မီဒီယာတို့ရေ … ဝေ ... မီဒီယာတို့လား … ဝါး
Tin Nyunt
AimStar Network ဆိုတဲ့ ကုမ္ပဏီက ဂျိုးဇက်ဆိုတဲ့ကောင် ဘာကောင်မှန်းမသိ အွန်လိုင်းပေါ်မှာ ပက်ပက် စက်စက် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး စတုတ္ထမဏ္ဍိုင်ကို စိန်ခေါ်သွားပြီဗျ။ ဘာတဲ့

“နိုင်ငံခြားမှာ သတင်းရေးတဲ့သူက သိလား … တတ်လို့ရေးတာ။ မြန်မာပြည်မှာ
များသောအားဖြင့် ရေးတဲ့သူက ငတ်လို့ရေးတာ။ မယုံရင် သတင်းရေးတဲ့သူ
သွားကြည့်လိုက်။ တဲပုတ်မှာနေတဲ့ကောင်တို့၊ ဆိုင်ကယ်လေး
စီးပြီးသွားတဲ့ကောင်တို့၊ ဟိုတောတိုး၊ ဒီတောတိုး၊ အဲဒီကောင်တွေ ရေးတာ”
တဲ့ဗျ။
သတင်းသမားတွေ ကိုယ့်နိုင်ငံ ကိုယ့်ကောင်းကျိုး ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်နေတဲ့သူတွေပါဗျ။ “ကိုဆွေဝင်း” တို့လို သတင်းသမားတွေ မပေါ်လာရင် အင်းဝကိစ္စ ဘယ်သူတွေ စောစောသိကြမှာလဲ။ သေသွားမှ သိရတဲ့ အဖြစ်မျိုးက ကင်းဝေးအောင် စွန့်စားပြီး ဆောင်ရွက်နေတဲ့ ကိုဆွေဝင်းတို့ကို တစ်နိုင်ငံလုံးက ချီးကျူးဂုဏ်ယူနေချိန်မှာ သတင်းသမားဆိုတာကို စော်ကား လိုက်တဲ့ ဂျိုးဇက်ဆိုတဲ့ကောင်ကို ဒီအတိုင်း ကြည့်နေလို့ကတော့ နောက်ဆိုရင် အိမ်ဦးခန်းလာပြီးတော့ အဲဒီလိုမျိုးကောင်တွေ ချေးပါချတော့မယ်။
ပိုဆိုးတာရှိသေးတယ်။ အဲဒီ ဂျိုးဇက်ကပဲ သတ္တိရှိရင် သူ့ကို အရေးယူကြည့်ဆိုပြီးတော့ တရားဥပဒေကို စိန်ခေါ်တဲ့ အပြောတွေလည်း ထပ်ထွက်လာသေးတယ်။ ကျွန်တော်တော့ အဲဒီကောင်ပြောတာတွေကို နား ထောင်ပြီး ဆတ်ဆတ်ခါနာတယ်။ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကိုယ့်တရားဥပဒေ ကိုယ့်နိုင်ငံစီးပွားကို လာပြီးတော့ စိန်ခေါ်ပြီး မင်းတို့ ကောင်တွေကို ဒါပဲထင်တယ်လို့ လာကော့ပြနေသလိုပဲ။
AimStar ဘာလဲ ကျွန်တော် စိတ်မဝင်စားပါဘူး။ တစ်ချိန်က နိုင်ငံတော်မှာ ပေါင်းစားမှ နူးတယ်လို့ သတ်မှတ်ပြီး ခွင်ဆင်ခဲ့တဲ့ စီးပွားရေးစနစ်ဆိုးကြောင့် ဒီလိုကောင်တွေ၊ ဒီလို ကုမ္ပဏီတွေ လူပါးဝနိုင်နေတာဆိုတာလည်း သတင်းတွေမှာ ဖတ်နေရတာပဲ။ တခြားမကြည့်နဲ့လေ မြစ်ဆုံလိုကိစ္စမှာ ယခင်အစိုးရရဲ့ ဆိုးမွေကိုပိုက်ပြီးတော့ ကျွန်တော်တို့ အစိုးရသစ် တောင်းပန်နေရတာပဲမဟုတ်လား။
စတုတ္ထမဏ္ဍိုင်ဆိုတဲ့ သတင်းမီဒီယာကို လေးစားတဲ့ ကျွန်တော့်အနေနဲ့တော့ ဟိုလိုလို သည်လိုလိုကောင် တစ်ကောင် စော်ကားတာကို ခံပြင်းပါတယ်။ ဒါကြောင့်လည်း ဒီစာရေးတယ်ပေါ့ဗျာ။
ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ်ဗျ။ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင် ကြုံသလိုစားနေတဲ့ နှစ်ပေါင်း ၁၅ နှစ်တာ ကာလမှာ အမှတ်အသားအရမ်းထားတယ်။ ဖောက်သည်ကို စော်ကားတဲ့ အပြုအမူ၊ ရိုင်းစိုင်းတဲ့ အပြော အဆိုမျိုးတွေနဲ့ ဆက်ဆံတဲ့ဆိုင်ကို ဘယ်လောက်ကောင်းတယ်ပြောပြော၊ ဘယ်လောက် ဈေးသက်သာ တယ်ပြောပြော ဘယ်တော့မှ လှည့်မကြည့်ဘူး။ ကိုယ်နဲ့ နီးစပ်သူတွေကိုလည်း အဲဒီဆိုင်ရဲ့ စော်ကားမှုတွေကို ပြောပြတတ်တယ်။ ရွေးချယ်တာကတော့ သူ့အပိုင်းပေါ့လေ။
ဒီတော့ သတင်းမီဒီယာအပေါ် စော်ကားတဲ့အတွက် သတင်းမီဒီယာတွေ တိုက်ပွဲဝင်ကြပေါ့။ အဲဒီကုမ္ပဏီနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေကို သပိတ်မှောက်၊ လက်မခံကြနဲ့။ ပြီးတော့ အဲဒီ ကုမ္ပဏီနဲ့ ဂျိုးဇက်ဆိုတဲ့ကောင်ကို မီဒီယာအသီးသီးနဲ့ စော်ကားပြုမူတဲ့အတွက် ကန့်ကွက်ကြောင်း ခင်ဗျားတို့ သတင်းစာနဲ့ မီဒီယာတွေအားလုံးမှာ စာလုံးမည်းကြီးတွေနဲ့ ဖော်ထုတ်ပြကြပေါ့။
ဟဲ … ဟဲ … ကြော်ငြာမရမှာကြောက်လို့ ပြောရဲဘူးဗျ … ကန့်ကွက်ရဲဘူးဗျ ဆိုရင်တော့ ခင်ဗျားတို့ ညီညွတ်မှု ခင်ဗျားတို့ စည်းရုံးမှုကို ပြနေတာလို့ပဲ မှတ်ရမှာဗျ။
ဂျိုးဇက်ဆိုတဲ့ကောင်ကတော့ အားလုံးကို ဒါထင်တယ်လို့ ပြောနေပြီဗျာ … ခင်ဗျားတို့ သူ့ကို ဟောဒါ မြန်မာ ပြည်ကွ … မင်းထင်ချင်သလိုထင် … ပြောချင်သလို ပြောရအောင် ငါတို့က အလကားကောင်တွေ မဟုတ်ဘူး ဆိုတာ ထုတ်ဖော်ပြဖို့ အချိန်ရောက်ပြီလို့ထင်ပါတယ်။
၁.၁၀.၂၀၁၆

0 comments:
Post a Comment