သူလိုမင်းသမီး
အမေရိကန် ရုပ်ရှင်မင်းသမီးတွေထဲမှာ ကျွန်တော် သဘောကျတဲ့ ရုပ်ရှင် မင်းသမီးတစ်ယောက်ရှိတယ်။ သရုပ်ဆောင် ကောင်းသလို၊ သူ့ဘဝကလည်း ကြမ်းတမ်းပြီး တကယ်အားကျဖို့ကောင်းပါတယ်။
သူ့ကို လက်မထပ်ဘဲ မိခင်ဖြစ်သူက မွေးခဲ့ရတယ်။ မွေးပြီး ရက်ပိုင်းလောက်မှာပဲ သူ့ဖခင်က မိခင်ဖြစ်သူကို ထားသွားခဲ့တယ်။ မိဘတွေကွဲသွားတော့ သူ့ကို ဖွားအေဖြစ်သူနဲ့ ထားခဲ့တယ်။ ဖွားအေကလည်း ရက်စက် လိုက်တာ။ သေအောင်ခိုင်းတယ်။ မလုပ်ရင် ကြိမ်စာကျွေးတယ်။ ဖွားအေက ဆင်းရဲတော့ သူ့ကို အဝတ်အစား မချုပ်ပေးနိုင်ဘူး။
အာလူးထည့်တဲ့ အိတ်ခွံကို အပေါက်ဖောက်ပြီး ဝတ်ထားပေးတယ်။ ဒါကြောင့် သူအပြင် ထွက်ရင် ကလေးတွေ ဝိုင်းဟားတယ်။
ငယ်ငယ်လေးကတည်းက အစ်ကိုဝမ်းကွဲတွေရဲ့ လိင်ပိုင်းဆိုင်ရာ
စော်ကားတာခံခဲ့ရတယ်။ နောက်ပိုင်း ဦးလေး တွေနဲ့ သူတို့ရဲ့
သူငယ်ချင်းတွေလက်ထဲမှာ ဖွတ်ဖွတ်ကျေဖြစ်ခဲ့ရတယ်။
အသက် ၁၃ နှစ်မှ အဲဒီဒဏ်ကို မခံနိုင်တော့လို့ အိမ်က ထွက်ပြေးတယ်။ ဗိုက်ထဲမှာ ကိုယ်ဝန်ပါလာပြီ။ ၁၄ နှစ် မှာ ကလေးမွေးတယ်။ ကလေးက မွေးပြီးပြီးချင်း သေသွားတယ်။
ဘဝကို ခက်ခဲစွာ ရုန်းကန်နေခဲ့ရာက အသက် ၁၇ နှစ်မှာ အလှမယ်ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်တာ နိုင်သွားတယ်။
သူ့အကြောင်းကို ပြန်ဖတ်ရတာ စိတ်မချမ်းသာစရာ။ အသက် ၉ နှစ်မှာ မုဒိမ်းကျင့်တာခံရတယ်။ ၁၃ နှစ် အရွယ်မှာ အိမ်က ထွက်ပြေးတယ်။ ၁၄ နှစ်မှာ ကလေးမွေးတယ်။ ၁၇ နှစ်မှာ အလှမယ်ဖြစ်လာတယ်။ အသက် ၂၀ မှာ မူးယစ်ဆေးသုံးတယ်။ အသက် ၃၂ နှစ်မှာ တီဗီအစီအစဉ်တစ်ခုကို တင်ဆက်ခွင့်ရသွားပြီး အောင်မြင် လာခဲ့တယ်။
ပြောချင်တာက သူတို့နိုင်ငံတွေမှာ အမျိုးသမီးတွေရဲ့ဘဝက အလွန်ကြမ်းတယ်။ နေ့စဉ်ဘဝ တိုက်ပွဲတွေကို ရင်ဆိုင်နေရပြီး ရှင်သန်နိုင်ဖို့ ရုန်းကန်လှုပ်ရှားနေကြရတာပဲ။ အဓိက စိတ်ဓာတ်ပဲ။ စိတ်ဓာတ်နဲ့ ဘဝကို အရှုံး မပေးဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်မြှင့်တင်နိုင်လွန်းလို့သာ ကမ္ဘာကျော်တွေဖြစ်လာရပါတယ်။
ခုဆိုရင် ဒေါ်လာ သန်း ၃၀၀၀ လောက် ကြွယ်ဝချမ်းသာသူ အမျိုးသမီးကြီးဖြစ်နေပြီ။ တီဗီတော့ခ်ရှိုးတွေမှာ စီစဉ်ပေး နေရတယ်။ သရုပ်ဆောင်၊ ထုတ်လုပ်သူလည်း လုပ်တယ်။ ရက်ရောစွာ လှူဒါန်းတတ်သူ တစ်ဦးလည်း ဖြစ်တယ်။
သူပြောခဲ့တဲ့ စကားတစ်ခွန်း အရမ်းကြိုက်တယ်။
“မင်းဘဝမှာ မင်းဝန်းကျင်မှာ မင်းကို မြှင့်တင်ပေးမယ့်သူတွေပဲ ဝန်းရံနေအောင်လုပ်ပါ” တဲ့
(Oprah Winfrey)
၁၄.၁၂.၂၀၁၆
Photo Credit, Daily Mail

0 comments:
Post a Comment