Friday, July 31, 2015

သမိုင်းတရားခံ


ကျွန်တော် စာအုပ်ဆိုရင် အရူးအမူးဖြစ်တတ်သူတစ်ဦးပါ။ ကိုယ်စာရေးလို့ရတဲ့ စာမူခတွေရဲ့ အများစုဟာ စာအုပ်တွေပြန်ဝယ်လိုက်တာနဲ့ ကုန်တာများတယ်။ ထမင်းတစ်ထောင်ဖိုး စားဖို့ နှမြောပေမယ့် စာအုပ် တစ်သောင်းဖိုးဝယ်ဖို့တော့ ဘယ်တော့မှ မနှမြောဘူး။ ဒီလိုနဲ့ စာအုပ်တွေလည်း ထားစရာနေရာမရှိ ဖတ်လို့ တောင် မနိုင်တဲ့အနေအထားရောက်လာပေမယ့် စာအုပ်မြင်ရင် မဝယ်ဘဲကို မနေနိုင်ဘူး။
မနေ့ညက “မြန်မာ့လွတ်လပ်ရေးနှင့် ပုဂ္ဂိုလ်သုံးယောက်” ဆိုတဲ့ စာအုပ်စဖတ်မိတယ်။ စာရေးသူကတော့ “တက္ကသိုလ်မြတ်သူ” ပါ။ ဒီစာအုပ်ကို ဘာကြောင့်ဖတ်ရသလဲဆိုတော့ ကျွန်တော် အလေးအမြတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်ကြီးကို မနှိုင်းမအပ်ရာ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့နဲ့ နှိုင်းယှဉ် ဖော်ပြထားလို့ ဖြစ်ပါတယ်။
စာရေးတဲ့သူ တက္ကသိုလ်မြတ်သူဆိုတာ ဝါရင့်သတင်းစာဆရာကြီးတစ်ယောက်ပါ။ ဒီစာအုပ်ကို စီစဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျန်တဲ့သူနှစ်ယောက်ကို နှိုင်းယှဉ်ပြီး ရေးသင့်၊ မရေးသင့်ဆိုတာ စဉ်းစားဆင်ခြင်သင့် တယ်လို့ ယူဆပါတယ်။
ကျွန်တော် ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာက တစ်တိုင်းပြည်လုံး အလေးအမြတ်ပြုရတဲ့ လွတ်လပ်ရေးဗိသုကာ၊ အာဇာနည်ခေါင်းဆောင်ဖြစ်နေပြီး ကျန်နှစ် ယောက်နဲ့ နှိုင်းယှဉ်ခံရတာ ကိုတော့ ခံပြင်းမိတယ်။ စာရေးသူက ဗိုလ်ချုပ် အောင်ဆန်းကိုတော့ “လွတ်လပ်ရေး ဗိသုကာ” လို့ပြောထားတာ လက်ခံပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းကို “လွတ်လပ်ရေး သက်တော်စောင့်” ဗိုလ်သန်းရွှေကို “လွတ်လပ်ရေး ဥယျာဉ်မှူး” ဆိုပြီး ဂုဏ်ပုဒ်တွေဖော်ပြကာ နှိုင်းပြထားတာကိုတော့ ဘဝင်မကျမိဘူးဗျ။
ဗိုလ်ချုပ်အောင်ဆန်း ၃၂ နှစ်တာပဲ ဘဝမှာနေခဲ့ရတယ်။ တိုင်းပြည်လွတ်လပ်ရေးရဖို့ အသက် စွန့်ပြီး လုပ်ကိုင် သွားလို့ အာဇာနည်လို့ သတ်မှတ်ခဲ့ရတာပါ။ ကျန်တဲ့ ဗိုလ်နှစ်ယောက် လက်ထက်မှာ တိုင်းပြည်ကြီးဘာဖြစ်သွား သလဲဆိုတာ သိသိကြီးနဲ့ ကိုယ့်ဘာသာကိုယ် “သက်တော်စောင့်” တို့ “ဥယျာဉ်းမှူး” တို့ဆိုပြီး နာမည်တပ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တစ်ထပ်တည်း လာယှဉ်ပြတာကတော့ အလွန်ဆိုးတဲ့ လုပ်ရပ်လို့မြင်ပါတယ်။
နောက်တစ်ချက်က ဗိုလ်ချုပ်အောင်ဆန်း တိုင်းပြုပြည်ပြု အမျိုးသားခေါင်းဆောင်။ ကျန်နှစ်ယောက်က တိုင်းဖျက်ပြည်ဖျက်တွေလို့ ပြည်သူတွေက လက်ခံထားတဲ့သူတွေ။ အဲဒါကို သူတို့ တိုင်းပြည်ကောင်းကျိုး အတွက် ဘာတွေလုပ်ခဲ့ပါတယ်ဆိုတာ ကြံဖန်ချီးမြှောက်ပြီးရေး ထားတဲ့ စာရေးသူဟာ ဘယ်သူ့ဘက်ကနေ ရပ်တည်ပြီးရေးနေတယ်ဆိုတာ သိသာလွန်း လှတယ်ဗျာ။
စာရေးဆရာကြီးတွေကို မေတ္တာရပ်ခံချင်ပါတယ်ဗျာ။ ကိုယ့်ယုံကြည်ချက်ဟာ ပြည်သူလူထု ယုံကြည်ချက်နဲ့ တစ်ထပ်တည်းကျ၊ မကျဆိုတာကို နည်းနည်းလောက် လေ့လာကြည့်သင့် ပါတယ်။ လူတစ်စုယုံကြည်ချက်ဟာ လူထုယုံကြည်ချက်မဟုတ်ဘူးဗျ။ ခေတ်အဆက်ဆက် ငါ့ကိုမြှောက်စားခဲ့သူကို ဘုရားတစ်ဆူ ဂူတစ်လုံးလို ကိုးကွယ်ချင်တာကို လူ့သဘာဝအရ ကျွန်တော်ဘာမျှ မပြောလိုပေမယ့် နောင်ဆိုရင် သမိုင်းကို လိမ်လည်တဲ့ တရားခံတွေထဲ ပါနေမှာကိုတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ။
၃၀.၇.၂၀၁၅

No comments:

Post a Comment