Friday, June 9, 2017

ပင်မြက် မြေစာ

#ဝေဟိဏ်း(ကောလင်း)

(၁)
တောရိပ်တောင်ရိပ်တို့ဖြင့်ဝိုင်းရံထားသော
နဘား မြို့ငယ်လေး သည် ဆောင်း၏နှင်းမူန်နှင်းစက်များ အောက်၌ ခိုက်ခိုက်တုန်နေသည်။ထို့အတူ
နဘားဘူတာရုံလေးသည်လည်း ညသန်းခေါင်ယံအောက်၌ ချမ်းလွန်းသဖြင့် ကွေးကွေးလေး
အိပ်ပျော်နေသယောင်။ဘူတာရုံပေါ်ရှိ ခရီးသွားများသည်လည်း ဟိုနားတစ်ဖွဲ့ သည်နားတစ်ဖွဲ့ နှင့် စောင်အထပ်ထပ်ခြုံကာအိပ်စက်နေကြ၏။ ဈေးသည် အချို့ကလည်း
စောင်ခြုံလျှက် ငုတ်တုတ်ထိုင် ပြီး ငိုက်နေကြ၏။ ဘူတာအဆင်း လှေကား နှင့်မလှမ်းမကမ်းရှိ
မီးဖိုနားဘေးဝယ် ဆိုင်ကယ်ကယ်ရီသမားများဝိုင်းဖွဲ့ကာ စကားကောင်းနေကြသည်။ ပျံကျ အလုပ်သမားတို့၏ ကြွေအံကစားသံကလည်း ညသန်းခေါင်ယံထက်၌ တိတ်ဆိတ်ခြင်းနှင့်အတူ စည်းချက်ကျကျ ထွက်ပေါ်နေသည်။
ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသော ရထားကလိုင်ခေါက်သံက နဘားဘူတာရုံလေး၏ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည်။ ကလိုင်ခေါက်သံကြောင့်ဘူတာတွင်းမှ ခရီးသွားများ ဈေးသည်များ အားလုံးမှာ ပုရွက်ဆိတ်အုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။
(၂)
"ဟဲ့ မိညို ...ထစမ်း ရထားဝင်တော့မယ်
ကောက်ညှင်းပေါင်းတွေ ဗန်းထဲထည့်တော့"
မိညို မျက်လုံးကို လက်နှင့်ပွတ်ခြေပြီး ငုတ်တုတ်ထထိုင်သည်။"အိပ်ကောင်းတဲ့ချိန်ဆို ရထားကလာပြီ "ဟု ပါးစပ်က ပွစိပွစိ ပြောပြီး အဒေါ်ဖြစ်သူကို လည်းစိတ်ထဲကရန်ထောင်မိသည်။ဒေါ်လေးစိန် ပြန်နွှေးလာသော
ကောက်ညှင်းပေါင်း အိုးကို မနိုင်တနိုင်နှင့်မပြီးဗန်းထဲ မှောက်ချသည်။နှစ်ရာတန် အထုပ်သုံးလေးထုပ် ထုပ်ပြီး ဗန်း ဘေးပတ်လည်မှာ စီထားရသည်။ပြင်စရာရှိတာပြင်ဆင်ပြီးနောက် ဒေါ်လေးစိန်ကို စောင့်ရ၏။ဒေါ်လေးစိန် အကြော်လာမပို့သေးခင် အခိုက်တန့်လေးမှာပင် ဒူးပေါ်ကို နဖူးတင်ပြီးငိုက်မြည်းမိသည်။ရှေ့ကိုကိုင်းလိုက်သဖြင့် ခါးဆီသို့ထိခတ်လာသော အေးစက်စက်လေ သည် အရိုးထဲထိအောင် ချမ်းစိမ့်စိမ့် အရသာ ကိုပေးသည်။တိုနံ့နံ့ ဆွယ်တာကို ဆွဲ ချပြီး ဒေါ်လေးစိန် ယောကျာ်း ဦးလေး ငွေတိုး၏ ပုဆိုးအဟောင်းကိုပုခုံးမှာ သိုင်းခြုံလိုက်သည်။
"မိညို....နင်ကတော့လေ
အအိပ်နဲ့အစား ဆို စိတ်ချရတယ်..
နင့်ဦးလေး တုတ် စာမိချင်ပြီထင်တယ်လာ သွားစို့"
ဦးလေး တုတ်စာ ဟု ပြောလိုက်သည်နှင့်
မိညို ကျော မှာ ကြက်သီး တွေ ဖြတ်ပြေးကုန်သည်။
အိပ်ချင်စိတ်ပင် အလိုလိုပျောက်သွားသည်။
ဗန်းလေးရွက်ပြီး ခြေလှမ်းကျဲကြီးနှင့်ထွက်သွားသော
ဒေါ်လေးစိန်နောက်သို့ အမှီပြေးလိုက်ရ၏။
အမြန်ကလိုင်ကျပြီး ရထားဆိုက်ရောက်လာတော့ မည်မို့ရထားလိုက်မည့်ခရီးသည်များ၊
လာကြိုသူများ၊ သုံးဘီးသမားများ၊ ဆိုင်ကယ်သမားများ နှင့်ဈးသည် များ အားလုံး ဘူတာ ပေါ်၌ လူပ်လူပ်ရွရွ ဖြစ်နေကြပြီ။
မိညိုလည်း ရထားဆိုက်တာနှင့် ချက်ချင်း ပြေးရောင်းဖို့ အသင့်ပြင်ထားသည်။
မီးလုံးဝင်းဝင်းကြီးနှင့်
အမှတ်(၅၇)အထူးမြန်ရထား သည် ဥသြသံ အဆက်မပြတ် ဆွဲရင်း ဘူတာရှေ့ ဒုတိယလိုင်း သို့
ငြိမ့်ညှောင်းစွာ ထိုးဆိုက်လာခဲ့သည်။
"သုံးဘီး ရမယ်နော် သုံးဘီး "
"ကသာခရီးသည်ပါလားဗျို့
ကသာ ကားရှိသေးတယ်"
"ဒုတိယလိုင်း ဟေ့ ရထားဆုံမယ်"
"ထမင်းရမယ် ...ထမင်း...."ဆိုသည့်အသံများ ပွက်ပွက်ညံနေတော့သည်။
ဆင်းသူကဆင်း တက်သူက တက်နှင့်
ပြာယာခတ်နေသော လူအုပ်ကြားထဲ
မိညို မနည်းတိုးနေရသည်။
လူကွဲမှာ စိုးသဖြင့်
"ကောက်ညှင်းပေါင်းပူပူလေး "ဆိုသော
ဒေါ်လေးစိန်၏ အသံစူးစူးကို နားစွင့်နေရ၏။
ရထားပြုတင်းပေါက်တွေဆီမျှော်ကြည့်ရင်း
"ကောက်ညှင်းပေါင်း ပူပူလေး "ဆိုပြီး
ရထားပေါ်ရှိလူများနှင့် ဒေါ်လေးစိန်ကြားအောင်
ခပ်ကျယ်ကျယ်လေး
ပြန် အော်လိုက်သည်။
ဒေါ်လေးစိန်က ရထားပြုတင်းပေါက်နားထိ တိုးကပ်ပြီး အော် ရောင်းနိုင်သော်လည်း
မိညို အရပ်က ပြုတင်းပေါက်ကို မမှီ။
"မီးမီး ကောက်ညှင်းပေါင်း...ဘယ်လိုရောင်းလဲ လာပါဦး "
ဆိုသည့်အသံကြောင့် ရထားတွဲနားအပြေးကပ်သွား သည်။ ဈေးဦးပေါက်
တစ်ထောင်ဖိုးကြီးမို့ ဝမ်းသာအားရထုပ်ပိုးပေးပြီးမှငါးထောင်တန်ကြီး ပေးသဖြင့် မိညို စိတ်အိုက်အိုက်နှင့်ခေါင်းကုတ်လိုက်မိသည်။
"အကြွေမပါဘူးလား ဦးလေး "
မိညို၏ အမေးကို ခေါင်းခါပြသဖြင့်
အိတ်ထဲ ၌အကြွေရှိမရှိဟိုရှာသည်ရှာထပ် ရှာကြည့်သည်။ဗန်းထဲက ဖက်အောက်ကို ဟိုလှန်ဒီလှန် ကြည့်သော်လည်းနှစ်ရာတန်ငါးရွက်သာရှိ၏။
ငါးထောင် တန်အမ်းဖို့ မပြည့်။
ဒေါ်လေးစိန် ကို လှမ်းရှာကြည့်သော်လည်း မတွေ့တော့ ။
လက်ဖက်ရည်ဆိုင် မှာ အကြွေလဲလိုက်မည်
ဟုပြောပြီး ဘူတာပေါ်သို့ခပ်သွက်သွက်တက်လာခဲ့သည်။

(၃)
ဒေါ်လေးစိန်နောက်ကိုထပ်ကြပ်မခွာ လိုက်နေရင်း
အရှေ့ဘက်တွဲ တွေဘက် မျှော်မျှော်ကြည့်ရသည်။ငါးထောင်တန်ပေးလိုက်သူတွေ လိုက်လာမှာကို မိညို စိုးရိမ်နေမိသည်။လိုက်လာခဲ့ရင်ဘယ်လိုဖြေရှင်းရမှန်းမသိ။လိုက်လာခဲ့ရင်ဆိုသော အတွေးကြောင့် ဈေးရောင်းလိုက် လှည့်ကြည့်လိုက် နှင့် ဗျာများနေမိတော့သည်။
"ဟဲ့ ဘာဖြစ်နေတာလဲ ဈေးရောင်းတာသေချာရောင်းစမ်း
ရထားဆိုက်တုန်းလေးရောင်းရတာကို "
ဒေါ်လေးစိန် ၏ဆူငေါက်သံက စိုးထိတ်နေသော မိညို စိတ်ကို ပိုဆိုး ပိုတိုးစေသည်။ ဒေါ်လေးစိန်၏ လက် ခေါင်းပေါ်ရောက်မလာခင် ကောက်ညှင်းပေါင်းကို အာရုံစိုက်ပြီး
ဆက်ရောင်း ရတော့သည်။
"ဟိတ် ကောင်မလေး
ငါးထောင်တန်အကြွေအမ်းဦးလေ "ဆိုသည့်
အသံကိုကြားလိုက်ရပြီး ချက်ချင်းဆိုသလို
မိညို ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံလိုက်ရသည်။
ကြောက်အားလန့်အားနှင့် ရုန်းသော်
လည်းမရ။ထိတ်လန့်စိတ်ဖြင့်
"ဒေါ်လေးစိန် ...ဒေါ်လေးစိန် ဒေါ်လေးစိန်"
ဆိုပြီးသာ ထပ်ခါတလဲလဲ အော် ခေါ်နေမိသည်။
"ဟဲ့ ...မိညို ဘာဖြစ်ပြန်ပြီလဲ "
ဒေါ်လေးစိန် ကောက်ညှင်းပေါင်းဗန်းကို ချထားခဲ့ပြီး
လုံချည်တိုတိုပြင်ဝတ်ကာ ပြေးပြေးလွှားလွှားနှင့် မိညိုနားကို ရောက်လာသည်။
မိညို ဘာမှ မဖြေရဲ ၊မဖြေတတ်သည်မို့
ငို ယိုနေမိသည်။
"အဒေါ့် တူမ ဆီမှာ ကောက်ညှင်းပေါင်းဝယ်တာ
ငါးထောင်တန် ပေးထားတာ...လေးထောင်အမ်းရမှာကို
မအမ်းသေးလို့ "
"ဟုတ်လား မိညို ငါ့ကိုပြောစမ်း..
အမလေးတော် ..အရေးကြောင်းဆိုငိုဖို့ပဲသိတယ်
ပြောစမ်း .. သူတို့ပြောတာဟုတ်လား"
စိတ်ကြမ်းကိုယ်ကြမ်း နှင့် ဒေါ်လေးစိန်၏ အော်ငေါက်သံကြောင့် မိညို တစ်ကိုယ်လုံး
ဆတ်ဆန်တုန်နေပြီ။ ရှက်ရွံ
ကြောက်လန့်စိတ်များက မျက်ရည်
အဖြစ်ပြိုဆင်းလာသည်။
မညို မဖြေတတ်။ ဖြေလည်းမဖြေချင်ပါ။မဖြေရဲသည့်အကြောင်းကလည်းရှိသည်။ အမှန်တိုင်းဝန်ခံလိုက်လျှင်
ပိုက်ဆံပြန်မအမ်းလို့ လိုက်ဖမ်းခံရသည်
ဆိုပြီး အရှက်ကွဲတော့မည်။
အမ်းစရာပိုက်ဆံလည်း မရှိတော့။
ထိုထက်ပိုဆိုးသည့်အကြောင်းရင်းကလည်းရှိသေးသည်မို့မိညို ခေါင်းကို သာတွင်တွင်ရမ်းနေမိသည်။
ရထားပေါ်က လူတွေနှင့်
ဈေးသည်တွေလည်း ဝိုင်းအုံလာကြပြီ။
"ကလေး က မဟုတ်ဘူးတဲ့ခေါင်းရမ်းနေပြီ "
ဒေါ်လေးစိန်၏ ဘောက်ဆတ်ဆတ်ပြန်ပြောသံ ကြောင့် မိညို ရင်ထဲက အပူ တစ်ထစ် လျှော့ရသည်။
ထိုစဉ်
"ရွှီး ..... .."ဆို သည့် ခရာတွတ်သံနှင့်အတူ
ရထားဥသြဆွဲသံကြားရသည်။
"လာပါကွာ ပြောမနေနဲ့တော့
ဒီလို လုပ်စားနေကြနေမှာ
ငွေလေး တပဲခြောက်ပြားနဲ့ ကိုယ့်တန်ဖိုးကို ကိုယ် ဖြတ်တဲ့သူတွေ "
သူတို့ပြောသွားတဲ့ တန်ဖိုးတွေဘာတွေကို မိညိုနားမလည်။သို့သော် စွပ်စွဲသွားသည်ကိုတော့ မိညို ခံရခက်သည်။
မိညို အမှန်တရားကိုပြောပြဖို့ စိတ်ကူးမိသည်။
သို့သော်လည်း မျက်လုံးထဲမြင်ယောက်လာသည့် နီရဲရဲ
မျက်ဝန်းတစ်စုံ ကြောင့် စိတ်ကူးများ မှာ
စကားလုံးအဖြစ်ထွက်မလာရဲကြ။
ဘာပဲဖြစ်ဖြစ်
သူတို့သွားတော့မည်ဆိုသောကြောင့် မိညို စိတ်ထဲ အနည်းငယ်မျှပေါ့ပါးသွားသည်။
"အား ..,.."
ဗိုက်ခေါက် ကိုလိမ်ဆွဲခံလိုက်ရသောကြောင့်
နာလွန်းသဖြင့် မြေကြီးပေါ် ထိုင်ချလိုက်ရသည်။
"ပြောစမ်း မိညို ...သူတို့ပြောတဲ့အကြွေအမ်းရမယ် ဆိုတာ ဟုတ်လား ..မလိမ်နဲ့နော် လိမ်ရင် ဒီထက်နာမယ် .."
ပါးစပ်တွင်းစီးဝင်လာသည့် ငံကျိကျိအရသာ ရှိသော မျက်ရည် နှင့်နပ်ရည်များကို ခြုံထားသောပုဆိုး စဖြင့် အရင်သုတ်လိုက်သည်။
အမှန်ကိုပြောဖို့သာ ဆုံးဖြတ်လိုက်ရသည်။
မပြောလို့လည်း မဖြစ်ပါ။ဒေါ်လေးစိန်
၏ လက်သံကို မိညို သေချာခံစားဖူးသည်။
မိညို ၏ ဗိုက်ခေါက်တွေ တစ်နေရာပြီးတစ်နေရာ
နေရာသာပြောင်းသွားမည် ဒေါ်လေးစိန် ဒေါသက ပြေမည်မဟုတ်။

(၄)
ဈေးဦးပေါက် ရောင်းရပြီမို့ မိညို အကြွေလဲ ဖို့အားတက်သရော်နှင့်ဘူတာပေါ်ရှိလက်ဖက်ရည်ဆိုင်သို့ ခပ်သွက်သွက်လျှောက်လာသည်။
အကြွေမြန်မြန်လဲ ပြီး ဆက်ရောင်းရဦးမည်။
ရထားခေါင်းပိုင်း နှင့် နောက်ဆုံးတွဲထိ ရောင်းပစ်လိုက်မည်ဟုလည်း အားတင်းလိုက်သည်။
မြန်မြန်ရောင်းမြန်မြန်ကုန် ရင် စောစောအိပ်ရမည်။ ဦးလေးငွေတိုးနှင့် ဒေါ်လေးစိန် ၏ ဗြစ်တောက်ဗြစ်တောက် ဆူပူသံများမှ လည်း နားချမ်းသာ သက်သာခွင့်ရမည်။
ကောင်းညှင်းပေါင်းကုန်သည်နှင့် စောင်ခြုံပြီးကွေးနေအောင် အိပ်ပြစ်လိုက်ဦးမည်
ဟုစိတ်ကူးလိုက်သည်။
"ဟဲ့... မိညို ရှေ့မကြည့်နောက်မကြည့်နဲ့
လူလဲ ဝင်တိုက်တော့မယ် ...ဈေးမရောင်းဘဲ
ဒါကဘယ်လဲ " ဆိုပြီး ဆီးဟောက်လိုက်သည့်
ဦးလေးငွေတိုး ကြောင့်
စိတ်ကူးလေးများပင် ကြက်ပျောက်ငှက်ပျောက်
ပျောက်သွားသည်။ အနားတိုးကပ်လာသည့်
ဦးလေးငွေတိုးထံမှ ချဉ်စုတ်စုတ် အရက်နံ့ကြောင့်
နောက်ကို ပြန်ဆုတ်လိုက်သည်။
"ကောက်ညှင်းပေါင်းဝယ်တဲ့လူက ငါးထောင်တန်ပေးလို့ ...အကြွေမအမ်းနိုင်လို့
လာလဲတာ "
ဟု မဖြေချင်ဖြေချင်နှင့်ဖြေလိုက်ရာ
ဦးလေးငွေတိုး၏ မျက်နာ၌ အချိုမချဉ် အပြုံးများ ပေါ်လာသည်။
ဦးလေးထံမှ သည်အပြုံးမျိုးကို မိညို အကြောက်ဆုံး အရွံ့ဆုံး ဖြစ်သည်။
မိညို ကို ရိုက်သည့်အခါ
ဒေါ်လေးစိန်ကို နှိပ်စက်သည့်အခါ
၌ ပေါ်လာတတ်သောအပြုံးမျိုး။
ဒေါ်လေးစိန်က ဦးလေးငွေတိုးကို ယှဉ်ပြီး
လုံးရဲ ထွေးရဲ သူမို့ သက်သာသော်လည်း
မိညိုအတွက် မူ ဦးလေးငွေတိုးနှင့် ဒေါ်လေးစိန်တို့ သေဆိုသေ ရှင်ဆိုရှင် ဆိုသည့်
ဘဝထဲကမို့ မထောင်းတာ။
"ပြစမ်း ငါ့ကို အဲဒီ ငါးထောင်တန်"ဟု
အမိန့်သံဆန်ဆန် ပြောလိုက်သော
ဦးလေးငွေတိုး၏ မျက်နာကို ကြောက်ရွံသိမ်ငယ်စွာ ကြည့်မိသည်။
ဆုပ်ထားသောငါးထောင်တန်ကိုနှမြောစွာဖြင့်
ဖြန့်ကြည့်လိုက်သည်။
"ဟာ ပြမယ့် အရေးကိုပြတာ မဟုတ်ဘူး" လက်ထဲက ပိုက်ဆံကို အတင်းဆွဲယူပြီး
တွန်းထုတ်လိုက်သောကြောင့် မိညို နောက်သို့ လှန်ကာ ဟန်ချက်ပျက်ပြီး ဘယ်ဘက်ခြေထောက်ဆီမှ စူးကနဲခံစားလိုက်ရသော်လည်း
ကောက်ညှင်းပေါင်းဗန်းကိုသာ ပြုတ်မကျအောင် ဂရုစိုက်ရသည်။ ကောက်ညှင်းပေါင်းဗန်းသာ မှောက်ကျလျှင် ဆိုသည်ကို မိညိုမတွေးရဲ။
ခြေထောက်နာသည်ထက်ပိုနာမည်ကတော့ဖြင့်သေချာသည်။
"သွားတော့နင့်ဒေါ်လေးစိန် နောက်ဆုံးတွဲ
နားမှာ " ဟု ဆိုသဖြင့်
"ဟို ..ဟို အကြွေပြန်အမ်းဖို့ "ဟု မထူးခြားနိုင်မှန်းသိသော်လည်အားတင်းကာအရဲစွန့်ပြီးပြောမိသည်။
"ငါ ..လုပ်လိုက် နာတော့မယ် မိညို
သွားဆိုရင်သွားစမ်း ...အေး ပိုက်ဆံကိစ္စ နင့်အဒေါ် မသိစေနဲ့ သိလို့က တော့ ငါ့လက်သံ ကို သိတယ်မလား "
ဦးလေးငွေတိုး၏ ဒေါသတကြီးကြိမ်းဝါးသံနှင့် နီရဲပြီးစူးရှသော အကြည့်အောက်မှ လွတ်မြောက်ဖို့ ဒေါ်လေးစိန်ရှိရာ အနောက်တွဲဆီသို့သာ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ စိတ်ထဲ၌ ကြောက်ရွံခြင်း
နှင့် လိပ်ပြာမလုံခြင်းများဖြင့် ဖိစီးနေသည်။
ဈေးဦးပေါက်ကောက်ညှင်းပေါင်း ဝယ်စားသူရှိရာ တွဲဘက်ဆီသို့မဝံ့မရဲ လှည့်ပြီးကြည့်မိသည်။လူများရှုပ်ထွေး
နေသည်မို့သာ မိညို အသက်ရှုချောင်ရ သည်။
(၅)
မိညို စကားကိုနားထောင်ပြီး ဒေါ်လေးစိန်၏ မျက်နာသည် ညိုမည်းကာ ဒေါသစိတ်ကြောင့် အသက်ရှုသံများပိုကျယ်လာသည်။
"နေဦး သူတောင်းစား ဒါမျိုးခနခန လုပ်နေတာ
ငါနဲ့တွေ့မယ်" ဆိုပြီး ဒေါင်းတင်မောင်းတင်
ဖြင့်ဒေါကြီးမောကြီးထွက်သွားသောဒေါ်လေးစိန်ကိုကြည့်ကာ
ထပ်ငိုမိပြန်သည်။ ကြွေအံဝိုင်းမှာ ဦးလေးငွေတိုးကို ဒေါ်လေးစိန်လိုက်ရှာမည် ။
ကြွေအံဝိုင်းမှာ မတွေ့လျှင် မိုးလင်းဖွင့်သည့် အရက်ဆိုင်ကို လိုက်သွားမည်။ပြီးလျှင် လင်မယားနှစ်ယောက်ရန်ဖြစ်မည်။
ဒေါသစိတ်ကျန်သေးလျှင် မိညို အပေါ် ပုံချကြတော့မည်။ မိညို မျက်ရည်တွေကို
လက်ခုံဖြင့် ပွတ် သုတ်လိုက်သည်။ ကြီးစိုးလာသည့် ကြောက်စိတ်ကှို
ခေါင်းထဲကနေ ထွက်သွားအောင် ခေါင်းကိုခါရမ်းပြီး ကြိုးစားသည်။ သို့သော် မထူးခြား။
ကြောက်မြဲကြောက်နေမိသည်။
ဥသြသံပေးပြီး တဂျုံးဂျုံး တဂျက်ဂျက်နှင့်ထွက်ခွာသွားသော
ရထားနောက်မှီးကိုကြည့်ပြီး
မိညို အရှုးတစ်ယောက်လို အာခေါင်ခြစ်ကာ
"နောက်ခါ ကောက်ညှင်းပေါင်းဝယ်ရင်
အကြွေနဲ့ဝယ်ကြပါရှင် "ဟု ကြုံးအော်ပစ်လိုက်ချင်သော်လည်းစကားလုံးများက လည်ချောင်းဝ တင် တိုးလျှပျောက်ကွယ်သွားသည်။ငါးထောင်တန်မပေးဘဲ အကြွေသာပေးခဲ့လျှင် ဆိုသည့်အတွေးကလည်း ခေါင်းထဲ လာလာ နှိပ်စက်သည်။
ရထားကြီးလည်းထွက်သွားပြီ ။
ပိုက်ဆံ အမ်းပေးစရာ မလိုတော့ပြီ။ံ
ဒေါ်လေးစိန်လည်း အနားမှာ မရှိတော့။
ဘူတာ ပတ်ဝန်းကျင်တဝိုက် တွင်လည်း
တဖြည်းဖြည်း နှင့်လူသူကျဲပါးနေပြီ။
လွန်ခဲ့သည့်မိနစ်ပိုင်းအချိန် ၌ ဆူညံပွက်လော
ရိုက်နေခဲ့သော ဘူတာရုံလေးကို တိတ်ဆိတ်ခြင်းက
ကြီးစိုးလာပြန်သည်။
မိညိုအတွက် မူ နာကျင်ခြင်း စိုးထိတ်ခြင်း
ကြောက်ရွံ ခြင်းတို့မှ လတ်တလောကင်းဝေးနေသေးသည်။
နှင်းရည်နှင်းငွေ့များ ရောစွက်နေသော လေကို
မိညိုအားရပါးရ ရှုရှိုက်လိုက်သည်။လတ်ဆတ်သောလေက
အဆုပ်တွင်းသို့အပြည့်အဝ ဝင်သွားသည်။လွတ်လပ် ပေါ့ပါးခြင်း ဆိုသော အရိပ်အငွေ့ကို မိညိုရင်ထဲ ခံစားမိသလိုရှိသည်။
စိတ်အားငယ်မူ့တို့ပျောက်ပြီးအနည်းငယ်မျှ ရဲရင့်လာခဲ့သည်။
သို့သော်
မိညိုစိတ်တွင်း သေချာစွဲနေသည်က ဤ လွတ်လပ်ပေါ့ပါးရဲရင့်သော စိတ်သည်
ဦးလေးငွေတိုးနှင့် မဆုံသေးမီကာလနှင့်
ယခုလက်ရှိ အချိန်ပိုင်းလေး၌သာ....။ မျက်လုံးကို မှိတ်ပစ်လိုက်တော့မျက်နာပြင်ထက်၌
ပူနွေးသော မျက်ရည်စီးချောင်း များ ဖြစ်ထွန်းသွားသည်။ စီးဆင်းလာသည့် မျက်ရည်များ နှင့် မြက်ပင်ထက်၌ တွဲလွဲခိုနေသော နှင်းရည်နှင်းစက် တို့ ရောနှောသွားလေသည်။
ဝေဟိဏ်း (ကောလင်း)
နိုင်ငံခြားပြန် ရသ ဝထ္ထု တိုများ"စာအုပ်ထဲက တစ်ပုဒ်အပါဝင်ဖြစ်သလို ရွှေအမြူတေ မဂ္ဂဇင်း
ရွှေအသစ်ကဏ္ဍမှာ ပါခဲ့တဲ့ ဝထ္ထု။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...