အမှိုက်ပုံး
Tin Nyunt
ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အထက်တန်းပြဆရာ၊ ဆရာမ နှစ်ထောင်ကျော်ကို “ကန်ထရိုက် စနစ်” နဲ့ ချက်ချင်းခန့်တော့မတဲ့ဗျ။
ပညာရေးဝန်ကြီးရဲ့ဒေတာတွေကလည်း ရယ်စရာကိုဖြစ်လို့။ ယခင်ပညာရေးဝန်ကြီးလက်ထက်က ကျောင်းသား ၂၉ ဦးကို ဆရာတစ်ဦးနှုန်းတဲ့။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ကျောင်းသား ၂၃ ဦးကို ဆရာတစ်ဦးနှုန်း သင်ကြား ပေးနေပါသတဲ့။ ဟုတ်ရဲ့လား ဆရာတို့ … ဆရာမတို့ရဲ့။

ဒေါက်တာကြီးက သူခန့်မယ့် ဆရာတွေ ဆရာမတွေဟာ “ဘွဲ့ရ” တွေတဲ့ဗျ။ အလိုဗျာ
ဒေါက်တာ … ဘွဲ့ရတာနဲ့ ဆရာခန့်လို့ရသတဲ့လားဗျာ။ ဒေါက်တာတို့ ကိုယ်တိုင်
ကိုယ့်တိုင်းပြည်က ဘွဲ့ရတိုင်းဟာ ဆရာတွေ သိသင့် သိထိုက် သင်သင့် သင်ထိုက်
နားလည်သင့် နားလည်ထိုက်တာတွေ အားလုံး တတ်ကျွမ်းပြီးမြောက်သူတွေလို့
သတ်မှတ်ပါသလားဗျာ။
အတန်းထဲဝင်လာ အထူးထုတ်လေးကိုင်၊ လိုက်ဖတ်၊ လိုက်ဆို၊ အလွတ်ကျက်ခဲ့၊ စာမေးပွဲမှာ ဒါကျက် ဒါရေး ဒါပဲမေးမှာလို့ ပြောတတ်သူသည် ဆရာဟူ၏လို့ ဒေါက်တာကြီး သတ်မှတ်ပါသလားခင်ဗျာ။
ဆရာဆိုတာ ၁၀ တန်းကို ဂုဏ်ထူးနဲ့အောင်လို့ အိမ်မှာ ဂိုက်ခေါ်ခန့်ပြီး အလွတ်ကျက်ခိုင်း၊ ပြန်ရေးခိုင်းတာတွေကို ပြန်စစ်ဆေးပေးနေရတဲ့ သူတွေထက် အများကြီးကို သာမှဖြစ်မှာပေါ့ဗျာ။
အမေရိကန်ပညာရေး၊ ဖင်လန်ပညာရေး၊ စင်ကာပူပညာရေး ဘာကြောင့် တိုးတက်နေသလဲ ဒေါက်တာတို့ ကောင်းကောင်းသိပါတယ်။ ဘွဲ့ရတာနဲ့ ကျောင်းဆရာလာလုပ်ကြဟေ့လို့ ဆွဲခေါ်လိုက်လို့ ပညာရေး တိုးတက် လာတာလား။ ဘွဲ့ရပြီးလည်း ဆရာအတတ်သင် အကယ်ဒမီဆိုတာရှိတယ်။ အဲဒီကျောင်းဆင်းမှ ခန့်မယ်။ သာမန် အောင်လောက်ကို မခန့်ဘူး။ ထူးချွန်စွာ အစွမ်းပြနိုင်သူတွေကိုသာ ခန့်တယ်ဆိုတာ အလကားအစီအစဉ် တွေလားဗျာ။
ဖင်လန်မှာ မာစတာဘွဲ့လောက် အနည်းဆုံးရမှ ဆရာခန့်သဗျ။ ဆရာအလုပ်ကို ပေါပေါပဲပဲလို့ သဘောမထားဘူး။ ဆရာဖြစ်မယ့်သူတစ်ယောက်ရဲ့လက်ထဲကို အနာဂတ်ကြီးတစ်ခုလုံး လွှဲအပ်ထားရတာတဲ့။ ပေါက်ကရ လမ်းဘေးကလူတွေက လာကြ … လာကြလို့ ပြောရလောက်အောင် တန်ဖိုးမဲ့တဲ့ နေရာလို့ သဘောမထားဘူး။
ဆရာဆိုတဲ့ အရည်အချင်း၊ ဆရာဆိုတဲ့ ဂုဏ်၊ ဆရာဆိုတဲ့ သိက္ခာ၊ ဆရာတစ်ယောက်မှာ ရှိအပ်တဲ့ ပညာတွေ အားလုံး ပြည့်စုံမှ သူတို့နိုင်ငံတွေက ကန်ထရိုက်စနစ်နဲ့ ခေါ်ခန့်ကြပါတယ်။
ဒေါက်တာကြီးရေ အရေအတွက်က အရေးကြီးသလား၊ အရည်အချင်းက အရေးကြီးသလား။ အေးလေ ခင်ဗျား ကိုယ်တိုင်က ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ သူတွေကြားမှာ ကြီးပြင်းလာရတာ ဆိုတော့ ရေပဲမြင်ချင်မှာပေါ့။ ခပ်လာတဲ့ရေဟာ ဘာရေတွေလဲဆိုတာ ခင်ဗျား စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ရေတွေ လျှံနေပြီဆိုရင် ခင်ဗျားတို့ ပျော်နေတတ်တာလေ။
ကွန်ပျူတာ စကားနဲ့ပဲ ပြောလိုက်ပါ့မယ်။ “Garbage in, Garbage out” တဲ့ဗျ။ အမှိုက်တွေသွင်းရင် အမှိုက်ပဲ ထွက်လာမယ်။ ရွှေတော့ ထွက်လာမှာမဟုတ်ပါဘူး။ ပညာရေးဌာနကို အမှိုက်ပုံးလို သဘောထားနေသူတွေနဲ့ ကျွန်တော်တို့ သားသမီးတွေရဲ့ နောင်ရေး မတွေးဝံ့ပါဘူးဗျာ။
၅.၁၀.၂၀၁၆

0 comments:
Post a Comment