ငင်... ဘုရား ဘုရား
ဂျောက်တော့ ကျပြီ
ကိုယ်က ဘာမှလည်း တတ်တာမဟုတ်
မတတ်ဘူးပြောလည်း ကြည့်မပေးချင်လို့လို့ ထင်မှာ
ဒါနဲ့ ပြောလိုက်တယ်... ...
"ယူခဲ့လေ ကြည့် ကြည့်တာပေါ့"
သူ ကွန်ပြူတာ ယူလာပေးတယ်... ...
"ရော့... ဦးလေး၊ ဒီမှာ..."
"အေး... ဘာဖြစ်တာလဲကွ မင့်ကွန်ပြူတာက"
"လေးတာ ဦးလေး၊ စက်က တော်တော်လေး လေးနေတာ"
"အော်... ဒါလေးများ လွယ်ပါတယ်၊ နောက် နာရီဝက်နေရင် လာယူလိုက်"
"ဟုတ်..."
... ဆိုပြီး သူထွက်သွားတယ်။
ကိုယ်လည်း သူ့စက် လေးနေတဲ့ကိစ္စကို လုပ်စရာရှိတာ လုပ်ပေးထားလိုက်တယ်။
ခဏနေ သူလာတော့ ပေးလိုက်တယ်။
"ရော့ကွ..."
ကောင်လေးက အံ့သြတဲ့မျက်နှာနဲ့ ကိုယ့်ကိုကြည့်ပြီး ထွက်သွားတယ်။
တော်တော်လေးကြာတော့ မျက်စိပျက် မျက်နှာပျက်နဲ့ ပြန်ရောက်လာပါလေရော... ...
"ဦးလေး... ကျနော့်စက်ကို ဘာလုပ်လိုက်တာလဲ ဟမ်"
"မင်းစက်က လေးနေတယ်ဆို"
"ဟုတ်တယ်လေ... လေးပေမယ့် အရင်က ဖွင့်လို့တော့ ရသေးတယ်၊ ခု ဖွင့်မရတော့ဘူး"
"ဟျောင့်... ဖွင့်ရတာ မရတာ ငါစိတ်မ၀င်စားဘူး၊ ငါက စက်ကို ပေါ့သွားအောင်ပဲ လုပ်ပေးတာ"
"ခများက ဘယ်လို လုပ်လိုက်လို့လဲ"
"အထဲက မားသားဘုတ်တွေ၊ တခြား ဆားကစ်ပြားတွေနဲ့ မဲမဲမြင်ရာ အကုန်ဖြုတ်ပြီး လွှင့်ပစ်လိုက်တယ်လေ၊ ခု မ,ကြည့်တော့ ပေါ့သွားပြီ မဟုတ်လား"
"ဟမ်မလေး... ဂစ် ဂစ် ဂစ်"
လေးတယ်ဆိုလို့ ပေါ့အောင်လုပ်ပေးတာကို တက်ချက်နေသေးတယ်
ခက်ဖူးလား
.
.
.
သန်၎ကို ပေါက်ကရလေးဆယ်

0 comments:
Post a Comment