သမင်မွေး ပညာရေး
၂၀၁၀ ပြည့်နှစ်က Amy Chau ဆိုသူ ယေးလ်တက္ကသိုလ် ပါမောက္ခက “Battle Hymn of the Tiger Mother” ဆိုတဲ့ စာအုပ်ထုတ်လိုက်ပါတယ်။
ဒီစာအုပ်မှာ အေမီက ဘာကြောင့် တရုတ်မေမေတွေ ဖျတ်ဖျတ်ခါ၊ သဲသဲလှုပ် သူတို့သားသမီးတွေ အတွက် ပညာရေးမှာ အကဲပိုနေကြရသလဲဆိုတာ ရေးထားတယ်။
မိဘတိုင်း ကိုယ့်သားသမီးကို အကောင်းဆုံး၊ အတော်ဆုံးတွေ ဖြစ်စေချင်ကြတာပဲ။ ဒါပေမဲ့ တရုတ်မေမေ တွေကတော့ သူများတွေထက်ပိုတယ်။ အေမီရဲ့ ရေးသားချက်တွေက အရမ်းပေါက်သွားပြီး ကမ္ဘာကျော်သွား တယ်။ ဝေဖန်တာတွေလည်း အများကြီးပေါ့။ ဒီလောက်ဖြစ်စရာ လိုသလားလို့ ပြောသူတွေရှိသလို၊ တရုတ်တွေကို အားကျပြီး လိုက်လုပ်တဲ့ သူတွေလည်းရှိတယ်။
အဲဒီအချိန်ကစပြီး Tiger Mom ဆိုပြီး ပညာရေးမှာ သားသမီးတွေအတွက် ကျားကုတ်ကျားခဲဖြစ်နေတဲ့ မေတွေကို “ကျားမေမေ” တွေဆိုပြီး တင်စားခေါ်လာကြတော့တာပဲ။
ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကတော့ “ကျားမေမေ” တွေကို ချီးကျူးပါတယ်။ သူက
ကလေးတွေ ဘယ်လောက်တော်တယ်ပြောပြော သူတို့နောက်မှာ ကြိုးစားခိုင်းတဲ့သူတွေ မရှိရင်၊ စာကို အာရုံစိုက်ဖို့ တွန်းအားပေးတဲ့ သူတွေမရှိရင်၊ ကျရှုံးလာတဲ့အချိန်မှာ အားပေးမယ့်သူတွေ မရှိရင် မအောင်မြင် နိုင်ဘူး။ လုပ်ပါ၊ ကြိုးစားပါ၊ အောင်မြင်ရမယ်၊ စိတ်မပျက်နဲ့၊ ထပ်လုပ်ကြည့်ဆိုပြီးတော့ ပြောနေဖို့ မေမေတွေ ရှိကိုနေရမယ်တဲ့။
အောင်မြင်တဲ့ သူတွေရဲ့နောက်မှာ မေမေတွေ အရမ်းအရေးပါတယ်။ ဖေဖေတွေကလည်း အများကြီး အထောက်အကူပေးခဲ့တယ်။ ဘီလ်ဂိတ်စ်အကြောင်းကို ဖတ်ကြည့်သင့်တယ်။
ခုတော့ တရုတ်မှာ Tiger Mom တွေသာမဟုတ်တော့ဘူး။ Tiger Pa တွေလည်း ပေါ်လာပြီ။ Tiger Pa ဆိုတာ ဖေဖေတွေကို ရည်ညွှန်းတာဖြစ်သလို၊ မိဘနှစ်ဦးစလုံးဖြစ်တဲ့ Tiger Parents တွေကိုလည်း ရည်ညွှန်းပါတယ်။ ဖေဖေတွေရော၊ မေမေတွေပါ ကိုယ့်သားမီးပညာရေးအတွက် အသည်းအသန် ဖြစ်နေကြတယ်။
ဘာတွေ ဖြစ်နေကြသလဲ
ကျွန်တော်တို့နိုင်ငံ ပညာရေးတင်းကျပ်တယ်တို့၊ ဟိုဟာ မဖြစ်ဘူး သည်ဟာ မဖြစ်ဘူးလို့ ပြောနေကြတာ ဒီမိုကရေစီ အစိုးလက်အောက်။
တရုတ်မှာက ကွန်မြူနစ်စနစ်၊ ကွန်မြူနစ်ပါတီ၊ ကွန်မြူနစ်ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုအောက်။ နည်းနည်း လေးတော့ သဘောပေါက်စေချင်တယ်။
တရုတ်ကျားဖေဖေနဲ့ မေမေတွေက အစိုးရကို အပြစ်မတင်ဘူးဗျ။ တင်လို့လည်း မရဘူး။ ဒါကြောင့် အစိုးရက မပေးဘူးလား။ ပေးတဲ့နေရာကို လိုက်ရှာတယ်။ သူတို့ဝင်ငွေတွေရဲ့ ထက်ဝက်လောက်ကုန်ချင်ကုန်ပါစေ သားသမီးတွေရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတယ်။
ဘယ်နေရာတွေမှာ မြှုပ်နှံသလဲကျောင်းတွေက အင်္ဂလိပ်လိုမသင်ဘူးလား။ ရတယ် … အပြင်မှာ ကျူရှင်ထားတယ်။ မတတ်နိုင်ဘူးလား။ အွန်လိုင်း အင်္ဂလိပ်စာသင်တန်းတွေ တရုတ်မှာ ရှိတယ်။ တန်ဖိုးနည်းနည်းနဲ့ တက်နိုင်တယ်။ ဖုန်းလေးဖွင့်၊ တီဗီလေးဖွင့် လိုက်ပြီးတော့ လေ့ကျင့်တယ်။
ပိုတတ်နိုင်တယ်နော် … အွန်လိုင်းကနေ အမေရိကန်က ဆရာမရဲ့ တိုက်ရိုက်ပို့ချမှုကို ဖုန်းတွေဖွင့်ပြီးတော့ တရုတ်လေးတွေ လေ့ကျင့်နေကြတယ်။ တရုတ်မှာ အင်္ဂလိပ်စာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့လာ သင်ယူနေကြတာ သန်း ၃၀၀ လောက်ရှိတယ်။ ပုဂ္ဂလိက အင်္ဂလိပ်စာသင်ကြားတဲ့ ဈေးကွက်က ဒေါ်လာ ၁ ဘီလီယံလောက် ဖွံ့ဖြိုးနေတယ်။
တရုတ်ဖေဖေတွေက သူတို့ သားသမီးတွေကို သူတို့ကျောင်းတွေမှာ မသင်ပေးသေးတဲ့ STEM (Science, Technology, Engineering, Math) ဘာသာရပ်တွေကိ အပြင်ကျူရှင်လိုက်ပို့ပြီး သင်ခိုင်းနေတယ်။ လက်ရှိ တရုတ်မှာ STEM ဈေးကွက်ကျူရှင်တွေ အရမ်းဖွံ့ဖြိုးနေတယ်။
ရှိသေးတယ် Artificial Intelligence (AI) လိုင်းတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ကွန်ပျူတာ Code ရေးနည်း တွေကို မူလတန်းကျောင်းသားဘဝကတည်းက အပြင်မှာ ကျူရှင်ပို့ပြီး သင်ကြားနေကြတယ်။
ကျားဖေဖေ ကျားမေမေတွေ ဘာကြောင့် အဲဒီလောက်ဖြစ်နေသလဲ။ သူတို့ အဲဒီလို သဲသဲလှုပ်ဖြစ် နေတာကို နိုင်ငံတော်ကလည်း ဘာကြောင့် မသိချင်ယောင်ဆောင်နေသလဲ
တရုတ်မှာ နိုင်ငံက အလုပ်မပေးလဲ အမေရိကလွှတ်တယ်။ ဥရောပလွှတ်တယ်။ ဒါကြောင့် သူတို့ သားသမီးတွေကို အမေရိကနဲ့ ဥရောပက လက်ခံတဲ့ ပညာရေးကို ပေးနေတာ။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီး တွေက ပညာရေးနဲ့ အံဝင်အောင်၊ အလုပ်အကိုင်တွေနဲ့ ခွင်တည့်အောင် သူတို့ ပြင်ဆင်ပေးနေတာ။
နိုင်ငံတကာမှာ ကြည့်လိုက်။ ပညာရေးမှာ ထိပ်တန်း၊ သိပ္ပံနဲ့ နည်းပညာ နယ်ပယ်ထိပ်တန်းမှာ တရုတ်တွေ အများကြီး။ အဲဒါ ကျားဖေဖေ၊ ကျားမေမေတွေရဲ့ အမြော်အမြင်
နိုင်ငံတော်က မသိချင်ယောင်ဆောင်လည်း ဘာမှ အရှုံးမရှိဘူး။ တစ်နေ့ ငါ့နိုင်ငံက ထွက်သွားတဲ့ ကောင်တွေဟာ ငါ့နိုင်ငံပြန်လာမှာပဲ။ ဘာမှ ရှုံးစရာမရှိဘူး။ ဒါကြောင့် တရုတ်ခေါင်းဆောင်တွေက သူတို့ နိုင်ငံကထွက်သွားသူတွေကို “ပင်လယ်လိပ်” တွေလို့တင်စားတယ်။
ပင်လယ်လိပ်ဆိုတာ သိတယ်မဟုတ်လား။ ဘယ်ကိုရောက်ရောက် နောက်ဆုံး ကိုယ့်ကို မွေးတဲ့ ကျွန်းကိုပဲ ပြန်လာတတ်သူတွေလေ။
တရုတ်လုပ်တာပဲ ငါတို့ လိုက်လုပ်စရာလား။ ဟုတ်ကဲ့ လိုက်လုပ်ပါလို့ ပြောနေတာ မဟုတ်ဘူး။ တရုတ်တွေရဲ့ နောက်လာမယ့် နှစ် ၂၀ လောက်မှာ သေနတ်တစ်ချက်မှ မဖောက်ဘဲ တိုင်းပြည်တွေကို အုပ်ချုပ်သိမ်းပိုက် နိုင်အောင် လုပ်နေကြတာကို သတိထားဖို့ ပြောနေတာ
ဟေ့ တို့ကတော့ အင်္ဂလိပ်စာကို သောက်အထင်ကို မကြီးတာ
ရတယ် ခင်ဗျားတို့ဘာသာ ကိုယ့်သားသမီးကို ဘုန်းကြီးကျောင်းပို့ပို့ရတယ်။
ဒါပေမဲ့ တစ်ခုတော့ သိထားစေချင်တယ်။ ဘုန်းကြီးကျောင်းဆိုပြီး အထင်မသေးနဲ့။ ဘုန်းဘုန်းတွေက အရင်ကလို ပါဠိလောက်တတ်သူတွေ မဟုတ်တော့ဘူး။ အင်္ဂလိပ်လို ဖတ်နိုင်၊ ရေးနိုင်၊ ကျမ်းပြုနိုင်တွေ အများကြီး ဖြစ်လာပြီ။
ငါတို့က ကျားမလုပ်နိုင်ဘူး
ရတယ်
ကျားတွေစားဖို့ ခင်ဗျားတို့ သားသမီးတွေကို သမင်လေးတွေ ဖြစ်အောင် လုပ်နေတဲ့ ပညာရေးထဲမှာ လည်စင်းနည်းတွေ သင်ပေးနေတာ ကျေနပ်လိုက်ကြ
ကျားတွေလာနေပြီ။ လာတော့မယ်နော်
သမင်မွေးမြူရေး ပညာရေးနဲ့
သမင်မွေးလိုက် ကျားစားလိုက်အနာဂတ် လာတော့မယ်။ သတိသာထားပေတော့။
တင်ညွန့်
၁၈.၁.၂၀၁၈
0 comments:
Post a Comment