Friday, December 23, 2016

တဘက်လပ်နဲ့  တဘက်ပြတ်

Phyo Ko Ko Naing

တခါက ဘုရင် တာမလိန်းနဲ့  ဘုရင် ဘိုင်ဇတ် တို့  စစ်ဖြစ်ကြတယ်။ ဘိုင်ဇတ်က စစ်ရှုံးတော့ တာမလိန်းရှေ့ မှာ ဒူးထောက် ခစားဖို့  ဖမ်းခေါ်လာတယ်။ ဖမ်းခံထားရတဲ့ ဘိုင်ဇတ်ကို ကြည့်ပြီး တာမလိန်းက အူလှိုက်သည်းလှိုက် ရယ်တယ်။ အလှောင်ခံလိုက်ရတဲ့ ဘိုင်ဇတ်က ခေါင်းကို မော့ပြီး
"ဒီမှာ တာမလိန်း စစ်တပွဲနိုင်လို့  သိပ်မာန်တက်မနေနဲ့၊ ရှုံးနိမ့်တဲ့သူကို လှောင်ပြောင်နေတဲ့ မင်းလည်း တနေ့  ဝဋ်လည် မှာပဲ၊ အဲချိန်သာ မင်း ငါ့လို သတ္တိရှိပါစေ" လို့  ပြောလိုက်တယ်။
ဘုရင် တာမလိန်းက ခြေတဘက်ပြတ်ဖြစ်တယ်။ ဘုရင် ဘိုင်ဇတ်က မျက်စိ တဘက်လပ်တယ်။ ဒါက စစ်က ပေးထားတဲ့ ဒဏ်ရာတွေ။
ဘိုင်ဇတ်ရဲ့  ရဲဝံ့တဲ့ ဒီစကားကြားတော့ တာမလိန်း က ထပ်ရယ်တယ်။ ပြီးတော့မှ
"ဘိုင်ဇတ်ရေ ဒီအောင်မြင်မှုအတွက် ရယ်ရင် ငါ ငတုံးပေါ့၊ ငါရယ်တာက ငါတို့  နှစ်ယောက် အဖြစ်ကို တွေးမိလို့ ပါ၊ မင်းက တဘက်လပ်၊ ငါက တဘက်ပြတ်လေ၊ ဘာလို့ များ ငါတို့ လက်ထဲကို ဘုရားသခင်က တိုင်းပြည်တွေ ထည့်ထားတာလဲ ဆိုတာ စဉ်းစားမိလို့  ရယ်မိတာပါ"တဲ့။
တာမလိန်း နဲ့  ဘိုင်ဇာတ် ကတော့ စစ်ကို ကိုယ်တိုင် ဦးစီးတိုက်တော့ စစ်က ပေးတဲ့ ဒဏ်ရာတွေကို နားလည် သွားတယ်။
တရုတ်ပြည် အာဏာရှင် မော်စီတုန်းဟာ ကိုရီးယား စစ်ပွဲမှာ သူ အင်မတန် ချစ်တဲ့ သား ဖြစ်သူ မော်အန်ရင်း ကို ရှေ့ တန်းလွတ်ခဲ့တယ်။ ဒီစစ်ပွဲက ပြန်လာရင် မော်အန်ရင်းက လက်ထပ်ဖို့  ပြင်ဆင်ပြီးသား။ ဒါပေမယ့် စစ်မြေပြင်မှာပဲ မော်အန်ရင်း အသက်ပါသွားတယ်။
ကိုရီးယား စစ်မှာ အမေရိကန်ရော၊ တရုတ်ရော၊ တောင်မြောက် ကိုရီးယားပါ တဘက်လပ်နဲ့ တဘက်ပြတ် ဖြစ်ခဲ့တယ်။ ချမ်းသာတဲ့ အမေရိကန် အတွက် မထောင်းတာပေမယ့် တရုတ်ကတော့ စစ်စရိတ်တွေ ထောင်းပြီး စီးပွားရေး အဆိုးဆုံး အခြေအနေ ရောက်လာတယ်။
ဒီနောက်ပိုင်း စစ်ရဲ့ ဆိုးမွေကို နားလည်သွားတဲ့ တရုတ်ဟာ တိန့် ရှောင်ဖိန် လက်ထက်မှာ စစ်ကို ရှောင်ရှားဖို့  ရန်လိုတဲ့ မူဝါဒ အစား စီးပွားရေးသာ အဓိက မူဝါဒကို ပြောင်းခဲ့တယ်။ အိမ်နီးချင်း နိုင်ငံတွေကို ကွန်မြူနစ် အတွေးအခေါ်တွေ ထုတ်ပိုး တင်ပို့ မယ့် အစား လူသုံးကုန် ပစ္စည်းတွေပဲ တင်ပို့ တော့တယ်။ မဟာဗျူဟာ ရန်ဘက်ကြီး အမေရိကန်ကို မဟာဗျူဟာ ပြိုင်ဘက်အဆင့်ထိ လျော့ချ နိုင်ခဲ့တယ်။ ဒီအတွက် ရလဒ်က ဒီနေ့  တရုတ်ပြည် စူပါပါဝါ ဖြစ်လာတာပါပဲ။
ကျွန်တော်တို့ ဆီမှာတော့ တာမလိန်းနဲ့  ဘိုင်ဇာတ် လို သတ္တိရှိတဲ့သူ မရှိဘူး။ မော်စီတုန်းလို သားအရင်းကို စစ်ပွဲရဲ့  ရှေ့ တန်းကို ပို့ မယ့်သူ မရှိဘူး။ အောက်လက်ငယ်သားဆို ဦးနှောက်ဆေးပြီး စစ်တိုက်ခိုင်းပေမယ့် ကိုယ်သွေးသားဆိုရင်တော့ အပြင်ရအောင် ထုတ်တယ်။ ပြီးတော့ ကုမ္ပဏီ ထောင်၊ ပါမစ် ချပေးပြီး စီးပွားရေး လုပ်ခိုင်းတယ်။ နိုင်ငံခြား ပို့  ပညာသင်ခိုင်းတယ်။ အောက်ခြေ တပ်သားတွေ ဆင်းရဲ စုတ်ပြတ် သေကြေ ပျက်စီးသလောက် လက်နက်ကိုင် အဖွဲ့ တိုင်းရဲ့  ခေါင်းဆောင် တွေကတော့ ဘာလို့ အားလုံးနီးပါး ချမ်းသာ နေကြတာလဲ။
စစ်ဆိုးကျိုးကို မခံရတဲ့ နေရာကနေ "စစ်ကို ထောက်ခံတယ်" ပြောနေတဲ့ သူတွေကို တာမလိန်းနဲ့ ဘိုင်ဇတ်တို့ လို ရှေ့ တန်းမှာ စစ်ထိုးရင်း ဒီစကားလာ ပြောစေချင်တယ်။ သူတို့  ထောက်ခံတဲ့စစ်ရဲ့  အနိဌာရုံကို သူတို့ ကိုယ်တိုင် မြင်ဖူး စေချင်တယ်။
ဒီဇာတ်လမ်းထဲက ဘုရင် နှစ်ယောက်က သတ္တိရှိပုံ ရတယ်။ သူတို့  နွှဲတဲ့ စစ်ရဲ့  ဆိုးကျိုးကို ကိုယ်တိုင် မျှဝေယူတယ်။ နှစ်ယောက်လုံး တဘက်လပ်နဲ့  တဘက်ပြတ် ဖြစ်တယ်။ ဒီမှာတော့ စစ်ရဲ့  ဆိုးကျိုးကို ခေါင်းဆောင် နှစ်ဘက်လုံးက မျှဝေမယူဘူး။ အကျိုးစီးပွားကိုပဲ မျှဝေယူတယ်။
ဘုရားသခင်က တာမလိန်းနဲ့  ဘိုင်ဇာတ် လက်ထဲ တိုင်းပြည် ထည့်ခဲ့တာကို စဉ်းစားပြီး တာမလိန်းက ထရယ်တယ်။ တာမလိန်း သာ မြန်မာပြည်မှာ ရှိနေရင် ပိုရယ် လိမ့်မယ်။ သူတို့ လောက်တောင် သတ္တိ မရှိတဲ့ ခေါင်းဆောင်တွေ လက်ထဲ တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ အထည့်ခံ ခဲ့ရတယ်။
ညီအကိုချင်း သတ်ရတဲ့ ပြည်တွင်းစစ်မှာ နှစ်ဘက်လုံးက ထိပ်ဆုံး ခေါင်းဆောင်တွေ မဆုံးရှုံးခဲ့ဘူး။ အကျိုးစီးပွား ခွဲဝေရေးအတွက် ထတိုက်လိုက်၊ ပြန်ရပ်လိုက် လုပ်ရင်းနဲ့  သက်တမ်းရှည်အောင် စစ်မီးမွှေး ထားခဲ့တယ်။ ပြီးတော့ ဒီကစားပွဲကနေ အမြတ် ထုတ်ခဲ့ကြတယ်။ အမိမြေနဲ့  တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ပြည်သူတွေကတော့ ဘက်ပေါင်းစုံကနေ ဆုံးရှုံးခဲ့တယ်။
စစ် တိုက်ပြီဆိုရင် ဘယ်သူမှ မနိုင်ဘူး။ နှစ်ဘက်လုံး ရှုံးတယ်။ မြန်မာ ပြည်တွင်းစစ်ဟာ နှစ် ခုနစ်ဆယ် ပြည့်တော့မယ်။ နှစ်ဘက် ခေါင်းဆောင်တွေလည်း အကျိုးအမြတ် များစွာ ရပြီးပါပြီ။ ခုချိန်မှာ ဒီကစားပွဲဟာ ရိုးရိုးသားသား အဆုံးသတ် သင့်ပြီ။
တိုင်းပြည် တည်ဆောက်ရမယ့် အချိန်မှာ မျက်စိလည်း ထပ် မလပ်ပါရစေနဲ့ ။ ခြေထောက်လည်း ထပ် မပြတ်ပါရစေ နဲ့ ။ တိုင်းပြည်ရဲ့  ပြဿနာ တဝက်လောက်က ခင်ဗျားတို့  လက်ထဲမှာပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...