Tuesday, July 17, 2018

နွေမိန်တပေါင်း

  စိုးမင်း
   တောဖွဲ့ တောင်ဖွဲ့ အခါရာသီဖွဲ့ကလေးတွေ ရေးချင်စိတ်ပေါက်လာလို့ စဉ်းစားလိုက်တိုင်း တပေါင်းလထဲရောက်ရောက်နေတာ သတိထားမိတော့ တပေါင်းလကပဲ စာဖွဲ့ချင်စရာကောင်းလောက်အောင် သာသာယာယာရှိလို့လားလို့ အောင့်မေ့မိတယ်။ မိန်ရာသီပြောင်းရင် ချိန်ခါမီပေါင်းချင်တဲ့သူလည်း မရှိပါပဲ ဟိုကိုလွမ်းသည်ကိုလွမ်း လွမ်းမိတာကိုး။ ဟိုးအရင်နှစ်တွေက ရေးခဲ့တဲ့စာတွေနဲ့ အကြောင်းအရာတွေ ထပ်ကုန်မှာစိုးတာနဲ့ အဟောင်းတွေ ပြန်ဖတ်သေးတယ်။ ဒါပေမယ့်လည်း တပေါင်းဆိုတာ ရေးစရာတွေ မကုန်နိုင် ရေးလို့မရိုးနိုင်အောင်ကို ရိုးရိုးလေးနဲ့ ဆန်းပြားပါပေတယ်။ ခုနှစ်လည်းပဲ မနေနိုင်ဘူး။ ရေးမိပြန်ပြီ။ တပေါင်း တပေါင်းနဲ့။ ဘယ်တပေါင်းကို ရေးရမလဲ ရွေးလို့ကိုမရ။
အပေါင်းငါးဆယ်တောင် ကျော်လာမှကိုး။ ငယ်ငယ်ကတော့ သည်အချိန်ဆိုတာ အဖွားတို့ အမေတို့နဲ့ ရွာပြန်နေကျဆိုတော့ အညာတပေါင်းကလေးတွေ သာတောင့်သာယာတာလည်း ရေးခဲ့တယ်။ ရန်ကုန်တပေါင်း၊ လောက်ကိုင်တပေါင်း၊ ဘူတန်တပေါင်းတွေလည်း စုံခဲ့ပြီ။ တပေါင်းလဆိုတာ အိမ်မှာမနေပဲ အိမ်အပြင်ထွက်လို့ သဘာဝပတ်ဝန်းကျင်ကြီးကို ခံစားလို့အကောင်းဆုံးအချိန် လို့ ပြောရမှာပဲ။

     သည်နှစ်တပေါင်းလည်း ရိုးရာမပျက် ခရီးထွက်ခဲ့တယ်လေ။ ပိတ်ရက်တွေက လေးရက်တောင် ဆက်ရတာ မဟုတ်လား။ သွားတာတော့ ရွှေညောင် တောင်လေးလုံးရွာက တရားစခန်းသိမ်းပွဲကို သွားတာ။ တင်လိုက်တဲ့ ဓါတ်ပုံတွေကဖြင့် နိဗ္ဗာန်မဂ်ဖိုလ်နဲ့ လားလားမှ မအပ်စပ်ဘူး။ ပတ်ဝန်းကျင် ရှုခင်းလေးတွေက ရင်သပ်ရှုမောဖြစ်လာရင် ဒီကလူကလည်း မနေနိုင်မထိုင်နိုင်ဖြစ်လာပြီး ကင်မရာရှေ့ဝင်ဝင်ရပ်တော့တာပဲ။ ပုံကလေးတွေကလည်း သူများအမြင်ကပ်လောက်အောင်ကို ကောင်းနေတာကိုးလို့ ကိုယ့်ဘာသာကိုယ် တရားနဲ့ဖြေရတယ်။ ဒါဖြင့်ရင် ဒီတခါရေးမှာ ရှမ်းပြည်တပေါင်းလား လို့ မေးရင်တော့ မဟုတ်သေးဘူး။ ညောင်ရွှေတပေါင်း အင်းလေးတပေါင်း ကက္ကူတပေါင်းက လှတော့လှတယ်။ ဓါတ်ပုံတွေအများကြီး ရိုက်ခဲ့တယ်။ ဒါပေမယ့်လည်း စာဖွဲ့လောက်အောင် ကိုယ့်ဆီမှာ အမှတ်တရ အကြောင်းအရာတွေ ရှိမနေခဲ့ဘူး။ ဧည့်သွားဧည့်လာနေရာတွေဆိုတာ သံယောဇဉ်တွယ်လောက်အောင် အထာမကျသေးတာကြောင့်။ လူတွေဟာ နေရာတနေရာ အရပ်ဒေသတစ်ခုခုကို ပြန်ပြန်ပြီး လွမ်းဖို့ဆိုတာ အဲသည်နေရာဒေသမှာ ကိုယ်စိတ်နှလုံး ဒုံးဒုံးချပြီး နေထိုင်ကျင်လည်ခဲ့ဖူးမှ ဖြစ်မယ် ထင်ပါတယ်။ နေရာဟောင်းကို လွန်အောင့်မေ့တယ်ဆိုတာ ပုထုဇဉ်တွေရဲ့ သဘာဝတဲ့။
      ဟုတ်မှာပေါ့။ သည်အသက်သည်အရွယ်မှာ အချိန်ရယ် ငွေရယ် အခွင့်အရေးရယ်ရလို့ ခရီးသွားရအောင်လို့ စိတ်ထဲပေါ်လာရင် ငယ်တုန်းကလို မရောက်ဖူးသေးတဲ့ မြောက်ဝင်ရိုးစွန်းကိုပဲ ခေါ်ခေါ် ပျော်ပါမယ်ဆိုတဲ့စိတ် မရှိဘူး။ ကိုယ်နေခဲ့ဖူးတဲ့ နေရာဟောင်းကလေးတွေကိုပဲ ပြန်ပြန်အလည်သွားချင်တယ်။ အညာကို ပြန်ချင်တယ်။ လောက်ကိုင်ကိုလည်း သွားချင်တယ်။ ဘူတန်ကိုလည်း သွားချင်တယ်။ အမ်းကိုလည်း သွားလည်ချင်တယ်။ သမီးကတော့ မယုံဘူး။ အမ်းမှာ ဘာရှိလို့ အမ်းကိုပြန်ချင်ရတာလဲ။ မီးမရှိ ရေမရှိ၊ ဘာဆိုင်မှလည်းမရှိ။ ဘာမှလည်း လည်စရာမရှိ တဲ့။ အေးလေ။ ဘာမှမရှိလည်း တခေါက်လောက်တော့ ပြန်ချင်တာက ပြန်ချင်တာပါပဲ။ မီးမရှိလည်းနေပေါ့။ ရေမရှိလည်းနေပေါ့။ ဘာဆိုင်မှ မရှိလည်းနေပေါ့။ ဘာမှလည်စရာမရှိလည်းနေပေါ့။ ဒါပေမယ့် ကိုယ်ကျင်လည်ခဲ့ဖူးတဲ့ ပတ်ဝန်းကျင်ကလေးတော့ ရှိတယ်လေ။ ကိုယ့်ဘဝရဲ့ အတိတ်ကာလ တပိုင်းတစ အဲ့သည်မှာ ရှိတယ်။ ဆေးရုံကုန်းပေါ်ကိုတက်မယ်။ ခွဲစိတ်ဆောင်ကလေး သွားကြည့်မယ်။ ဆရာမတွေ အလုပ်သမားတွေနဲ့ နှုတ်ဆက်မယ်။ အိုဂျီဝါဒ်ထဲက စတေရှင်မှာထိုင်ပြီး သူ့အနောက် ရင်ခွဲရုံဘက်ကလာတဲ့ လေပြေအေးအေးလေးတွေကို လေညှင်းခံမယ်။ ခွဲခန်းရှေ့က ခရေပင်လေးတွေ တော်တော်ကြီးလောက်ရောပေါ့။ ဆေးရုံကုန်းအောက်က ကိုယ်နေခဲ့တဲ့ အခန်းကလေးရော အခုဘယ်သူနေနေသလဲမသိ။ တိုက်တန်းလျားရှေ့က ဦးကျားကြီး လက်ဘက်ရည်ဆိုင်လည်း သွားထိုင်ချင်သေးတယ်။ အခုလောက်ဆိုရင်တော့ လက်ဘက်ရည်တွေဘာတွေ ရောင်းချင်မှရောင်းတော့မယ်။ ပါတီတွေဘာတွေ ထောင်နေပြီလားမသိ။
       အမ်းမှာနေတုန်း ကိုယ်တို့အိမ် စင်္ကာပူက ဧည့်သည်ရောက်တော့ အထုပ်တွေချ တအောင့်နားပြီး "မြို့ထဲသွားရအောင်လေ။ ကိုစိုးမင်း။" ဆိုလို့ ကိုယ့်မှာ ရယ်လိုက်ရတာ။ "ဘယ်မြို့ထဲတုန်း။ ဒါ မြို့ထဲလေ။" လို့ ပြောတော့ သူ့မှာ မယုံနိုင်ဘူး။ အမယ်။ ခြောက်ကပ်တယ်လို့ မပြောပါနဲ့။ အမ်းမြို့တစ်မြို့လုံး ကိုယ်တို့ဆေးရုံ လူအစည်ဆုံးပါဗျ။ ဆိုင်ကယ်လေးနဲ့ တကွေ့နှစ်ကွေ့ ကွေ့လိုက်ရင် ဈေးကိုရောက်လိမ့်မယ်။ လက်ဘက်ရည်ဆိုင် နှစ်ဆိုင်၊ မုန့်တီဆိုင်နှစ်ဆိုင်၊ ထမင်းကြော်ဆိုင်တစ်ဆိုင်၊ ကားဂိတ်နားက ထမင်းဆိုင်တန်းကလေးတွေပြီးရင် မြို့က ကုန်ပြီ။ ဘာလိုသေးလို့လဲ။ ဌာနဆိုင်ရာ ရုံးအဆောက်အဦတွေနဲ့ ဝန်ထမ်းအိမ်ယာကလေးတွေရှိတာ အသစ်တည်ထားတဲ့ အမ်းမြို့သစ်။ မြို့ခံလူဟောင်းတွေနေတာ လေယာဉ်ကွင်းရှိတဲ့ မြို့ဟောင်းမှာနေတာ။ လေဆိပ်အဝက ရိုးမချစ်သူက အမ်းမြို့ရဲ့ တစ်ခုတည်းသော စည်ဘီယာဆိုင်။ တခြားဆိုင်တွေမှာက အပူသောက်မလား၊ ရေခဲတုံးထည့်ပေးရမလား အမေးခံရမယ်။ အမ်းကလူတွေ ဘီယာမသောက်လို့ မဟုတ်ပါဘူး။ ဘီယာက ပိုက်ဆံသာကုန်တာ မူးဖို့ဆိုရင် အများကြီးသောက်ရတယ်။ ဝီကလေးတစ်ပြားလောက်က သက်သက်သာသာနဲ့ ခရီးရောက်တယ်။ အထင်တော့ မသေးနဲ့မောင်။ မြန်မာတစ်နိုင်ငံလုံးရဲ့ ဂရန်းရွိုင်ရယ်ရောင်းအားဟာ ရခိုင်ဈေးကွက်ကို မမီဘူးတဲ့။ တခြားတံဆိပ်တွေ ကြော်ငြာအားနဲ့ ဘယ်လိုပဲ ဝင်ဖောက်ဝင်ဖောက် ဂရန်းကို မတိုးနိုင်။ နိုင်ငံခြားအရက်မျိုးစုံကတော့ လေဆိပ်နားမှာ တစ်ဆိုင်ပဲရှိတယ်။ စစ်စစ် မစစ်စစ် ဆရာဝန်တွေ ဖဲဝဲလုပ်ဖို့ ဝန်ထမ်းအကြီးအကဲတွေလာရင် ဧည့်ခံဖို့။ ပွဲရှိမှဆက်ရတဲ့ရေစင်။ ဒါပဲ ဒါပဲ ဒါအကုန်ပဲ။ နောက်ထပ် မရှိတော့ဘူး။ ကာရာအိုကေဆိုချင် ကိုယ့်အိမ်ကိုယ် ကိုယ့်စက်နဲ့ကိုယ် မီးလာတုန်း အသံကုန်အော်။ ညောင်းတတ်ရင် ဆေးရုံကအလုပ်သမားလေးတွေ ကျောပေါ်တက်နင်းခိုင်း။ သိပ်မကဲချင်နဲ့။ မီးက နှစ်နာရီပဲလာတာ။ မီးသေရင် ကိုယ့်ပွဲကိုယ်ပြီးပလိုက်ကြ။
      အဲ့ဒါကြောင့် ပြောတာပေါ့။ ဘာမှမရှိပဲနဲ့။ အမ်းကိုပြန်ချင်နေတယ် လို့ သမီးကပြောတယ်။ အဲ့ဒီဘာမှ မရှိတာကိုက အရသာလေ။ ရန်ကုန်မှာသာ အဲသည်အရသာ မရှိတာ။ ရန်ကုန်က ဘာမဆိုရတယ်။ ဂျပန်ကလာတဲ့ ဆော်လမွန်ငါးအစိမ်း လတ်လတ်ဆတ်ဆတ်တွေ စားမလား။ ငါးတကောင်လုံး အမြီးနဲ့ခေါင်းကလွဲရင် ဥတွေအပြည့်နဲ့ဟာမျိုးလည်းရတယ်။ ဒိန်းမတ်ကတင်သွင်းသည်ဆိုတဲ့ အမဲသားကင်တွေလည်း သိန်းချီပေးစားချင်စားဦး။ (ပိုက်ဆံရှင်းကာနီးမှ အရူးအမဲသားကျွေးမိယောင်ဆောင်ကြတာပေါ့။) မရတာ မရှိတာ ဘာမှ မရှိဘူး။ သမီးထင်သလိုပါပဲ။ ပိုက်ဆံများများပေးရလေ။ အရသာ အရည်အသွေး ကောင်းလေလေ။ ကုန်ပစ္စည်းတစ်ခုရဲ့ ကွာလတီအရည်အသွေးကို အာမခံချက် မရှိတဲ့အခါ ယေဘုယျအားဖြင့် ဈေးကြီးတဲ့ပစ္စည်းတွေဟာ အကောင်းစားတွေဖြစ်တယ်လို့ သူလက်ခံထားတဲ့ လောဂျစ်ဟာ မှန်သလိုလိုရှိတယ်။ (မှန်ကိုမှန်တယ် လို့ သူကတော့ စောဒကတက်မှာ)
       ဒါပေမယ့်လည်း အမ်းမှာရှိတဲ့ အစားအသောက်တွေရဲ့အရသာဟာ ရန်ကုန်မှာ ဈေးကြီးပေးစားရတဲ့ အစားအသောက်တွေနဲ့ ဘာမှမဆိုင်ဘူး။ မယှဉ်နိုင်အောင် ကောင်းတယ်ဆိုတာ သူကိုယ်တိုင် လိုက်မစားဖူးပဲ ဘယ်လိုသက်သေပြမလဲ။ ခုချိန်ဆို အမ်းမှာ တောဝက်သားခြောက်တွေပေါ်နေပြီ။ ဆင်ခရမ်းချဉ်သီးကလေးနဲ့ ချက်စား ကောင်းမှကောင်း။ သူတို့ဆီက တောဝက်သားများ ချက်ချင်းကြပ်တင်မထားရင် တညနေဆို ပုပ်ရော။ အဲ့ဒါကို ခြောက်အောင်ထားပြီး ရန်ကုန်ထိအောင်သယ်လာလို့လည်း စားမကောင်းဘူး။ သူ့ဆီကအစာ သူ့ဆီမှာတထိုင်တည်းစားမှ အရသာရှိတယ်။ ဒါတောင် တခါရန်ကုန်ပြန်တော့ ဂျီသားလတ်လတ်ဆတ်ဆတ်တွေ တနေပြပြီး အိမ်ရောက်တော့ ချက်စားတာ သမီးကြိုက်တယ် မဟုတ်လား။ ဆိုင်မှာဝယ်စားတဲ့ဂျီသား ဘယ်ဂျီသားမှ မစစ်ဘူးဆိုတာ အစစ်စားဖူးမှ သိမယ်။ အမ်းကလူတွေက အစစ်စားနေကျဆိုတော့ သူတို့ကို ညာရောင်းရင် ချက်ချင်းသိတယ်။ ဆတ်သားခြောက်ဆိုပြီး ကျွဲသားတွေ ပြောင်သားတွေ အမ်းမှာလာရောင်းလို့ ဘယ်သူမှ ဝယ်မစား။ အဲ့ဒါ ဧည့်သည်တွေဝယ်တဲ့ အိမ်ပြန်လက်ဆောင်တွေ။ စစ်တွေကလူတွေ အမ်းကိုပြောင်းရင် "နင် ဟိုမှာ မျှစ်ပဲစားရမယ်။" လို့ ပြောလွှတ်လိုက်တယ်။ မျှစ်ဆိုလည်း မျှစ်ပေါ့။ အမ်းမှာတော့ မျှစ်မခေါ်ဘူး။ ဝါးတုတ်လို့ခေါ်တာ။ လတ်လတ်ဆတ်ဆတ် နုနုချိုချိုလေး။ ကြွေဇွန်းနဲ့ ဖဲ့လို့ရတယ်။ အမ်းကမျှစ်က အမ်းမှာပဲချိုတယ်။
       အမ်းမှာရတဲ့ စပါယ်ရှယ်မီနူးတွေကို ခဏခဏ ရေးခဲ့ပြီးပါပြီ။ အပ်ကြောင်းတွေ ထပ်ကုန်မစိုးလို့ စားမြုံ့မပြန်တော့ဘူး။ အမ်းမှာ စားလို့ကောင်းသလို အိပ်လို့လည်းကောင်းတယ်။ မီးပြတ်သွားရင် ဘာအလုပ်မှ လုပ်စရာမရှိဘူး။ အိပ်ဖို့ပဲရှိတာ။ မနက်ရောင်နီလာရင် တန်းနိုးရော။ နေ့လည်မွန်းတည့်ရင် တန်းဗိုက်ဆာ။ ညနေ မှောင်ရီပျိုးတော့ ထမင်းထပ်စား။ ကြားထဲမှာ ကိုယ့်အလုပ်ကလေးကိုယ် ရှာကြံလုပ်နေ။ အလုပ်ပါးလို့ ပျင်းလာရင် ရခိုင်တခွင် ပြဲပြဲစင်အောင် ထွက်လည်။ ပင်လယ်ရှိတယ်။ ရိုးမရှိတယ်။ မြစ်တွေချောင်းတွေ ရှိတယ်။ ရခိုင်သူရခိုင်သားတွေ ရှိတယ်။ ချင်းတွေလည်း ရှိတယ်။ ကိုယ့်အရပ်နဲ့တော့ မတူဘူး။ အခုမှ မတူတာမဟုတ်ဘူး။ ရှေးကတည်းက မတူတာ။ "ရခိုင်မူကား လူလည်းတထွေ ရေလည်းတခြား ဖျားလည်းတက်သက်။" လို့ ရှင်မဟာရဌသာရကြီး ရခိုင်ကြွတုန်းက ရေးခဲ့တယ်လေ။ ဖျားတာတောင် တက်လိုက်သက်လိုက်နဲ့ဆိုတော့ ငှက်ဖျားများမိလေသလား မဆိုနိုင်ဘူး။
       ရိုးမပေါ်ကတောတွေဟာ ပထဝီသင်တုန်းကလိုဆို အမြဲစိမ်းသစ်တောတွေထဲပါတယ်။ တစ်နှစ်မှာ ခြောက်လလောက် မိုးတွေရွာနေတာဆိုတော့ တစ်ပင်ခြောက်ရင် တစ်ပင်စိမ်းပြီး အရွက်ကြွေချိန်ရယ်လို့တောင် မရှိဘူး။ ဒါပေမယ့်လည်း အခုလို နွေဦးရာသီ လေယာဉ်ပေါ်ကကြည့်ရင် တစ်ပင်လုံး ဖွေးဖွေးလှုပ်နေအောင် ပွင့်တဲ့ ပျဉ်းတောကြီးတွေကို မြင်ရတယ်။ တချို့ကျလည်း ခရမ်းပြာရောင်ပေါ့။ အပွင့်မပွင့်တဲ့ အပင်တွေက စိမ်းတယ်မှိုင်းတယ်ပဲ တွေ့ရပေမယ့် သူတို့လို ပင်လုံးညွှတ်တဲ့အပင်ကျ သိပ်သိသာတာပဲ။ စိန်ပန်းပင် လက်ပံပင်ကြီးတွေဆိုလည်း ဒီအချိန် ရဲနေအောင် ပွင့်တာ။ အများဆုံးပေါက်တာကတော့ ဝါးတောပဲ။ ခုတ်လို့မနိုင်အောင်ကို ပေါက်တာ။ ခုတ်လည်းမခုတ်ကြပါဘူးလေ။ တောင်ယာစိုက်ချင် မီးတိုက်ပလိုက်တယ်။ အေးရော။ ရခိုင်တွေက ပင်လယ်ကို စိုးမိုးထားပြီး ချင်းတွေက တောင်ပေါ်ကို အပိုင်စားကြတယ်။ ဆင်တွေနဲ့ ရွာတည်ပြီး နေတယ်။ သွားရလာရ ခက်လေခေါင်လေ အဲသည်အရပ်တွေမှာ ပိုက်ဆံက တန်ဖိုးမရှိလေပဲ။ ဘယ်ရှိမလဲ။ သူတို့လည်း ပိုက်ဆံမှ မရှိကြပဲဟာကို။ မြို့နဲ့ဝေးလေ သဘာဝရဲ့ ရင်ခွင်ထဲကို ရောက်သွားလေ။ အပူအပင် အညစ်အကြေးတွေ ကင်းစင်သွားလေပဲ။

       သမီးကတော့ မြို့ကလာတဲ့သူမို့ သူတို့ဆီ မီးမရှိ ရေမရှိ၊ အင်တာနက်မရှိ အဲယားကွန်းမရှိနဲ့ ဘယ်လိုနေနိုင်မှာပါလိမ့်လို့ တွေးပူနေတာ။ ကိုယ့်အဖို့တော့ အမ်းရောက်သွားရင် အဲ့ဒါတွေ လိုမှမလိုပဲနဲ့။ နေအလင်းရောင်နဲ့ အလုပ်လုပ်မယ်။ လအလင်းရောင်နဲ့ အနားယူမယ်။ နေပူရှိန်ပြင်းတဲ့အခါ သစ်ရိပ်ဝါးရိပ်ကလေးတွေက သိပ်အေးတာပဲ။ လေပြေလေညှင်းကလေးတွေက တစ်ပြားမှ ပေးစရာမလိုဘူး။ မိုးရွာရင် ရေတွေပေါမယ်။ နွေခမ်းရင် အမ်းချောင်းရေကြည်မယ်။ တယ်လီဖုန်းတွေ ဘာလုပ်ဖို့လိုမလဲ။ အရေးပေါ်လူနာလာရင် ဆေးရုံပေါ်က အလုပ်သမားတစ်ယောက် လွှတ်ခေါ်ငါးမိနစ်တောင် မကြာဘူး။ တီဗီလည်း မကြည့်ပါဘူး။ တစ်ညမှ နှစ်နာရီလာတဲ့မီးနဲ့ အစိုးရဝါဒဖြန့်တာတွေ အဟုတ်မှတ်ကြည့်နေရမယ်။ အင်တာနက်မရတော့ စာတောင်ပိုရေးဖြစ်သေးတယ်။ သူများဖွရာ အာရုံမပွေဘူး။ ရန်ကုန်မှာလို ဘယ်ဆိုင်မှာ ဘာစားရမလဲ ခေါင်းမစားဘူး။ မုန့်တီလား ထမင်းကြော်လား။ နှစ်မျိုးပဲ ရွေးစရာရှိတယ်။ ပျင်းရင် အီကြာကွေးနဲ့ လိပ်ခုတ်ပြောင်းစား။ ဒါတောင် အမ်းမှာမို့လို့ရတာ။ ရွာမှာ ကိုယ့်ဟာကိုယ် ချက်မစား ဘာမှ စားစရာမရှိ။ ငှက်ပျောသီး၊ ဖရဲသီး၊ ပြောင်းဖူး၊ ကန်စွန်းဥပဲစားလေ။ ဘယ်ဟာမှ မကောင်းမရှိဘူး။ သဘာဝအသီးအနှံ။ ရောင်းကုန်မဟုတ်။

      နေ့ပူလို့ ညချမ်း တပေါင်းလသရမ်းတဲ့။ နေ့ဘက်မှာ ဘယ်လောက်ပဲပူပူ ညဘက်ရောက်ရင် အေးအေးချမ်းချမ်း အိပ်ရမယ်။ လကလေးများသာတော့ တောက်တောက်ကို ထိန်နေတာပဲ။ လမသာလည်း ကြယ်ရောင်လင်းသေးတယ်။ ကြယ်မလင်းတောင် ပိုးစုန်းကြူးကလေးတွေ တလက်လက်တောက်တာ မအူဝဲ အကယ်ဒမီညကဝတ်တဲ့ စိန်ထည် သိန်းနှစ်သောင်းဖိုးလောက်တော့ အသာလေးပဲ။ ပိုးတောင်မာလို မီးစုန်းလက်တဲ့ အကောင်ကြီးတွေလည်း ရှိတယ်။ အမှောင်မှာ ဘာရောင်တွေရှိသလဲလို့ သိချင် တောမှာလာကြည့်မှ သိတာ။ ရန်ကုန်မှာ လမသာဘူး။ အိပ်ယာဝင်အိပ်ယာထ ငှက်ကလေးတွေ တေးဆိုတာလည်း တောမှာပဲ ကြားရမယ်။ စိုးစီစိုးစီဆိုတာ ဘယ်လို အသံမျိုးလဲ။ တစ်တီတူးက ဘယ်လိုမြည်သလဲ။ တကူကူးဆိုတာရော တကယ်ကြားဖူးလို့လား။ ခုချိန်ဆို ဥသြလေးတွေ သီချင်းဆိုပြီ။ အဲ့ဒါ တောမှာပဲ ကြားရတဲ့ သဘာဝဂီတ။ တောက်တဲ့က ခုချိန်မတွန်သေးဘူး။ မိုးဦးလေဦးကျမှ မြူးပြီးတွန်တယ်။ ဒီအချိန်ဆို လေပြေလေညှင်းကလေးတွေအပြင် လေရူးလေပွေကလေးတွေလည်း လာတတ်တယ်။ သူတို့နှစ်ခုက မတူဘူး။ ဘယ်လိုကွာသလဲ။ လေထဲမှာပါတဲ့ မြေသင်းနံ့နဲ့ မိုးအနံ့ကို ခွဲတတ်ပါ့မလား။ သဘာဝကသင်ထားတော့ တောက်တဲ့ကြီးတွေတောင် မိုးလားလလား ခွဲခြားတတ်တယ်။

     မြို့မှာမရပေမယ့် တောမှာရတဲ့ သဘာဝအရသာဟာ ပိုက်ဆံလည်း မပေးရဘူး။ အယုတ်အလတ်အမြတ်ရွေး လူတိုင်း သာတူညီမျှ ခံစားလို့ရတယ်။ ဗိုလ်ချုပ်အိမ်မှ ကွက်လမသာဘူး။  တောသားအိမ်လည်း လရောင်ဖြာတယ်။ အေးအတူ ပူအမျှဆိုတာ တောသားတွေမှ တောမှာနေမှ ခံစားလို့ရတဲ့ စိတ်ထား။ ပတ်ဝန်းကျင်ကြီးကို ကြည့်ချင်မြင်ချင်ပြီဆိုရင် တောင်ကုန်းမြင့်မြင့်ပေါ်ကို ရောက်အောင်တက်လိုက်။ ဘယ်နေရာမှ မလှမရှိဘူး။ စိမ်းစိမ်းကိုစိုနေတာပဲ။ မြေကြီးကပ်ပေါက်တဲ့ ကျောက်လက်ဝါးပင်ကလေးတွေကအစ စိမ်းစိမ်းမြမြ လှတယ်။ ဒီနေ့ မြောက်ဦးမှာ ပရီဝယ်ဒင်ရိုက်ထားတဲ့ ပုံတွေကြည့်မိတော့မှ ပိုသတိရသွားတယ်။ ဘုရားငုတ်တို အုတ်ပုံအပြိုကြားထဲမှာ ရေညှိစိမ်းကလေးတွေ ကတ္တီပါသားလို ညက်မှောင်နေတဲ့အလှက ထုံးသုတ်မီးထွန်းထားတာထက် အများကြီးပိုလှနေပါရောလား။ အဲ့ဒါနဲ့ ကိုယ်အမ်းမှာဆိုင်ကယ်တစ်စီးနဲ့ ရောက်လေရာရာ လျှောက်ရိုက်ထားတဲ့ ပုံတွေ ပြန်ကြည့်ဖြစ်တယ်။ သဘာဝအတိုင်းလှတယ်ဆိုတာ အနုပညာလက်ရာတွေ လိုက်လို့တောင် မမီဘူး။ နေရာတစ်နေရာတည်းမှာပဲ နေဝင်ရင်တမျိုး နေထွက်တော့ တဖုံ။ ဆောင်းနှင်းမြူတွေနဲ့ကျ တဘာသာ၊ မိုးတိမ်တိုက်တွေအောက်မှာ တရောင်၊ တူမှမတူပဲနဲ့။ တောင်ကွေ့ကလေးမှာ အရိပ်ကလေးကျတော့ မြောင် လို့ ခေါ်သတဲ့။ အောက်ကို ချောက်နက်နက်ကလေးဆင်းသွားတော့ သျှို လို့ ခေါ်ပြန်တယ်။ အောက်ကနေ ပင့်ကြည့်လို့ မြင်ရတာက ကမ်းပါးယံစွယ်တဲ့။ တောင်ကြားကလေးမှာ စမ်းကလေးခွေတော့ ပန်းကလေးတွေ ပွင့်ကြပြန်ရော။ တောနှင့်တောင်စွယ်ဆိုတဲ့အလှဟာ မြို့မှာဆိုရင် ပြက္ခဒိန်တွေမှာပဲ မှန်းကြည့်လို့ရမယ်။ ဓါတ်ပုံတွေကတဆင့် ခံစားလို့ရချင်ရမယ်။ ဒါပေမယ့် ကိုယ်တိုင် ကင်မရာကိုင်ဖူးတဲ့ အတွေ့အကြုံအရတော့ ဓါတ်ပုံထဲကအလှဆိုတာ အပြင်လို တမျှော်တခေါ် ဘယ်တော့မှ ကြည့်လို့မြင်လို့ မရဘူး။ အပြင်ကအလှကို ဘယ်တော့မှလည်း မီအောင်ရိုက်နိုင်မှာ မဟုတ်ဘူး။ နေဝင်ဆည်းဆာ ချောင်းစပ်ပေါ်တိမ်တောက်တဲ့အလှကို အမ်းမှာ ခဏခဏ ဓါတ်ပုံရိုက်ထားဖူးတယ်။ ခြေဖျားတောင်မမီဘူး။ တန်ဆောင်မုန်းလပြည့် မြူမှောင်ဝေကင်း လမင်းကြီးကို ရိုက်တာတောင် အမည်းနောက်ခံမှာ အဖြူလုံးတစ်လုံးအဖြစ်ပဲ မြင်ရတယ်။ တကယ့်အလှစစ်ဟာ အပြင်မှာပဲ ရှိတယ်။ ကိုယ်တိုင်လာနေမှ ခံစားလို့ရမှာ။ ဒီဟာတွေက ပိုက်ဆံမပေးရလို့ အဖိုးမတန်ဘူးလို့ ထင်ချင်ထင်မယ်။ ပိုက်ဆံဘယ်လောက်ပေးပေး ဝယ်ယူလို့မရတာလည်း သိစေချင်တယ်။
     တောသဘာဝနဲ့ မြို့သဘာဝဆိုတာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တယ်။ တောမို့လို့ မြို့မှာရှိတာတွေ ဘာမှမရှိဘူး ပြောနိုင်ပေမယ့် အဲသည်တောရောက်မှ မြို့မှာမရှိတာတွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားဖူးတယ်။ နှစ်ခုစလုံးကို ခံစားပြီးတဲ့အခါ ဘယ်ဟာကိုကြိုက်သလဲ မေးရင် ကိုယ်ကတော့ တောကသဘာဝကိုပဲ ပိုကြိုက်တယ်။ ဒါ ပေါ်လစီကားရိုက်တာ မဟုတ်ဘူး။ ကြိုးကြာတောင်ပံခတ်နေတာလည်း မဟုတ်ဘူး။ အဓိကကတော့ ကိုယ့်ဝင်ငွေ ကိုယ့်အဆင့်အတန်း နဲ့ ကိုယ့်အတတ်ပညာပေါ့။ မြို့မှာ ကိုယ်မီအောင် ပိုက်ဆံလိုက်မရှာနိုင်ဘူး။ ကိုယ်ရတဲ့လစာသုံးသိန်းဆိုတာ ကိုယ့်ဆေးရုံက အလုပ်သမားတွေ ဝင်ငွေကိုတောင် လိုက်မမီဘူး။ ဆေးရုံမှာ ယူနီဖောင်းနဲ့ ဝီစီနဲ့ လုံခြုံရေးဝန်ထမ်းတွေကို အပြင်ကကံထရိုက်နဲ့ တစ်လသိန်းကိုးဆယ်ပေးပြီး ငှားထားရတာ။ တနေ့နှစ်ခါ အမှိုက်လာသိမ်းဖို့ စည်ပင်ကအမှိုက်ကားကို ဘယ်လောက်ပေးခေါ်ထားရသလဲရော သိချင်လား။ ငုတ်တုတ်ကိုမေ့သွားဦးမယ်။ တော်ပါပြီ။ တို့များ သိုက်ကလာတယ်။ အတင်းမပြောဘူး။
      ကိုယ်အခုရတဲ့လခနဲ့ ရန်ကုန်မှာနေရင် လောကကြီးဟာ မသာယာဘူး။ လမကုန်ခင် လခကုန်လို့ အိမ်ကပြန်ပြန်တောင်းရတယ်။ ဆရာဝန်သာဖြစ်တာ။ ကိုယ်တိုင်နေထိုင်မကောင်းရင် ဆေးကုဖို့ ပိုက်ဆံရှိတာမဟုတ်ဘူး။ နေစရာ စားစရာတော့ မိဘတွေ ယောက္ခမတွေ ရှိလို့ အဆင်ပြေတယ်။ သို့သော်လည်း ပိုက်ဆံဝင်ငွေမရှိတဲ့ကိုယ့်ကို ကိုယ့်သမီးကတောင် အထင်မကြီးဘူး။ ရန်ကုန်က ရေမီးစုံတယ်သာဆိုတယ်။ ရေဖိုးမီးဖိုးက နင့်နေတာပဲ။ ဆီဖိုး ဖုန်းဖိုး အင်တာနက်ဖိုးနဲ့ဆို ဘာပြောကောင်းမလဲ။ ရှူတဲ့လေတောင် အလကား မရ။ လမ်းလျှောက်တော့ လမ်းလျှောက်ခ၊ ကားစီးတော့ ကားစီးခ၊ ရပ်ထားရင်လည်း ကားရပ်ခ မီတာတွေ တက်တာတက်တာဆိုတာများ။ ပိုက်ဆံမရှိရင် သေမှာပဲ လို့ မပြောနဲ့။ သေလို့တောင်မရဘူး။ တစ်ခါသေဖူးမှ ပျဉ်ဖိုးနားလည်မယ်။ ကုန်ကုန်ပြောကြေး ပိုက်ဆံမရှိရင် မြို့ဆိုတာ အနေကြပ်အသေကြပ်ကြီး။
      တောမှာတော့ ဘာပိုက်ဆံမှ မလိုဘူး။ ကုန်စရာလည်း မရှိဘူး။ လစာသုံးသိန်းဆိုတာ အမ်းမှာတော့ သုံးမကုန်။ ဒါကြောင့် ပိုက်ဆံအကြောင်းလည်း မပြောဘူး။ ပိုက်ဆံအတွက် စဉ်းစားစရာလည်း မလိုဘူး။ စားသမျှချိုတယ်။ မျိုသမျှ ရှောရှောရှူရှူပဲ။ မတန်တဆဆိုတာ ဘာတစ်ခုမှ မရှိ။ အလုပ်သမား နဲ့ ဆာဂျင်လည်း ဆိုင်ကယ်ပေါ် လည်ပင်းဖက် စီးလို့ရတယ်။ တစ်ပတ်နေမှ ဓါတ်ဆီတစ်ပုလင်းဆို တစ်ထောင်စွန်းစွန်းရယ်။ သူစားတာလည်း သည်ထမင်း ကိုယ်စားတာလည်း သည်ထမင်း။ မိုးရွာရင် မိုးရေချိုး၊ မိုးမရွာတော့ ချောင်းရေချိုး။ ရေကြီးရင် လှေစီး။ နေသာရင် အဝတ်လှမ်းကြမယ်။ သဘာဝတရားက လူတိုင်းအတွက် သာတူညီမျှပဲ။ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ တရားမျှတတယ်။ ဒီလိုမြေမျိုးမှ နေချင့်စဖွယ်မဖြစ်ရင် ဘယ်သွားနေရမလဲ။ ဘာမှမရှိလို့ ဘာမှမကုန်ုတဲ့အရသာဟာ ကိုယ့်အတွက်တော့ ဘုရားပေးတဲ့ဆုပဲ မဟုတ်ဘူးလားလို့။ အခုချိန်ကျမှ အမ်းကိုလွမ်းလို့ သွားလည်ချင်တယ်ဆိုရင်တောင် လေယာဉ်ခက အသွားအပြန် တစ်သိန်းခွဲလောက်၊ ဟိုမှာနေဖို့စားဖို့ သွားဖို့လာဖို့ဆို လခတက်တက်ပြောင်သွားမှာ။ တောချင်တောင်ချင်တာတောင် မတောနိုင် အဲလေ။ ဒါတော့ ဆက်ပြောလို့မဖြစ်ဘူး။ သိချင်ဝယ်ဖတ် တစ်အုပ်တစ်ကျပ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...