ကျောင်းမသွားတဲ့ သူတောင်းစားလေးတွေ
Tin Nyunt
ဇန်နဝါရီလ ၁ ရက်နေ့ကစပြီးတော့ လမ်းဘေးတောင်းရမ်းစားသောက်နေတဲ့ ကလေးတွေကို တောင်းသူရော တောင်းခိုင်းသူတွေကိုပါ အရေးယူတော့မယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်။

ကျွန်တော်တို့လူ့ဘောင်မှာ မျက်ကွယ်ပြုလာတဲ့ ကိစ္စတစ်ရပ်ကို တိတိကျကျ ကိုင်တွယ်ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။
မနေ့က သတင်းစာတစ်စောင်မှာ ကာတွန်းတစ်ကွက်တွေ့လိုက်ရတယ်။
လုပ်ကိုင်မစားနိုင်လို့ သနားကြပါခင်ဗျာဆိုတဲ့ သန်သန်မာမာ လူကြီး တစ်ယောက်ကို ချိုင်းထောက်နဲ့ ပန်းရောင်း နေတဲ့ ကောင်မလေးတစ်ယောက်က ရပ်ကြည့်နေတဲ့ ကာတွန်း။ အရမ်းသဘောကျတယ်။ ခေတ်ကိုထင်ဟပ် စေတဲ့ သရုပ်ဖော်ချက်ပဲ။
ကျွန်တော် တာမွေဘက်ကို ရောက်တိုင်း စိတ်မချမ်းသာစရာ တစ်ကွက်က မြလမ်းမှတ်တိုင်မှာ အသက် ၁၀ နှစ်ကျော်ကျော်လောက် ရှိမယ့် ကလေးတစ်ယောက် ပိုက်ဆံလိုက်တောင်းနေတာပဲ။
သူက မှတ်တိုင်နားမှာ ရပ်ပြီးတော့ လူကြည့်အကဲခတ်ပြီးတော့ လိုက်တောင်းတာ။ အတွဲတွေလာရင် လိုက်တောင်းတယ်။ အားနာပုံ ပေါက်တဲ့ ကောင်မလေးတွေကို လိုက်တောင်းတယ်။
သူတို့က ရှက်လို့ဖြစ်စေ၊ သနားလို့ဖြစ်စေ ပေးသွားကြတာများတယ်။ ကျွန်တော်တို့လို အသက်အရွယ်ပိုင်း တွေကို လိုက်မတောင်းဘူး။
ကောင်လေးက “ထမင်းမစားရသေးလို့” “မုန့်စားချင်လို့” “ဗိုက်ဆာလို့” အကြောင်းအမျိုးမျိုးပြပြီးတောင်းနေတာ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း ဒီကောင်လေးနဲ့ မျက်နှာချင်းဆင်တဲ့ ကောင်လေးတစ်ယောက် ဒီပုံအတိုင်း လိုက်တောင်းတယ်။ ကောင်လေးက လူပျိုပေါက်လေး ဖြစ်လာတော့ ရှက်ပုံရတယ်။ လိုက်မတောင်းတော့ဘူး။ ခုတော့ သူ့ညီဖြစ်ပုံရတဲ့ ကလေးကို သူ့အမွေပေးသွားတယ်။
ကျွန်တော်တို့ ကျောင်းသားဘဝ ရထားပေါ်ကနေ ကလေးတွေကို ပိုက်ဆံပစ်ချပေးတဲ့အကြောင်း မြန်မာစကား ပြေမှာ သင်ဖူးတာ မှတ်မိသေးတယ်။ ဆရာမက အသင်အပြ အပြောကောင်းခဲ့တာကြောင့် ယနေ့အထိ ကလေးတွေကို သနားပေမယ့် ငါပေးလိုက်တာ အဆိပ်ပင်ရေလောင်းသလိုများဖြစ်နေမလား စဉ်စားတတ်သွား တယ်။
မနေ့က ညနေခင်းမှာ မြို့ထဲသွားဖို့ ကားစောင့်နေတုန်း ကောင်လေးက ခပ်ချောချော ပိုက်ဆံရှိပုံရတဲ့ ကောင်မလေး အနားကပ်သွားပြီး
“မမ … ထမင်းမစားရသေးလို့ ပိုက်ဆံလေးပေးပါ” တဲ့။
ကောင်မလေးက ပထမ ပိုက်ဆံ ၂၀၀ တန်တစ်ရွက် ထုတ်ပေးတယ်။ နောက် ၁၀၀၀ တန်တစ်ရွက် ထပ်ပေး လိုက်တယ်။ ကောင်လေးကလည်း သနားစရာ ဖြူဖြူစင်စင် ရုပ်လေးဖြစ်နေတာကိုး။
ဒီကောင်လေးဟာ ဒီမှတ်တိုင်မှာ လာတောင်းနေတာ တစ်နှစ်လောက် ရှိနေပါပြီ။ သူများ ကျောင်းသားတွေ ကျောင်းတက်နေချိန်မှာလည်း သူလိုက်တောင်းနေတာပဲ။ ကျောင်းတောင် တက်ပုံမရဘူး။ သူ့ရဲ့ တစ်နေ့ ဝင်ငွေဟာ နည်းမယ့်ပုံမပေါ်ဘူး။ ဒီလိုငွေရှာပုံက သူ့စိတ်ဓာတ်၊ သူ့အနာဂတ်၊ သူ့ဘဝကို ဖျက်ဆီးရာ ရောက်တယ်ဆိုတာ မသိလို့လား၊ သနားစိတ်အရင်းခံတွေကြောင့်လားတော့ မသိဘူး။ အဲဒီကလေးတစ်ယောက် ကျောင်းမသွားလောက်အောင်ကို တောင်းစားနေတဲ့ အဖြစ်ရောက်နေတာအမှန်။
မြန်မာမှန်ရင် သဒ္ဓါတရားထက်သန်တယ်ဆိုတာ လက်ခံပါတယ်။ အလှူရေစက် လက်နဲ့မကွာဆိုတာလည်း သဘောကျပါတယ်။ ဒါပေမဲ့ အချောင်နေ အချောင်စား အချောင်ရတဲ့ကိစ္စအပေါ်မှာ သာယာသွားပြီး “ကျောင်း မသွားတဲ့ သူတောင်းစားလေးတွေဘဝ” ရောက်အောင်လုပ်တဲ့အထဲမှာ ကိုယ်တိုင်မပါကြစေချင်ဘူးဗျာ။
လှူတော့ လှူတာပေါ့။ ဒီလိုအလှူကိုတော့ စဉ်းစားကြပေါ့။
၂၂.၁၂.၂၀၁၆

0 comments:
Post a Comment