Tuesday, June 20, 2017

" ရန်သူတွေ၊ မိတ်ဆွေဖြစ်အောင် လုပ်ကြရတဲ့ နိုင်ငံရေး (သို့မဟုတ်) သေနတ်မလိုတဲ့ နိုင်ငံရေး "

Image may contain: text
Kyaw Win
စကားပလ္လင်
မြန်မာနိုင်ငံတွင်၊ လွတ်လပ်ရေးရအပြီး၊ သုံးလမျှမပြည့်တတ်သေးမီမှာပင်၊ ညီအကိုချင်း၊ စစ်ခင်းကြရသည့် ပြည်တွင်းစစ်ကြီးနှင့် တိုးခဲ့ရသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ယခုအခါ နှစ်ပေါင်း (၇၀)နီးပြီဖြစ်သော၊ အဆိုပါ ‘ချသမိုင်း’ ကြီးအတွင်း၊ အဖွဲ့အစည်း တဖွဲ့စ နှစ်ဖွဲ့စလောက်နှင့် ငြိမ်းချမ်းရေး အရယူနိုင်ခဲ့သည်များ ရှိသလောက် ရှိပါသည်။ ၁၉၅၈ ခုနှစ်က ‘ပြည်သူ့ရဲဘော်ပါတီ’၊ ‘မွန်ပြည်သူ့တပ်ဦး’၊ ၁၉၆၄ ခုနှစ်က၊ ‘ကရင်တော်လှန်ရေးကောင်စီ’ စသည်တို့နှင့် ဖြစ်သည်။ သို့နှင့်တိုင်၊ ယခုလို တော်လှန်ရေးအင်အားစု တော်တော်များများနှင့် ညှိနှိုင်းဆွေးနွေးပြီးသကာလ၊ ငြိမ်းချမ်းရေး၏ အခြေခံမူအချို့ကို အရယူနိုင်ခဲ့သည် မှာကား၊ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

ဤမျှအရေးကြီးသော အခါသမယတွင်၊ စာရေးသူလှိုက်လှိုက်လှဲလှဲ သတိရနေမိသူနှစ်ဦးကား၊ တစ်ခါမှ သိကျွမ်းရင်းနှီးခွင့်မရခဲ့သော၊ ဆရာကြီး သ္ခင်ကိုယ်တော်မှိုင်းနှင့် အတိုက်အလျောက် သိကျွမ်းခင်မင်ခွင့်ရခဲ့သော ဆရာဒဂုန်တာရာတို့ ဖြစ်သည်။ ဆရာကြီးသ္ခင်ကိုယ်တော်မှိုင်း တစ်ဖွဖွပြောခဲ့သော ‘သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေး’ ဆိုသည်နှင့် ဆရာတာရာ မကြာမဏဆိုသလိုပြောခဲ့ဖူးသော ‘ရန်သူကို မိတ်ဆွေ ဖြစ်အောင်လုပ်ရတဲ့ နိုင်ငံရေး’ တို့ကို၊ လက်တွေ့ကျကျ၊ စတင်အကောင်အထည်ဖော်ပြနိုင်ပြီကိုသာ သိလျင်၊ ဆရာကြီးတို့နှစ်ဦး၊ တစ်ပြုံးပြုံးရှိနေကြမည်ကို၊ စိတ်ကူးနှင့် မြင်ယောင်ကြည့်နေမိသည်။
ဤအတွက် NCA လမ်းကြောင်းကို၊ စတင်ဖောက်လုပ်ခဲ့သည့် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော ယခင်အစိုးရနှင့်၊ လက်တွေ့အကောင်အထည်ပေါ်အောင် ဆောင်ရွက်ပေးခဲ့သော၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ယခု အစိုးရတို့ကိုလည်း အထူးကျေးဇူးတင်မိသည်။
လုပ်ထုံးလုပ်နည်းများ
•••••••••••••••••
ပထမဆုံး၊ ‘နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်’ အရ၊ ‘နိုင်ငံရေး ကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီ’ ကို ဖွဲ့စည်းပါသည်။ ဤကော်မတီတွင် အစိုးရ (အစိုးရ၊ လွှတ်တော်၊ တပ်မတော်)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ၊ ကိုယ်စားလှယ် (၄)ဦးစီနှင့်၊ UPDJC အတွင်းရေးမှုးအဖွဲ့ဝင် (၃) ဦး၊ စုစုပေါင်း (၁၅) ဦးပါဝင်သည်။ ဤကော်မတီမှပင်၊ ‘အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ’မှ တင်ပြလာသော စာတမ်းများနှင့် ဆိုခဲ့ပါ အဖွဲ့သုံးဖွဲ့မှ၊ တစ်ဖွဲ့ချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ တင်သွင်းသော စာတမ်းများကို အခြေခံပြီး၊ ညှိနှိုင်း ဆွေးနွေးမှုများ လုပ်ကာ၊ မူဝါဒအဆိုပြုလွှာများ ပြုစုခဲ့ကြပါသည်။ ထို့နောက် အဆိုပါ အဆိုပြုလွှာများကို၊ UPDJC အတွင်းရေးမှုးအဖွဲ့၊ UPDJC စုံညီအစည်းအဝေးများသို့ အဆင့်ဆင့်တင်သွင်းပြီး၊ အကြိမ်ကြိမ်ဆွေးနွေးကာ၊ ညီလာခံသို့ တင်သွင်းရမည့် မူဝါဒ အဆိုပြုလွှာများကို ပြင်ဆင်အတည်ပြုခဲ့ကြသည်။
သို့ဖြင့် ညီလာခံတွင်၊ ဆွေးနွေးအတည်ပြုကြရမည့်၊ ခေါင်းစဉ်းများနှင့် မူဝါဒ အဆိုပြုချက်များထွက်ပေါ်လာပါသည်။ နိုင်ငံရေးကဏ္ဍတွင် ခေါင်းစဉ် (၇) ခု၊ မူဝါဒ အဆိုပြုချက် (၂၀)၊ စီးပွားရေးကဏ္ဍတွင် ခေါင်းစဉ် (၈)ခု၊ မူဝါဒ အဆိုပြုချက် (၁၁)၊ လူမှုရေးကဏ္ဍတွင် ခေါင်းစဉ် (၄)ခု၊ မူဝါဒ အဆိုပြုချက် (၄) နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင်၊ ခေါင်းစဉ် (၆)ခု၊ မူဝါဒ အဆိုပြုချက် ၁၀ တို့ ရရှိလာသည်။ လုံခြုံရေးကဏ္ဍအတွက်မူ၊ နောင်လာမည့် ညီလာခံတွင်မှ ဆက်လက် ဆွေးနွေးကြမည်ဟု သိရသည်။
ဤတွင် ညီလာခံမှ ဆွေးနွေးအတည်ပြုကြရမည့် မူဝါဒ အဆိုပြုချက်ပေါင်း၊ (၄၁) ချက် ထွက်ပေါ်လာပါသည်။ မြေယာအဓိပ္ပါယ်ဖွင့်ဆိုချက် (၄)ချက်ပါ ပေါင်းလိုက်လျင် စုစုပေါင်း (၄၅) ချက်ဖြစ်သည်။ ဤ (၄၅) ချက်ကို ညီလာခံတွင်၊ တင်သွင်းဆွေးနွေးခဲ့ကြရာ၊ (၃၇) ချက် သဘောတူမှု ရရှိပါသည်။ နိုင်ငံရေးမှလွဲ၍၊ ကျန်ကဏ္ဍအားလုံးတွင် ရာနှုန်းပြည့်ရရှိခြင်းပင် ဖြစ်သည်။ နိုင်ငံရေးကဏ္ဍတွင်မူ (၁၂) ချက်သာ သဘောတူညီမှုရခဲ့သည်။ (၄၅) ချက်တွင် (၃၇)ချက် ရရှိသည်ဖြစ်ရာ၊ ရာနှုန်းအရမဆိုးလှသော်လည်း၊ နိုင်ငံရေးကဏ္ဍတွင်မူ၊ အရေးကြီးသော အဆိုပြုချက်အချို့ကို နောင်ညီလာခံတွင်မှ ဆက်လက်ဆွေးနွေးရန် ချန်လှပ်ခဲ့ရသည်။
နိုင်ငံရေးကဏ္ဍ
••••••••••••••
စာရေးသူမှာ၊ အစိုးရအစုအဖွဲ့မှ ရွေးချယ်သော၊ ‘ပါဝင်သင့်ပါဝင်ထိုက်သူများ’ ကိုယ်စားလှယ်တစ်ဦးဖြစ်ရာ၊ မေ (၂၅) ရက် တစ်နေကုန် နှင့် မေ (၂၆) ရက် မနက်ပိုင်းတို့တွင် ကျင်းပသော၊ ကဏ္ဍအလိုက်ဆွေးနွေးပွဲများတွင်၊ နိုင်ငံရေးကဏ္ဍမှ ပါဝင်ဆွေးနွေးရပါသည်။ စာရေးသူ၏ အတွေ့အကြုံအရ၊ ‘ဆွေးနွေးပွဲလေထု’ ကို အကြမ်းဖျင်းပြောရလျင် (၂၅) ရက် မနက်ပိုင်းတွင် အတော်လေး ပြင်းပြင်းထန်ဖြစ်ခဲ့ပြီး၊ ညနေပိုင်းတွင်မူ ပြန်လည်ပျော့ပြောင်းလာသည်။ (၂၆) ရက် မနက်ပိုင်းတွင်မူ အနည်းငယ် ပြန်လည် ပြင်းထန်လာသည်။
နိုင်ငံရေးကဏ္ဍတွင်၊ ပထမဆုံး အကျိတ်အနယ် ဆွေးနွေးငြင်းခုံကြရသည်မှာ ‘တန်းတူရေး’ ခေါင်းစဉ်ပင်ဖြစ်သည်။ ဤခေါင်းစဉ်အောက်တွင် အဆိုပြုလွှာ (၂) ချက်ပါပြီး၊ ပထမအဆိုပြုလွှာကို အားလုံးလက်ခံကြသော်လည်း၊ ဒုတိယ အဆိုပြုလွှာကိုမူ အတော်လေး အငြင်းပွားကြရသည်။ အဆိုပြုလွှာ၏ ‘မူရင်း’ မှာ၊ ယခုလို ဖြစ်သည်။
“တန်းတူရေး-ခေါင်းစဉ်,ပါ - အဆိုပြုလွှာ (ခ)”
မည်သည့် တိုင်းရင်းသားလူမျိုးကိုမှ အထူးအခွင့်အရေး မပေးရ။ ထို့အပြင်၊ မည်သည့် တိုင်းရင်းသား လူမျိုးကိုမျှလည်း အခွင့်အရေး ကန့်သတ်ခြင်းမရှိစေရ။
ဤအဆိုပြုလွှာမှာ၊ ဗမာတို့အပေါ်ရှိနေသော၊ တိုင်းရင်းသားတို့၏ သံသယကို ထင်ဟပ်ဖော်ပြရာ ရောက်သည်ဟု၊ စာရေးသူကထင်သည်။ သို့အတွက် ပါစေချင်သည်။ သို့တိုင် Negative အဓိပ္ပါယ်တွေများနေ၍၊ စကားလုံးအသုံးအနှုံးကိုတော့ ပြင်စေချင်သည်။ ဥပဒေပြုရာတွင် Positive အဓိပ္ပါယ်တွေ ဖြစ်လျင် ပိုကောင်းသည်ဟု ဥပဒေပညာရှင်တစ်ဦးက အကြံပြုသောကြောင့် ဖြစ်သည်။ သို့တစေ လောလောဆယ်အဖြေမရသည်ဖြစ်၍၊ နောင်ညီလာခံတွင်မှ ဆက်လက်ဆွေးနွေးရန် ချန်လှပ်ခဲ့ရသည်။
ဒုတိယ အကျိတ်အနယ်ဆွေးနွေးကြရသည်မှာ ‘ဖက်ဒရယ်ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု)’ ခေါင်းစဉ် ပါ , အဆိုပြုလွှာ (ဂ) ဖြစ်သည်။ အဆိုပြုလွှာ၏ မူရင်းမှာ ယခုလိုဖြစ်သည်။
(ဂ) နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ။
ဤအဆိုပြုလွှာနှင့် ပတ်သတ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပါတီအချို့က၊ “သူတို့အနေနှင့် ခွဲထွက်ဖို့သဘောထားမရှိပါကြောင်း၊ သို့သော် ‘ခွဲမထွက်ရ’ ဆိုသော စကားလုံးမှာ ပြင်းထန်လွန်းနေ၍၊ ပိုမိုပျော့ပြောင်းသော စကားရပ်ဖြင့်၊ အစားထိုးပေးစေလိုကြောင်း”၊ တင်ပြခဲ့ကြသည်။ ဤတွင် စာရေးသူအပါအ၀င်၊ ကိုယ်စားလှယ်အချို့က၊ ‘ဥမကွဲ သိုက်မပျက်’၊ ‘အစဉ်ထာဝရ’၊ ‘ခွဲခြမ်း၍မရနိုင်သော’ (indivisible) စကားရပ်များကို အဆိုပြုကြည့်ပါသည်။
သို့တစေ နောက်ပိုင်းမှ သိလာရသည်မှာ ဆိုခဲ့ပါ အဆိုပြုလွှာမှာ၊ ‘ကိုယ်ပိုင်ပြဌာန်းခွင့်’ ခေါင်းစဉ်ပါ၊ အဆိုပြုလွှာ (၅) ချက်လုံးနှင့် ချိတ်ဆက်ထားသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ၊ ဤအဆိုပြုလွှာကို ဖြုတ်လျင် ‘ကိုယ်ပိုင်ပြဌာန်းခွင့်’ ခေါင်းစဉ်ပါ အဆိုပြုလွှာအားလုံး ဖြုတ်ရမည့်သဘောဖြစ်သည်။ နောက်ဆုံး မေ ၂၈ ရက်တွင် ကျင်းပသော UPDJC အစည်းအဝေးတွင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က၊ အဆိုပါ ချိတ်ဆက်ထားသော အဆိုပြုလွှာအားလုံး၊ နောက်တစ်ကြိမ်ညီလာခံမှ ဆက်လက်ဆွေးနွေးရန်၊ ဆုံးဖြတ်ခဲ့သည်ဟု သိရပါသည်။
‘နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး’ မှာ မူလအဆိုပြုချက်တွင် “ဆက်လက် ဆွေးနွေးရမည့် ခေါင်းစဉ်များ” တွင် အကျုံးဝင်သည်။ သို့တစေ- နောက်ဆုံးညီလာခံဆုံးဖြတ်ချက်တွင်၊ ဤအချက် ပါလာပါသည်။ ချုပ်လိုက်လျင် နိုင်ငံရေးကဏ္ဍတွင် မူဝါဒ အဆိုပြုချက် (၂၀) အနက်မှ (၁၂) ချက် ရလိုက်သည့် သဘောပင် ဖြစ်ပါသည်။ စာရေးသူ အနေနှင့်တော့၊ “ပထမဆုံးအကြိမ်တွင် ဤမျှ ရလျင် မဆိုးလှ” ဟု ထင်သည်။
ခွဲထွက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အဆက်အစပ်
•••••••••••••••••••••••••••••••••••••••
ဤစာစုရေးနေစဉ်မှာပင်၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ချုပ် ဦးဇော်ဌေး (မှူးဇော်)၏ ‘ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပဋိဉာဉ် နှင့် သတ္တိ’ ဆိုသော ဆောင်းပါးကို FB တွင် ဖတ်လိုက်ရသည်။ စာရေးသူတို့လို သာမန် ညီလာခံ ကိုယ်စားလှယ်တွေ တက်ခွင့်မရသော UPDJC အစည်းအဝေးများမှ ဖြစ်ရပ်အချို့ကို သိခွင့်ရလိုက်သည်။ အစိုးရအဖွဲ့ (အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်) သဘောထားမှာ၊ “ ‘ခွဲမထွက်ရေး’ ကို အာမခံပြီး၊ ‘ကိုယ်ပိုင်ပြဌာန်းခွင့်’ ကို ယူပါ” ဆိုသော အပေးအယူ ဟု ဆိုသည်။ ‘တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ’၏ သဘောထားမှာ၊ “တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိနေသမျှ ခွဲမထွက်ပါ” ဆိုသော ခြွင်းချက်ဖြင့် လက်ခံလိုသည် ဟု ဆိုသည်။
စာရေးသူ၏ နားလည်ချက်ကို ပွင့်ပွင့်လင်းလင်းဆိုရလျင်၊ နှစ်ဘက်သံသယများ ရှိနေကြဆဲဟု ထင်ပါသည်။ ဤသည်မှာလည်း လွန်စွာမှပင် သဘာဝကျသည်ဟု ထင်သည်။ စာရေးသူထက်ပင် အသက်ကြီးသော ‘ပြည်တွင်းစစ်ကြီး’ ကို စစ်ပြိုင်တိုက်ခိုက်နေကြသော ဘက်နှစ်ဘက်အနေနှင့်၊ ချက်ခြင်းလက်ငင်း သံသယတွေ ကင်းပျောက်ဖို့ဆိုသည်မှာ အိပ်မက်ဆန်လွန်းပါသည်။ ဘယ်လိုမှ မဖြစ်နိုင်ပါ။ အကယ်၍ အဆိုပါ သံသယများကို ဖျောက်နိုင်လျင်ကား၊ ခြေခြေမြစ်မြစ် ခိုင်ခိုင်မာမာရှိသော အခြေခံမူများကို အသေအခြာ ရပါလိမ့်မည်။ ဤအတွက် တစ်ခုတည်းသော နည်းလမ်းကား၊ အကြိမ်ကြိမ် အထပ်ထပ် တွေ့ဆုံ၊ ဆွေးနွေး၊ ညှိနှိုင်းရုံမှလွဲ၍ အခြားနည်းလမ်းမရှိပါ။
စာရေးသူမှာ၊ ‘လက်နက်ကိုင် တော်လှန်ရေးဖြင့် ဗမာပြည်ကြီးကို ပြောင်း ပစ်မည်’ ဆိုသော ယုံကြည်မှုဖြင့်၊ ‘တော နှင် တောင်’ တွင် ကာလတစ်ခု ကျင်လည်ဖူးသည်။ ဆန့်ကျင်ဘက် အကျိုးဆက်တွေသာ ရခဲ့သည်။ ယခုအခါတွင်မူ၊ ‘သေနတ် မလိုတဲ့ နိုင်ငံရေး’ ကို ပြောင်းလဲ ခံယူခဲ့သည်မှာ၊ နှစ်အချို့မျှသာ ရှိသေးသော်လည်း၊ လက်ဆုပ်လက်ကိုင်ပြစရာ (အနည်းငယ်မျှဖြစ်စေ) ရှိသလောက် ရှိလာပေပြီ။ လက်နက်ကိုင်တော်လှန်ရေးက၊ ‘ကြာလေ၊ တိုင်းပြည် နာလေ’ ဖြစ်သည်။ ရန်သူတွေ မိတ်ဆွေဖြစ်အောင် လုပ်ကြရသော နိုင်ငံရေးက ကြာလေ၊ နားလည်မှုပိုရလေ၊ သံသယကင်းလေ၊ ငြိမ်းချမ်းရေးနှင့် ပိုနီးလေ ဖြစ်သည်။ ဤသည်ပင် အသက် (၆၆) နှစ်အရွယ် အဘိုးအိုပေါက်စ တစ်ဦး၏ တစ်သက်တာ နိဂုံးချုပ်ချက်ဟု ဆိုချင်သည်။
သမီးအောင်ဆန်း၏ ကျေးဇူးစကား
••••••••••••••••••••••••••••
ယခုစာစုကို၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏၊ ညီလာခံအပြီး ကျေးဇူးတင်စကားမှ ကောက်နှုတ်ချက်ဖြင့် နိဂုံးချုပ်ပါမည်။
“ဒီကနေ့ မှာတော့၊ မတူကွဲပြားမှုတွေ အကြားမှာ၊ ဘုံတူညီမှုတွေ ရှိနေတတ်တယ်ဆိုတာ၊ သေချာသွားခဲ့ပြီဖြစ်သလို၊ ဘုံတူညီမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညှိနှိုင်းဆွေးနွေး ရှာဖွေနိုင်တယ် ဆိုတာကို လက်တွေ့မှတ်ကျောက် တင်နိုင်ခဲ့ပါပြီ …။”
- ကောက်နှုတ်ချက်
- (မေ (၃၀) ထုတ် မြန်မာ့အလင်းသတင်းစာ)
ကျော်ဝင်း
၃၁၊ မေ၊ ၂၀၁၇
မှတ်ချက် - ယခုစာစုကို ညီလာခံတက်ခွင့်ရသော၊ ကိုယ်စားလှယ်တစ်ဦး၏၊ သူ၏စာဖတ်ပရိတ်သတ်သို့ တင်ပြသော၊ 'အစီရင်ခံစာ' သဘောဟုယူလိုက ယူနိုင်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...