Saturday, November 12, 2016

မတော်တဆ

Tin Nyunt

ဂျပန်နိုင်ငံ တောကျောင်းလေးတစ်ခုတွင်ဖြစ်သည်။ ဆရာရှိုဘက မျက်လုံးလေးမှိတ်ပြီး အနားယူနေစဉ် တပည့် တစ်ဦးက
“ဆရာ … ပညာရှိဆိုတာ ဘယ်လိုလူကို ခေါ်တာပါလဲခင်ဗျာ” ဟုမေးလိုက်သည်။
ဆရာရှိုဘက မျက်လုံးကိုဖွင့် ပြုံးလိုက်ပြီးနောက်
“ပညာရှိဆိုတာတာ သင်ကြားနေသူတွေမဟုတ်၊ သင်ယူနေသူတွေဖြစ်တယ်တပည့်” ဟု ပြန်ဖြေလိုက်သည်။ တပည့်က မကျေနပ်ဘဲ
“ဆရာ ပညာရှိတစ်ဦး မဟုတ်ပါလား”
“တပည့် … ငါသည် ပညာရှိမဟုတ် … ငါ့ကို ပညာရှိဟု မခေါ်နိုင်”
“အဘယ်ကြောင့်နည်းဆရာ”
“တပည့် … ပညာရှိဆိုသောသူများသည် မတော်တဆ ဖြစ်လာသူများဖြစ်သည်”
“ဆရာ့အဖြေ ဘဝင်မကျပါ။ ပညာရှိဆိုတာ ကြိုးစားအားထုတ်၍မဟုတ် … မတော်တဆ ဖြစ်လာရသည် ဆိုသော ဆရာ့စကား ဘဝင်မကျမိပါ”

အခြားတပည့်တစ်ဦးကလည်း
“ဒါဆိုရင် ဆရာလည်း ပညာရှိဖြစ်ပြီလား”
“ငါသည် ပညာရှိ မဖြစ်သေးပါ”
နောက်တပည့်တစ်ဦးက
“ဆရာ … ဆရာပြောတာ ပညာရှိဆိုတာ မတော်တဆ ဖြစ်လာတယ်လို့ပြောတယ်။ သူတို့မှာ စဉ်းစားဆင်ခြင် ဉာဏ်မရှိဘဲနဲ့တော့ ပညာရှင် ဖြစ်လာမယ် မထင်ဘူး။ မတော်တဆဆိုတာ မတော်တာကို ဆနိုင်မှ ပညာရှိ ဖြစ်လာမယ်ထင်ပါတယ်”
ဆရာက ပြုံးလိုက်ပြီး
“ဟုတ်တယ် … မင်းလည်း ခုပဲ ပညာရှိဖြစ်လာပြီထင်တယ်”
“ဘာကို ဆိုလိုပါသလဲဆရာ”
“ပညာရှိဆိုတာ ပြောသမျှ ငြိမ်ခံ၊ ပြန်မပြော၊ နားထောင် အလကားကောင်တွေ မဟုတ်ဘူးကွ။ ပညာရှိဆိုတာ မတော်တာတွေကို တွေ့နေ ရရင် နှိုင်းဆဝေဖန် ပြောဆိုနိုင်တာမှ ပညာရှိကွ။ ဒါကြောင့် လူတိုင်း ပညာရှိဖြစ် နိုင်တယ်။ မတော်တာကို ဆနိုင်မှ ပညာရှိကွ။ ဟုတ်လိုက်တာ … ခုပဲ မင်းက ငါ့ကို အလင်းပြသွားပြီ”
၁၀.၁၁.၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...