ဆိုပါစို့၊ ညတည ရန်ကုန်မြို့က စတိုးဆိုင်တခုမှာ မန်နေဂျာဟာ
ဓားပြတိုက်ခံရတယ်။ ငွေထည့်ထားတဲ့ အံဆွဲက ငွေဆယ်သိန်းကို ဓားပြတိုက်ပြီး
ယူသွားတယ်။ ရဲက လာစစ်တဲ့အခါ မန်နေဂျာကို မှတ်မိတယ်၊ ဟိုအရင်
ခြောက်လတုန်းက လားရိုးက စတိုင်းဆိုင်တခုမှာလည်း သည်မန်နေဂျာပဲ၊
သူအလုပ်လုပ်နေတဲ့ စတိုးဆိုင် ဓားပြတိုက်ခံရတယ်လို့ ဆိုပြီး စခန်းမှာ
အမှု လာဖွင့်တာ။ ခုလည်း သည်မန်နေဂျာပဲ စတိုးဆိုင်ဓားပြတိုက်ခံရတဲ့
ဇာတ်လမ်းကို သူဟာ ရဲကို လာပြောပြနေပြီ။ ရဲဟာ မန်နေဂျာ ပြောတဲ့ “ဇာတ်လမ်း”
ဟာ အမှန်တကယ် ဟုတ်မဟုတ်၊ ဘယ်လိုများ သိနိုင်သလဲ။
ကိုကျော်ဝင်းရဲ့ ဒီဗွီဘီ-ဒီဘိတ် အစီအစဉ်ကို နားထောင်အပြီးမှာ ကျနော်ဟာ
ကိုယ့်ကိုကိုယ် စဉ်းစားနေမိတယ်။ ငါဟာ သည်ပုဂ္ဂိုလ်အပါအဝင် ရောဘတ်တေလာ၊
ဒေးဗစ်စတိုင်းဘတ် စတဲ့သူတို့ရဲ့ အပြောအဆို အရေးအသားတွေကို ဘာလို့
မနှစ်သက်ဘူး ဖြစ်နေရသလဲ။ မနှစ်သက်ရခြင်း အကြောင်းရင်းကို
ကိုယ့်ကိုကိုယ် နားလည်ချင်လို့ စူးစမ်းကြည့်တဲ့ အခါမှာ
ဘာသွားစဉ်းစားမိသလဲ ဆိုတော့ စာအရေးအသား “စတိုင်” တွေမှာ
လှည့်ပတ်ဖုံးကွယ်မှုကို ရိပ်မိနိုင်တဲ့ သဲလွန်စတွေ ရှိနိုင်တယ်။ မိမိဟာ
အတိအကျ မရိပ်မိလိုက်သော်လည်း သည်သဲလွန်စတွေကို အာရုံခံမိလိုက်တာ
ဖြစ်နိုင်တယ်လို့ သွားတွေ့ရပါတယ်။