Tuesday, June 20, 2017

အညှီနံ့များ

Tin Nyunt

“ဒကာကြီး ကျောင်းကို ခဏခဏ လာနေရတာ ပင်ပန်းပါတယ်။ အပြီးပဲ သာသနာ့ဘောင်ကို ဝင်လိုက်ရင် ကောင်းမယ်ထင်တယ်”
ဦးဇင်းလေးက ကျီစယ်မှုတွေ မလုပ်စဖူးလုပ်လိုက်လို့ အံ့အားသင့်သွားမိတယ်
“တပည့်တော်က သာသနာ့ဘောင်ဝင်ရင်လည်း ရဟန်းမြတ်တွေလိုပဲ နေထိုင်ကျင့်ကြံချင်တာဘုရား။ အရှင်ဘုရားတို့ ဝိနည်း သိက္ခာပုဒ်တွေကို အားလုံးမလိုက်နာနိုင်ဘဲနဲ့တော့ သာသနာ့ဘောင်ထဲဝင်လာပြီး အမှိုက်မဖြစ်ပါရစေနဲ့ဘုရား”
“သာဓု … သာဓု … သာဓုပါ ဒကာကြီး။ ဘယ်မှာနေနေပေါ့နော် … ကိုယ့်အပေါ်ကိုတော့ စိမ်းညှီတဲ့ အနံ့တွေ မဖုံးစေနဲ့ ဒကာကြီး။ စိမ်းညှီနံ့ကင်းအောင် ကြိုးစား”
“အရှင်ဘုရား …. ထူးဆန်းလိုက်တာ … စိမ်းညှီအနံ့ဆိုတာ ဘာကို ဆိုလိုပါသလဲဘုရား”
“ဒကာကြီးကို ဘုရားရှင်ခေတ်က အဖြစ်အပျက်လေးတစ်ခု ပြောပြချင်တယ်”

“မိန့်တော်မူပါဘုရား … အရှင်ဘုရားဆီက ကြားရသမျှဟာ တပည့်တော်အတွက် တန်ဖိုး မဖြတ်နိုင်ပါဘူး”
ဒိသမ္ပတိမင်းလက်ထက်မှာ မဟာဂေါဝိန္ဒဆိုတဲ့ ပုဏ္ဏားကြီးတစ်ယောက်ရှိတယ်။ မင်းဆရာ ပုဏ္ဏားကြီးပေါ့။ ပညာဉာဏ်လည်းကြီးတယ်။ မင်းအပေါင်းကို ပညာသင်ပေးသူလို့လည်း ဆိုနိုင်တယ်။
ဆရာကိုကြည်ညိုတော့ တပည့်တွေက ဘယ်လို သတင်းလွှင့်ကြသလဲဆိုတော့
“ငါတို့ဆရာသည် ဗြဟ္မာနှင့်ပင် တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးနိုင်သူဖြစ်သည်” ဆိုတဲ့ သတင်းတွေဖြစ်လာတယ်။
ဒီသတင်းကို မဟာဂေါဝိန္ဒကြားတော့
“ငါသည် ဗြဟ္မာကို မတွေ့နိုင်။ အများပြောသည့်အတိုင်း ဗြဟ္မာကိုတွေ့နိုင်ရန် ကျင့်ကြံလျှင် ကောင်းလေစွ”
ပုဏ္ဏားကြီးက ဆုံးဖြတ်ချက် ချပြီးချိန်မှာ မြို့အရှေ့ဘက်အစွန်းမှာ ဇရပ်တစ်ဆောင်ကို ဆောက်ပြီးတော့ တစ်ယောက်တည်းထွက်ကာ “ကရုဏာဈာန်” ကို ပွားများတယ်။ သူတရားကျင့်နေတဲ့ ဇရပ်ကိုလည်း ထမင်းပို့သူကလွဲပြီးတော့ ဘယ်သူမှ မလာစေဘူး။
လေးလတိုင်တိုင် ဗြဟ္မာကို တွေ့နိုင်ဖို့ ကရုဏာဈာန်ပွားနေပေမယ့် မတွေ့နိုင်တော့ စိတ်ပျက်တာပေါ့။ ဒါကြောင့်
“ဗြဟ္မာဆိုတာ ရှိရဲ့လား” လို့သံသယပွားပြီး တမ်းတနေချိန်မှာမှ ဗြဟ္မာကြီးတစ်ပါးဖြစ်တဲ့ သနကုင်္မာရက ရောက်လာပြီး
“မျက်မှောက်အကျိုးစီးပွား သို့မဟုတ် တမလွန်အကျိုးစီးပွား တစ်ခုခုမေးလော့” လို့ပြောတယ်။
ပုဏ္ဏားကြီးက
“ငါသည် မျက်မှောက်အကျိုးစီးပွားကို ကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် တမလွန် အကျိုးစီးပွားကိုသာ မေးမည်” ဆိုပြီး ဗြဟ္မာကြီးကို မေးလိုက်တာက
“အဘယ်တရားကို ကျင့်လျှင် သေခြင်းကင်းရာ ဗြဟ္မာပြည်ကို ရောက်နိုင်သနည်း” တဲ့
“စိမ်းညှီသော အနံ့ကင်းအောင်ကျင့်သူသည် ဗြဟ္မာ့ပြည်ကို ရောက်နိုင်သည်”
“ယခု ကျွန်ုပ်မှာ စိမ်းညှီသော အနံ့တွေ ရှိနေသလား”
“တစ်ဆယ့်လေးပါးနဲ့ ယှဉ်တွဲနေတဲ့ သတ္တဝါတိုင်းဟာ စိမ်းညှီနံ့ ရှိကြတယ်”
“အလို … ဒါဆိုရင် ကျွန်ုပ်ကိုယ်မှာလည်း စိမ်းညှီနံ့ စွဲနေတယ်ပေါ့”
“မှန်တယ် ဂေါဝိန္ဒ။ စိမ်းညှီနံ့စွဲနေရင် ဗြဟ္မလမ်းပိတ်တယ်။ ဗြဟ္မတံခါးပိတ်တယ်”
“အရှင်ဗြဟ္မာမင်း ကျွန်ုပ်အား တစ်ဆယ့်လေးပါးကို ပြောကြားပါ”
“အမျက်ထွက်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်စားခြင်း၊ အဆွေခင်ပွန်းတို့ကို ပြစ်မှားခြင်း၊ စေးနှဲခြင်း၊ အလွန် မာန်တက်ခြင်း၊ ငြူစူခြင်း၊ လိုချင်စိတ်ရှိခြင်း၊ ဝန်တိုခြင်း၊ သူတစ်ပါးကို ညှဉ်းဆဲခြင်း၊ တပ်မက်စိတ်ရှိခြင်း၊ စိတ်ဆိုးခြင်း၊ မာန်ယစ်ခြင်း၊ တွေဝေခြင်းတွေပဲပုဏ္ဏား”
သနင်္ကုမာရဗြဟ္မာကြီးပြောတာကို မဟာဂေါဝိန္ဒပုဏ္ဏား ဆင်ခြင်ကြည့်လိုက်တော့ လူ့ဘောင်ထဲမှာသာနေရင် အဲဒီ တစ်ဆယ့်လေးပါးကို ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်ဘူးဆိုတာ သိလာတယ်။ ဒါကြောင့် ရဟန်းဝတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
“အို … ဟုတ်တာပေါ့ဘုရား။ အရှင်ဘုရား ပြောသလိုဆိုရင် လူသားတိုင်းမှာ စိမ်းညှီနံ့ ဘယ်ကင်းမလဲ။ တပည့်တော်လည်း တစ်ဆယ့်လေးပါး မကင်းနိုင်သေးလို့ ရေချိုးဖို့လိုတာပေါ့ဘုရား … တပည့်တော်ကို တစ်ခုလောက် မေးလျှောက်ခွင့် ပြပါဘုရား”
“မေးလေ … ဒကာကြီး”
“သာသနာ့ဘောင်ထဲ ဝင်နေသူတွေမှာရော အဲဒီ တစ်ဆယ့်လေးပါး ကင်းပါရဲ့လားဘုရား”
“သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ရေသန့်သန့်လေးနဲ့ နေ့တိုင်းချိုးဖို့လိုတယ်။ ဒကာကြီး ဦးဇင်းလည်း နေ့တိုင်း ကိုယ်မှာ အညှီနံ့မကပ်အောင် ကြိုးစားနေတယ်။ ဒကာကြီးလည်း အညှီနံ့ကင်းအောင်နေနော်”
“ဒါဆိုရင်တော့ တပည့်တော် ပုဏ္ဏားကြီးလို ဆုံးဖြတ်ဖို့ လိုမယ်ထင်တယ်”
“မြန်မြန်ဆုံးဖြတ်ဒကာကြီး”
(ရည်ညွှန်း - ဒီဃနိကာယ်၊ မဟာဂေါဝိန္ဒသုတ်)
တင်ညွန့်
၂၁.၆.၂၀၁၇

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...