Monday, February 28, 2011

နောင်ပေး



(က)
နို့ဖိုးဒုက္ခသည်စခန်းကို ရောက်စ၊ နာမည်လေးကိုကြားစ၊ ထူးထူးဆန်းဆန်းနဲ့ လှလှပပလေးမို့ စိတ်ဝင်စားမိ ခဲ့တယ်။ နောင်ပေး တဲ့။ ဒုက္ခသည်စခန်းသုံးလေးခုမှာ နေခဲ့ဖူးလို့ ဒုက္ခသည်ပါးဝနေပြီပြောနိုင်ပေမယ့်၊ ဒီ နောင်ပေး ဆိုတာနဲ့ ကျနော် မနီးစပ်ခဲ့တာအမှန်။ အစပိုင်းဒုက္ခသည်ဘ၀လို့ပြောရမယ့် ထိုင်း၊ ကရင်နီနယ်စပ် နို့ပအားဒုက္ခသည် စခန်းမှာနေခဲ့ ရစဉ်က လူပျိုဘ၀လည်းဖြစ်၊ ABSDF ရဲဘော်ဘ၀ လည်းဖြစ်တာမို့ ဒီလိုကိစ္စတွေကို အာရုံမရမိ၊ ဂရုလည်းမထားခဲ့မိလို့ မကြားခဲ့၊
မသိခဲ့ရတာမျိုးလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဇလား၊ မယ်လာဥ စတဲ့ ဒုက္ခသည်စခန်ုးတွေမှာ နေရချိန်မှာတော့ ABSDF ရဲဘော်ဘ၀ဖြစ်သေးပေမယ့် အိမ်ထောင်သည်ဘ၀၊ ကလေးနှစ်ယောက်ရဲ့ အဖေ။ မိသားစုစားဝတ်နေရေးတွေနဲ့ နပန်းလုံးနေရပြီ။ ဒါလည်း ဒီ နောင်ပေးဆိုတဲ့နာမည်ကိုရော၊ အလားတူအဓိပ္ပါယ်ရှိတဲ့ တခြားနာမည်တွေကိုရော မကြုံခဲ့၊ မကြားခဲ့ရ။ ခုမှသာ့  ။

ကိုဝင်းကြိုင်ကတော့ပြောပါတယ်။ ဒါမျိုးတွေက ဟို့း့  မဆလခေတ် သမ၀ါယမဆိုတာတွေ ခေတ်စားနေချိန် ထဲက ရှိနေတာပါတဲ့။
"ကိုလူဗိုလ်ရယ် ဒီနောင်ပေးဆိုတဲ့ယဉ်ကျေးမှုက စစ်တပ်ထဲမှာယဉ်ပါးနေတာကြာပါပြီ။ ဗိုလ်ကတော်တချို့နဲ့ တပ်ကြပ်ကြီးအဆင့်လယ်ဘယ် ကတော်တွေက ဒါတွေနဲ့ပဲလုပ်စားနေကြတာ။
အဲ့ဒီမှာတော့ နောင်ပေးလို့မသုံးကြဘူး၊ ကြိုကန် တဲ့။ တနှစ်ကြိုကန်၊ နှစ်နှစ်ကြိုကန်အထိတောင် ရှိကြသေးတယ်။ ရိက္ခာထုတ်ရက်တွေဆို ငိုပွဲတွေ၊ ရန်ပွဲတွေ ချိမ့်ချိမ့်သဲပဲ။"

(ခ)
ကျနော့်မိန်းမရဲ့သူငယ်ချင်း အယ်မူးဒါးဆိုတာက ဒီနို့ဖိုးကိုရောက်နေတာ ရ နှစ်ကျော်ပြီ။ လည်လည်ဝယ်ဝယ်နဲ့ သွက်သွက်လက်လက်မို့ ကျန်းမာရေးဌာနတခုမှာလည်းအလုပ်ရှိ၊ ၀က်မွေးမြူရေးလုပ်ငန်းလေးလည်းလုပ်၊ ဟိုစပ်စပ် ဒီစပ် စပ်လည်း ရောင်းဝယ်တတ်တော့ အသင့်အတင့် သုံးနိုင်စွဲနိုင်တယ်။ ငွေပိုငွေလျှံလေးတွေ လည်းရှိတယ်။ ဒါကြောင့်ပဲ ကျနော်တို့အခက်အခဲရှိတိုင်း သူ့ဆီမှာ သွားသွားဆွဲသုံးနေကျ။ အတိုး၊ ဘာညာပေးစရာလည်းမလိုဘူးလေ။ နောက်တော့ နီးစပ်ရာ အသိုင်းအ၀ိုင်းထဲက မိတ်ဆွေတချို့အခက်အခဲဖြစ်ကြရင်လည်း ကျနော့်မိန်းမကကြားကနေတဆင့် ကူညီပေး တတ်လာတယ်။ ဒီတော့ ကြားထဲကကျနော့်မိန်းမက မုန့်ဖိုးလေး၊ ဟင်းဖိုးလေးတွေ သုံးရတာပေါ့။
ဒီလိုနဲ့ပဲ ပိုအမြင်ကျယ်လာတယ်လို့ ပြောရမလာ့း့ ။ ကျနော့်မိန်းမက ငွေ ၂၀၀၀၊ ၃၀၀၀ လောက်ကို သူ့ သူငယ်ချင်းဆီကယူထားပြီး၊ ရပ်ကွက်ထဲက အရောင်းအ၀ယ် ဇ,ရှိသူ၊ ကျွမ်းကျင်သူလို့ယူဆရသူ အမျိုးသမီးအဖော်တွေနဲ့ တွဲပြီး စီးပွားရှာကြပါလေရော။ မြင်မြင်နေရတာကတော့ ဒုက္ခသည်တွေကို ထုတ်ပေးနေကျ ဆီ၊ ဆန်၊ ပဲ ဆိုတာတွေကို လိုက်ဝယ်လိုက်၊ ပြန်ရောင်းလိုက်နဲ့ပေါ့ဗျာ။ တချို့ကို ရိက္ခာထုတ်တဲ့ရက်တွေမှ လိုက်ဝယ်တာမျိုးတွေ့ရပေမယ့်၊ တချို့ကို တော့ ကြိုဝယ်တာမျိုးတွေ့ရတယ်။ ပိုက်ဆံကြိုထုတ်ပေးတာမျိုးပေါ့။
ငွေအမြဲလိုနေတဲ့ ဒုက္ခသည်ဘ၀မှာတော့ နောင်ခါလာနောင်ခါဈေးပဲလေ။ ယာယီပြေလည်ရေးအတွက် မျက်စိ စုံမှိတ်ရောင်းနေရတာပဲ။ နစ်နာမှန်း၊ ဆုံးရှုံးမှန်း မသိဘယ်ရှိကြပါ့မလဲဗျာ။
ဟုတ်တယ်လေ။ မနက်ဖန်ဈေးနေ့ဆို ငွေလိုပြီ။ အိမ်မှာ တယောက်ယောက်ဖျားနာပြီဆို ငွေလိုပြီ။ တတိယနိုင်ငံက ဆွေမျိုး၊ မိတ်ဆွေတွေဆီ အကူအညီလှမ်းတောင်းမယ်ဆို ဖုန်းဖိုးတို့၊ အင်တာနက်ဖိုးတို့ လိုပြီ။ ကလေးမွေးနေ့ပွဲလုပ်ဖို့၊ အရေးပေါ်ဖိနပ်ပြတ်လို့၊ ထီးဆောင်းစရာမရှိလို့၊ ဗီဒီယိုလေးငှါးကြည့်ချင်လို့ စသဖြင့်ပေါ့။ နောက်ဆုံး ဇ၀က်သာ(အရက်) လေးသုံးစွဲချင်လို့။ ကောက်ညှင်း(အရက်)လေးမှီဝဲချင်လို့ကအစ ဒီနောင်ပေးနဲ့ ပတ်သက်လာတယ်။ မျှမျှတတနဲ့ ရိုးရိုးသား သားရှိကြလို့ နှစ်ဖက်ပြေလည်ကြရင် ပြီးတာပါပဲ။

(ဂ)
ဥပမာပြောရမယ်ဆိုရင်တော့ ဆန်တပုံးကို ၁၅၀ လောက်ပေါက်နေချိန်မှာ ငွေလိုတဲ့လူက ၁၀၀ လောက်နဲ့ ကြိုရောင်းတာမျိုး။ ဆီတလစ် ၄၀ လောက်ရှိနေချိန်မှာ ကြိုယူမယ်ဆို ၃၀၊ ဆိုတာမျိုးပေါ့။
အစပိုင်းတော့ အိုကေတဲ့ပုံပါပဲ။ ရတဲ့အမြတ်တွေကို ခွဲဝေသုံးစွဲကြရင်း အူစိုနေကြတာပေါ့။
အဖိုးကြီးရယ် ရှင့်ကျောင်းဆရာအလုပ်က မြင်ရတာနဲ့တင် စိတ်ပင်ပန်းပါတယ်။ ကျမလည်းငွေရှာတတ်နေပြီပဲ။ ကျမတခါလုပ်ကျွေးဦးမယ်လေ။
ရှင့်ကျောင်းဆရာလစာက ကျမတပတ်ရှာတာလောက်တောင် မရှိပါဘူး။ လုပ်မနေပါနဲ့တော့
မိန်းမလေသံက ကျယ်မယ်ဆိုလည်း ကျယ်လောက်တာကိုး။ ကျနော့်လခက တလမှ ၅၀၀။ မလောက်မငှနဲ့မို့ မြက်တပင်ဆွဲမိလည်း မနဲပါဘူးဆိုပြီး ခွန်းတုန့်မပြန်ပဲ ငြိမ်နေလိုက်ရတယ်။ ဒုတိယဘုရားရဲ့အစွမ်းကတော့ အံ့မခမ်းပါပဲ။ အရင်ကစကားပြောရင်မပွင့်တပွင့်နဲ့ မေးတဲ့လူရှိမှပြောတတ်တဲ့ ကျနော့်မိန်းမ။ ခုတော့ တရားဟောဆရာဖြစ်နေပြီလေ။ တိုးတက်လာတယ်ဆိုတော့ ၀မ်းသာရတာပေါ့ဗျာ။
ဒါပေမယ့် သိတ်မကြာလိုက်ပါဘူး ပြဿနာပေါ်လာတော့တာပဲ။ ကြိုယူထားတဲ့လူတွေ ပေးချိန်ကျမှပြဿနာရှာ တာတို့၊ သူနဲ့တွဲလုပ်နေတဲ့ ပါတနာတွေက ရှန်တိန်လုပ်သွားတာတို့နဲ့ အရင်းပြုတ်ပါလေရော။ လက်ထဲမှာ နာမည်တွေ ရေးထားတဲ့ အကြွေးစာရင်းစာအုပ်တွေပဲ အဖတ်တင်ကျန်ရစ်ခဲ့တယ်။ ဒီတော့မှ မိန်းမလေသံက ပြန်မှန်လာပြီး
သိတ်လည်တဲ့မိန်းမ သိလား။ ကျမဆီကယူထားပြီးမှ ဟိုဖက်ရပ်ကွက်က အဖွားကြီးဆီမှာလည်း ထပ်ယူထား သေးတယ်လေ။ အဲ့ဒီအဖွားကြီးက အာကလည်းကြမ်း၊ သူ့ကိုမပေးရင် ပလာနဲ့တိုင်မယ်ပြောလို့ ကြောက်ကြောက်နဲ့ပေး လိုက်ရတာတဲ့
ကျနော့်ကိုယုံပါ။ တသက်လုံးဘယ်သူ့ဆီကမှ နှမ်းတစေ့တောင် မတရားသဖြင့်မယူဖူးပါဘူးဆိုတဲ့ အုံးဖန်မှာ အလုပ်ထွက်ထွက်လုပ်နေတဲ့ ကောင်လေ။ ခုတော့ သူ့မိသားတစုလုံးကိုပါခေါ်ပြီး ပြေးပြီလေ။
တတိယနိုင်ငံရောက်တာနဲ့ သူ့အကျွေးကို အမြန်ဆုံးဆပ်ပါမယ်ဆိုပြီး၊ တငိုငိုတယိုယိုနဲ့ လာလာတောင်းပန်တတ် တဲ့ ကလေး ၃ ယောက်နဲ့ မုဆိုးမလေ၊ အမေရိကန်ကိုထွက်သွားတာ ၆ လပြည့်တော့မယ်။ တချက်လေးဖုန်းပြန်ဆက်ဖော် တောင် မရပါဘူးတော်
ထားလိုက်ပါတော့ရှင်။ ကျမတို့လည်း ၄၊ ၅၊ ၆ လလောက် စားခဲ့ရပြီးပြီပဲ။ ကျမတို့အရင်းကြေလောက်ပါပြီ။
အယ်မူးဒါးကပြောတယ်၊ သူတို့လည်း ထွက်ရခါနီးပါပြီတဲ့။ ပြန်ပေးစရာမလိုတော့ပါဘူးတဲ့။ တကယ်လို့ အကြွေး တွေ ပြန်တောင်းလို့ရရင်တောင် ကျမတို့ပဲသုံးလိုက်တော့တဲ့
ကောင်းပါ့ဗျာ။ ဒီလောက်နဲ့တင်စခန်းပြတ်သွားလို့။ ရုံးမရောက်၊ အချုပ်မရောက်နဲ့ ပြဿနာမရှိရင်ပဲ တော်ပါပြီဗျာ။ ရန်ဖြစ်ဟယ်၊ အော်ဟယ်ဆဲဟယ်တော့ မလုပ်ပါရစေနဲ့။
တော်ပါသေးရဲ့။ ကျောင်းဆရာဘ၀လေးကို ခြေစုံမကန်ခဲ့မိလို့ 
နောင်ပေးဆိုတဲ့လုပ်ငန်းက လုပ်တတ်ကိုင်တတ်သူများကြတော့ စီးပွားဖြစ်ကြပါတယ်ဗျာ။ တချို့လုပ်သက်ရင့်ရင့် နောင်ပေးရှင်တွေဆို ရွှေကို ပိဿလိုက်တောင်ရှိကြတယ်ဆိုပဲ။ ကိုယ်ပိုင်ကားနဲ့၊ ဆိုင်ကြီးကနားကြီးတွေနဲ့လေ။ ဒီလိုလူမျိုး တွေကျတော့ အောက်ခြေအထိဆင်းဝယ်မနေတော့ဘူး။ လက်ခွဲတွေမွေးထားပြီး ခေါင်ကိုကိုင်ထားလိုက်တာ။ အချိန်ကျမှ သူ့လက်ခွဲတွေဆီက ပဲတို့၊ ဆီတို့၊ ဆန်တို့ကိုပြန်စုပြီး၊ မြို့ပေါ်က ထိုင်းဆိုင်ကြီးတွေကို ကားအစီးလိုက်အစီးလိုက် ပို့ပို့နေ တာ တွေ့နေရတာပဲလေ။ အဲ့ဒီကနေ ဒုက္ခသည်စခန်းတွေကို တခါပြန်ပြန်ရောက်လာတာလို့ ပြောကြတဲ့ ကောလဟာလ သတင်းတွေလည်းရှိရဲ့။ သံသရာလည်နေတာပေါ့။ ဒီသံသရာထဲက ဒုက္ခသည်တချို့မှာသာ့  ။

(ဃ)
နောင်ပေးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေကို နို့ဖိုးစခန်းအနှံ့ ဖါးကောက်သလိုလိုက်ကောက်ရင် ကောက်ရင် ကောက်သလောက်ရနိုင်တယ်။့  တကယ်။
ဆန်လေး ၂ - ပုံးဖိုးယူမိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်အဖြစ်က လိုက်လို့မမီနိုင်၊ နားမလည်နိုင် လောက်အောင်ပါပဲ။ အခက်အခဲကြောင့် ကြားမှာသုံးလလောက်ကြာသွားတာ၊ အတိုးချည်းသက်သက်ကို ၇၀၀ လောက် ပေးလိုက်ရတယ်ဆိုပဲ။ ဒါတောင် တောင်းတောင်းပန်ပန်နဲ့တဲ့။ ဖြစ်ပုံကဒီလို။ ယူပြီးမှဆန်ဈေးကတက်သွားတာ ၂၀၀ အထိ ဖြစ်သွားတယ်။ ရိက္ခာထုတ်ချိန်မှာ မပေးဖြစ်တော့ ယူထားတဲ့စာရင်းမှာ ၄၀၀ ဖြစ်သွားရော။ ဒါကနောက်လအတွက် ချေးငွေ ပြန်ဖြစ်ပြီး ဆန် ၄ ပုံးစာရင်းဝင်။ တတိယလရောက်တော့ ၈၀၀ ဖြစ်။ ဒါနဲ့ပဲ နောက်လဆို ၁၆၀၀ ဖြစ်သွားမှာကိုကြောက်တဲ့ နိုင်ငံရေးသမားက တခြားရနိုင်တဲ့နေရာက ငွေ ၇၀၀ ကိုဆွဲ၊ အတိုးသွားသတ်လို့ နောက်လမှာ ဆန် ၂ ပုံး ပဲပေးရတော့တာ တဲ့။ သြော် ကြောက်စရာ၊ ကြောက်စရာ့  ။
နောက်မိသားစုကလည်း နိုင်ငံရေးအသိုင်းအ၀ိုင်းကပဲ။ ဒီအဖြစ်ကတော့ မိန်းမကလေးဖွားပြီးချိန်မှာ အဟာရလေး စားချင်လို့ဆိုပြီး နောင်ပေးယူလိုက်မိတာလေ။ တတိယနိုင်ငံရောက်ရဲဘော်များရဲ့ အကူအညီရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေါ့။ အဆုံးအဖြတ်မြန်လို့ပေါ့။ နောက်လပို့ပေးမယ် နောက်လပို့ပေးမယ်နဲ့ စောင့်နေရတာကိုသီးမခံနိုင်တဲ့အဆုံး လင်မယား နှစ်ယောက်လုံးရမယ့်စကေးကို အငတ်ခံပြီး အကျေပြန်ဆပ်လိုက်လို့။ တော်သေးတာပေါ့ နီးစပ်ရာတွေက ၀ိုင်းကူလိုက်ကြ လို့ ထမင်းပါမငတ်ကြတာ။ တတိယနိုင်ငံကအကူအညီကတော့ ကလေး ၆ လ ပြည့်မှရောက်လာတယ်တဲ့။
နောက်အဖြစ်တခုက ကျနော်စာသင်နေတဲ့ကျောင်းက လေးတန်းကျောင်းသူလေး။ လိမ္မာရေးခြားရှိပြီး၊ စာတော် သူလေး။ ဒီနောင်ပေးကြောင့်ပဲ ကျောင်းပါထွက်သွားရတာ။ ဖြစ်ပုံကဒီလို။ သူ့အဖေက ၀ါရင့်အရက်သမားတဲ့။ ကလေးက ၅ ယောက်ရှိတယ်။ ကျောင်းထွက်လိုက်ရတဲ့ ကျောင်းသူလေးက အကြီးဆုံး။ အဖေလုပ်သူက အရက်က ပထမ၊ ဖဲက ဒုတိယ ဆိုတဲ့ လူစားမျိုး။ နောင်ပေးဆိုင်ရာမှာလည်း ကျွမ်းကျင်သူဆိုပဲ။ သူများတွေ တလလောက်ကြိုယူနေကြချိန်မှာ သူက ၄၊ ၅ လလောက်အထိကြိုယူတတ်တယ်။ မိသားတစုလုံးအတွက်ရမယ့် ဆန် ၆ ပုံးလုံးကို ရောင်းပစ်ရဲလောက်အောင် ရဲစွမ်း သတ္တိနဲ့လည်းပြည့်စုံတယ်။ ရောင်းတာမှ တနေရာထဲကိုတောင် မဟုတ်ဘူးတဲ့။
ရိက္ခာထုတ်ချိန်ရောက်ပြီဟေ့ဆိုရင် နောင်ပေးရှင်တွေသူ့ကြောင့် ပြဿနာဖြစ်ကြပြီ။ နောက်ဆုံး ရိက္ခာစာအုပ် ကိုင်ထားသူက အနိုင်ရလက်ဦးသွားတော့၊ ကျန်မရလိုက်သူတွေက အိမ်ကိုလာပြီး ပေါက်ကွဲကြတော့တာပေါ့။ အဲ့ဒီ အချိန်မျိုးဆိုသူ့အဖေက အိမ်မှာမရှိတော့ဘူး။ အမေဆိုသူနဲ့ ကလေးတွေကပဲ ဒီအဆဲအဆိုဒဏ်တွေကို ရိက္ခာထုတ်ချိန် တိုင်း ပုံမှန်လက်ခံနေကြရတာ။
သူတို့ဒုက္ခတွေက ဒီလောက်နဲ့တင်ရပ်မနေသေးဘူး။ အသနားခံရ၊ တောင်းပန်ရ၊ ကတိတွေအလီလီ ပေးလိုက်ရ တဲ့အပြင် ထမင်းပါငတ်ကြရသေးတယ်လေ။ ငတ်နေရတဲ့အထဲ ကြွေးတွေကလည်းပွားပွားလာ။ ဒီတော့ ကျနော့်ကျောင်းသူ လေးတာဝန် ကျလာတာပေါ့။ ကလေးခမျာ သမီးကျောင်းတက်ချင်တယ်၊ သမီးကျောင်းတက်ချင်တယ် ပြောပြောပြီး ငို လိုက်တာဗျာ။ ကိုယ်ပါလိုက်ငိုရမလိုတောင် ဖြစ်လာတယ်။ သူ့အမေကလည်း နို့စို့အရွယ်ကလေးရှိနေတော့ အိမ်ကနေပဲ အကျော်ကျော်ပေး၊ မုန့်ဖက်ထုတ်လေးတွေထုပ်ပေးပေါ့။ သူ့သမီးက တနေကုန်မိုးရွာမရှောင်၊ နေပူမရှောင်လိုက်ရောင်းပေါ့။ စားဖို့တင်မက အကြွေးကလည်းရှိနေသေးတာကိုး။
သူ့အဖေကတော့ ရေခဲတုန်းကြီးပဲဗျ။ ရိက္ခာထုတ်တဲ့ရက်ဆို ပျောက်သွားပြီ။ စခန်ုးထဲလိုက်ပုန်းနေရင်လိုက် ပုန်း။ ဒါမှမဟုတ် စခန်ုးအပြင်ထွက်ပြီး ရွာနီးခြောက်စပ်တွေမှာ အရက် လှည့်သောက်ချင်သောက်နဲ့။ တော်တော်တာဝန်ကျေတဲ့ အဖေ။

(င)
မျက်ရည်စက်လက်နဲ့ကျောင်းထွက်သွားရတဲ့ ကျောင်းသူလေးကိုမြင်လိုက်ရ။ ရွာထဲလှည့်ပြီး အကျော်တို့၊ မုန့်တို့ လိုက်ရောင်းနေရတဲ့ ကျောင်းသူလေးကိုမြင်မြင်နေရတဲ့ ကျနော်၊ မနေနိုင်မထိုင်နိုင် သူ့မိသားစုနဲ့ မကင်းရာမကင်းကြောင်း လူကြီးတချို့နဲ့ စကားပြောဖြစ်တယ်။
ဒီလိုဖြစ်နေတာကို ရပ်ကွက်တာဝန်ရှိသူတွေ၊ စခန်းတာဝန်ရှိသူတွေကရော ဘာမှမပြောကြ၊ မဖြေရှင်းပေးကြဘူး လားဗျာ။ ဒါတွေမဖြစ်အောင် ထုတ်ထားတဲ့စည်းကမ်းတွေ ဘာတွေရောမရှိကြဘူးလားဗျာ။
ပြောကြ၊ သတိပေးကြတာလည်း အကြိမ်ပေါင်းမနည်းတော့ပါဘူးဗျာ။ မိသားစုအတွင်းရေးကလည်း ဖြစ်နေ တာ ကိုး။ ခက်တယ်ဗျ။
စည်းကမ်းဆိုတာတွေကတော့ ရှိတာပေါ့ဗျာ။ ဒါပေမယ့် စည်းကမ်းဆိုတာက အရေးယူလို့ရတာမျိုးမှ မဟုတ်တာ။ တားရုံပဲရတာဆရာရဲ့။ ယူတဲ့သူကယူတာကိုး၊ ပြန်ပေးရမှာပေါ့ တဲ့။ တရားကျလိုက်တာဗျာ။ ဒီတော့ဆက်မေးစရာတွေက ရှိလာပြန်ရောပေါ့ 
ဟာ တလဆန် ၆ ပုံးတောင်ရောင်းတယ်ဆိုတော့ ဒီလူက တောင်ယာလည်းရှိတာမဟုတ်၊ တခြားကရစရာ ဆန်လည်းရှိတာမဟုတ်ပဲနဲ့ ၀ယ်တဲ့လူက လူပဲဗျာ ၀ယ်ရက်လား။ ဒီကိစ္စတွေက ဖြစ်သင့်တဲ့ကိစ္စတွေလို့ မြင်နေကြလို့လား။ ထမင်းမစားပဲနေလို့ရတာမှ မဟုတ်တာ။ လူကြီးတွေကထားတော့ဗျာ သူ့ထိုက်နဲ့သူ့ကံပဲ။ ကလေးတွေက ဒုက္ခ။ တခါတခါ ကျောင်းကိုလာရင် ထမင်းမစားခဲ့ရဘူးတဲ့။ တနေကုန်အဆာခံထားရပေမယ့် ကျောင်းကပြန်ရင်လည်း စားရဖို့ကမသေချာ ဘူးတဲ့။ တနေကုန်ထမင်းငတ်ခံနေရတာလေ။ ကိုယ့်အတွက်ရိက္ခာရရက်နဲ့ ငတ်နေကြရတာ။
မဖြစ်သင့်တာတွေ ဆက်မဖြစ်ဖို့ကိုတော့ တာဝန်ရှိသူတွေက ဖြေရှင်းပေးရမှာပေါ့။ ဥပမာ ဥပဒေတွေထုတ်ပြီး ဒီလို မျိုးထပ်မဖြစ်အောင် ကာကွယ်ပေးထားသင့်တာပေါ့ဗျာ။
ဆရာရယ် ဘယ်သူက ဒီလိုဥပဒေမျိုးတွေကို ထည့်ဆွဲမှာလဲ။ ဥပဒေရေးဆွဲခွင့်ရှိသူတွေက ဒီပြဿနာမျိုးတွေ ရှိနေမှန်းရော သိကြပါ့မလားဗျာ။ ခံစားဖူးလို့သိခဲ့ရင်တောင် ဘယ်လိုဥပဒေတွေနဲ့ ဘယ်လိုကာကွယ်ရတယ်ဆိုတာ သိဖို့၊ တွေးတတ်ဖို့လိုသေးတာ။ တကယ်ရေးဖြစ်လို့ ဥပဒေဆိုတာရှိခဲ့ရင်တောင် ဒီဥပဒေတွေက အသက်ဝင်ပါ့မလားဗျာ။ လက် တွေ့ကျင့်သုံးတဲ့နေရာမှာ ထည့်သုံးကြပါ့မလား။ ကျနော်တော့ သိတ်မထင်ဘူး။
ကျနော်မောသွားပြီ။ အတော့ကိုမောသွားပါပြီ။ ပြောဆိုလိုက်ရတဲ့အတွက် အမောမဟုတ်။ ကျနော့် ကျောင်းသူ လေးလို ထပ်ခံစားကြရဦးမယ့် အနာဂတ် နောင်ပေးဒုက္ခသည်တွေအတွက် ကြိုမောရတဲ့ အမော။

(စ)
တကယ်ဆို ကျနော်လည်း နောင်ပေးဒုက္ခသည်တဦးပါပဲ။ စောစောကပြောခဲ့သလို ငွေဆုံးရှုံးခဲ့ရတဲ့ ရလဒ်က လတ်တလောအကျိုးဆက်။ နောက်ဆက်တွဲအကျိုးဆက်တွေကလည်း ရှိသေး။
ပြောရရင် နာမည်ကြီးမှုပေါ့။ ကျနော့်မိန်းမသူငယ်ချင်း အမေရိကားကိုထွက်သွားတာ တနှစ်ပြည့်တော့မယ်။ ကျနော့်မိန်းမလည်း ဆက်မလုပ်ရဲတော့။ ဒါပေမယ့့် ။
ကန့်ထဲမှာ ကိုလူဗိုလ်မိန်းမယောက် ငွေတိုးချေးစားနေတယ် ဆိုတဲ့သတင်းက ပျံ့နှံ့နေဆဲ။ မီဒီယာတွေ အကူအညီ မပါပဲ နိုင်ငံတကာကိုရောက်တယ်။ ဘယ်သူတွေ ဘယ်လိုဖြန့်ကြတယ်မသိ။ ကျနော့်သတင်းက အမေရိကားကိုလည်း ရောက်တယ်။ နော်ဝေကိုလည်းရောက်တယ်။
ဒီတော့ အကျိုးအမြတ်ကဘာဖြစ်လဲ။ လာဘ်ပိတ်တာပေါ့။ ဂုဏ်သိက္ခာကျတာပေါ့။ ဘယ်သူမှ အဆက်အသွယ် မလုပ်ကြတော့ဘူး။ ကူညီနေကျလူတချို့တောင် လက်ရှောင်သွားကြပြီ။ ဒါက နောင်ကြွေးပေါ့။ ယူခဲ့မိတဲ့ နောင်ပေးတွေရဲ့ အကျိုးဆက်တွေလေ။
ကျနော်တို့ဘ၀တွေမှာ ဘယ်သူတွေဆီက၊ ဘာတွေများ နောင်ပေးတွေယူထားမိကြသေးလဲ ဆိုတာကိုသာ စဉ်း စားထားကြပေတော့ဗျို့။ သေချာတာက ယူထားမိသမျှအတွက် နောင်ကြွေးဆိုတာကတော့ တာဝန်ကျေတတ်တယ် နော်။

လူဗိုလ်
၂၂ . ၀၉ . ၀၉

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...