အတော်ဆုံးဆရာဝန်
ဆရာဝန် သူငယ်ချင်းသုံးယောက် ကွဲကွာသည့်အချိန်အတော်ကြာမှ ပြန်တွေ့ကြသည်။
သူတို့သည် ညနေခင်း တွင် ဘီယာလေးသောက်၊ ဂေါက်ရိုက်ထွက်ပြီး အပန်းဖြေရင်း
စကားပြောကြသည်။
“အေး … ဒို့ ကွဲကွာသွားရတဲ့ ကာလတွေမှာ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ခဲ့တာတွေကို ပြောကြရအောင် ကွာ ငါကစပြောမယ်”

ပထမဆရာဝန်က ဂုဏ်ယူစွာဖြင့်
“တစ်နေ့ ငါ့ဆီကို လူတစ်ယောက် ရောက်လာတယ်။ သူက စက်ထဲမှာ လက်နှစ်ဘက်စလုံး ပါသွားပြီးတော့ လက်မောင်းရင်းကနေ ဖြတ်ပစ်လိုက် ရတယ်။ ဒါပေမဲ့ ငါက သူ့ကို လက်အစားထိုးပြီး ထည့်ပေးလိုက်တယ်။ ခုဆိုရင် ငါတို့နိုင်ငံရဲ့ အကောင်းဆုံးနဲ့ အတော်ဆုံး စန္ဒရားတီးဆရာ ပညာရှင်ကြီးဟာ ငါ့လူနာပေါ့”
“တော်ပါပေတယ်ကွာ။ ကဲ … ငါပြောမယ်”
ဒုတိယလူက စကားစလိုက်ပြီးနောက်
“ငါ့ဆီကိုလည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်က လူတစ်ယောက် ရောက်လာတယ်။
ကားတိုက်ခံရပြီး ခြေထောက် နှစ်ချောင်းစလုံး ဖြတ်ပစ်လိုက်ရတယ်။ ဒါပေမဲ့ ငါက သူ့ကို ခြေထောက်အစားထိုး ထည့်ပေးလိုက်တယ်။ ဒီနှစ် အိုလံပစ် အပြေးချန်ပီယံဆုရှင်ဟာ ငါ့လူနာလေ”
“မင်းတို့ နှစ်ယောက်စလုံး ဘယ်ဆိုးလို့လဲ။ ငါ့ လူနာအကြောင်း နားထောင်ကြည့်ဦး”
တတိယဆရာဝန်က သူ့လူနာအကြောင်း စပြောသည်။
“တစ်နေ့တော့ စစ်သားတစ်ယောက် ခေါင်းကို သေနတ်ကျည်ထိပြီး ငါ့ဆီကို ရောက်လာတယ်။ ဆိုးဆိုးရွားရွားပဲကွာ။ သူ့ဦးနှောက်က လုံးဝကို ပျက်စီးပြီး ရစရာမရှိအောင် ဖြစ်သွားတယ်။ ဒါပေမဲ့ ဒီကောင် အတော် သတ္တိရှိတာပဲ။ ငါလည်း သူ့ဦးနှောက်ကို ထုတ်ထားပြီး ဘာနဲ့ အစားပြန်ထိုးပေးရမလဲလို့ စဉ်းစားတယ်။ ထူးဆန်းတယ်။ ဒီကောင် သတိတစ်ချက် မလစ်သွားဘူး”
တတိယ ဆရာဝန်က စကားကို ဆက်မပြောဘဲ ရပ်ထားသဖြင့် သူ့မိတ်ဆွေနှစ်ဦးက
“ဆက်လေကွာ … မင်းကလဲ”
“ငါက ပြောသင့် မပြောသင့် စဉ်းစားနေတာပါ”
“ပြောပါကွာ … ငါတို့ သူငယ်ချင်း … အရင်းကြီးတွေပဲ”
“အေး … အဲဒီ စစ်သားကို အချိန်မရတော့တာနဲ့ ဦးနှောက်မထည့်ပေးမိဘဲ ဒီအတိုင်း ပြန်ချုပ်ပေးခဲ့မိတယ်”
“အဲဒီတော့ … ဘာဖြစ်သွားလဲ”
“မင်းတို့ ဒီစကားကို ဘယ်သူ့မှ မပြောဘူးလို့ ကတိပေးရမယ်”
“ပေးတယ်ကွာ”
“အဲဒီကောင် သမ္မတဖြစ်လာတယ်။ ငါတို့ကို အုပ်ချုပ်ခဲ့တဲ့သမ္မတမှာ ဦးနှောက်မရှိဘူးဆိုတာ ခုဆိုရင် ငါတို့ သုံးယောက်ပဲသိတယ်။ မင်းတို့ သေတဲ့အထိ ဒီစကားကို ဘယ်သူ့မှမပြောဖို့ ကတိပေးပါ”
“တော်တယ်ကွာ။ ဒို့ သုံးယောက်ထဲမှာ သူငယ်ချင်းက အတော်ဆုံးပဲ။ ငါတို့ မင်းကို ဂုဏ်ပြုပါတယ်”
(သို့သော် ထိုသုံးယောက်ထဲမှ တစ်ယောက်သည် စာရေးဆရာတစ်ယောက်ကို ပြန်လည်ဖောက်သည်ချခဲ့သည်)
(The Best Doctor)
၂၂.၁၂.၂၀၁၆

0 comments:
Post a Comment