Wednesday, February 14, 2018

အကြီးလေး နဲ့ အငယ်လေး အကြီးမနဲ့ အငယ်မ ရန်ဖြစ်ကြသော်


✌️ကလေး အငယ်လေး မိသားစုထဲ ရောက်ရှိလာတဲ့အခါ သားကြီး၊ သမီးကြီးက ဘယ်လောက်ငယ်ငယ် အကြီးဖြစ်သွားပါသည်။ သူတို့က အငယ်ကို ဘယ်လောက်လက်ခံ ကြိုဆိုသည် ဖြစ်စေ မသိစိတ်မှာ မကျေနပ်စိတ်၊ မိဘက သူတို့အပေါ် အချစ်လျော့သွားမလား စိုးရိမ်စိတ် ရှိတတ်ပါသည်။

✌️ အငယ်လေးက အကြီးနဲ့ အတူဆော့နိုင်တဲ့ အရွယ်မှာတော့ ရန်စဖြစ်ပါပြီ။ ကလေး အကြီးနှင့် အငယ်က
၁/ မနာလိုစိတ်
၂/ အနိုင်ယူလိုစိတ်
၃/ မတရားဘူး ထင်တဲ့အခါ
၎/ မိဘအာရုံ စိုက်မှု ပိုလိုချင်တဲ့အခါ ရန်ဖြစ်ကြသည်။


✌️ကလေး အချင်းချင်း ရန်ဖြစ်နည်းအောင် ဆောင်ရန် ရှောင်ရန်များ

👉(၁) တစ်ယောက်နှင့် တစ်ယောက် တမင်တကာ ယှဉ်ပြောပြီး မစပါနှင့်။
ဥပမာ- အကြီးမလေးက ပိုလှတယ်၊  အငယ်လေးကတော့ အသားမဲတယ် စသည်တို့ကို ရှောင်ပါ။

👉(၂) တစ်ယောက်၏ စွမ်းရည်ကို ကွက်ပြီး မကြာခဏ ချီးကျူးခြင်းဖြင့် ကျန်တစ်ဦးကို စိတ်အားမငယ်ပါစေနှင့်။ ကလေးတစ်ဦးစီ၏ အရည်အချင်းကို တစ်ချိန်တည်းမှာ ချီးကျူးပြီး တစ်ယောက်ကို တစ်ယောက် အားကျအတုယူနိုင်ပါစေ။

👉(၃) စည်းကမ်းကို တန်းတူ ချမှတ်ပါ။ အကြီးကို အငယ်က မရိုက်ရ၊ မဆဲရ၊ မအော်ရဟု တစ်ဖက်သက် ဆုံးမမည့်အစား တစ်ယောက်နဲ့ တစ်ယောက် နာကျင်အောင်မလုပ်ရ၊ မဆဲရ၊ မအော်ရဟု စည်းကမ်းထုတ်ခြင်းက ပို သင့်လျော်သည်။

👉(၄)မျှတမှု ရှိအောင် အုပ်ချုပ်ပါ။
ဥပမာ- TV ကြည့်ချိန်ကို အကြီးကြည့်ချင်သည့် လိုင်းနှင့် အငယ်ကြည့်ချင်သည့်လိုင်း မတူလျှင် ည ၇ နာရီမှ ၇ နာရီခွဲ အကြီးဦးစားပေး၊ ၇ နာရီခွဲမှ ၈ နာရီ အငယ်ဦးစားပေးမည်ဟု အလှည့်ကျ အခွင့်အရေး ပေးပါ။

👉(၅) တာဝန်ကို ခွဲခြားပေးပါ။
အထူးသဖြင့် အိမ်မှုကိစ္စများ ကူညီနိုင်သည့် အရွယ်တွင် ပန်းကန်ဆေးခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်းတို့ကို မျှမျှတတ သတ်သတ်မှတ်မှတ် လုပ်စေခြင်းဖြင့် တာဝန် ခွဲခြားယူခြင်းကို သိနားလည်စေနိုင်သည်။

👉(၆)ကလေး ၂ ယောက် အတူတူ ချစ်ခင်စွာ ဆော့ကစားတိုင်း၊ တစ်ခုခုကို မျှဝေစားတိုင်း၊ ပြဿနာတစ်ခုကို အတူ ဖြေရှင်းတိုင်း၊ အငြင်းအခုံတစ်ခုကို အေးချမ်းစွာ ပြေလည်သွားတိုင်း မသိချင်ယောင် မဆောင်ဘဲ သူတို့ လုပ်ရပ် အလွန်ကောင်းမွန်ကြောင်း ချီးကျူးစကားပြောပေးပါ။

👉(၇) ရန်ဖြစ်နေကျ အချိန်၊ နေရာ၊ အချိန်အခါတွေ ကြုံခါနီးတိုင်း အာရုံလွှဲပေးနိုင်ဖို့ ကြိုတင် ပြင်ဆင်ပါ။

👉(၈) တခါတရံတော့ သူတို့ အချက်ကျကျ စကားရည်လုတဲ့ အခါ ဝင်မစွက်ဖက်ဘဲ နားထောင်နေလိုက်ပါ။မှန်တဲ့ တစ်ဦးကို မှားတဲ့ တစ်ဦးက လက်ခံသွားတယ်ဆိုရင် သူတို့ စကားရည်လုတာက အကျိုးရှိပါသည်။ မှားတဲ့သူက တောင်းပန်တတ်အောင် ညွှန်ပြပါ။
👉(၉) မလွှဲမရှောင်သာ ရန်ဖြစ်ခဲ့တယ်ဆိုရင် သွေးအေးသွားချိန်မှာ ဖြစ်စဉ်ကို ခွဲခြမ်းစိတ်ဖြာပြပါ။ ဥပမာ သားငယ်က သားကြီးအရုပ်ကို ကိုင်လိုက်ချိန်မှာ သားကြီးက ပြန်မလုပဲ ခဏလေး ပေးဆော့လိုက်ရင် သားတို့ ရန်မဖြစ်ဘူးပေါ့ လို့ နောက်ကြောင်းပြန် သင်ပေးခြင်းဖြင့် နောက်တစ်ကြိမ် အလားတူရန်ပွဲ မနွှဲရအောင် ကာကွယ်နိုင်သည်။

👉(၁၀) နောက်ဆုံး တစ်ချက်ကတော့ မိဘတွေကိုယ်တိုင် ရန်မဖြစ်ဘဲ နေနိုင်အောင် ကြိုးစားပါ။ တစ်ဦးကို တစ်ဦး အပြန်အလှန်လေးစားမှု၊ မတူညီတဲ့ အမြင်တွေကို ညှိနှိုင်းတတ်ခြင်း၊ ကိုယ်ချင်းစာတရားစသည်တို့ကို စံနမူနာ ထားပြပါ။

👩🏻‍⚕️ ကလေးရန်ဖြစ်တိုင်းတော့ အကျိုးမယုတ်ပါ။ ကိုယ်ထိလက်ရောက် မဟုတ်လျှင် သွေးချင်းမောင်နှမကြား တချို့ အငြင်းအခုန်များက တရားမျှတခြင်းနှင့် ပြဿနာ ဖြေရှင်းနည်းကို လေ့ကျင့်သင်ကြားပေးနိုင်သည်။ ရန်အေးချမ်းပြီး ပျော်ရွှင်သာယာသော မိသားစုများ ဖြစ်ကြစေရန် ရည်ရွယ်ရေးပါသည်။

Credit to
နေနေမိုးဆွေ (Child Health Myanmar) ရေးသားပါသည်

#naynaymoeswe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...