GangNam Style ဆိုတာနှင့် ပေပေတေတေ PSY ဘ၀ကောက်ကြောင်း
by တို့ဗမာ Dobama on Wednesday, January 23, 2013 at 7:55pm ·

သူဌေး မဟုတ်ပဲ သူဌေးစတိုင် ဖမ်းထားတဲ့ လူတွေကို လှောင်ပြောင်ထား တဲ့ ...PSY
Gangnam ဆိုတာ မြစ်တောင်ဘက်လို့ အဓိပ္ပါယ်ရတယ်။ Han မြစ်တောင်ဘက်ခြမ်းမှာရှိတဲ့ seoul မြို့ထဲက သူဌေးရပ်ကွက် တခုပါ။ ထုံးစံအတိုင်း pub တွေ၊ club တွေ၊ karaoke ခန်းတွေ၊ ရေချိုးခန်း တွေ ရှိတယ်။ အဲဒီတော့ gangnam stlye ဆိုတာ အဲဒီရပ်ကွက်က သူဌေး တွေရဲ့ စတိုင်ပေါ့။
ဒါပေမယ့် Psy က၊ တကယ့် gangnam သားတွေက သီးသန့် စတိုင်မရှိပါဘူး၊ သူဌေး မဟုတ်ပဲ သူဌေးစတိုင် ဖမ်းထားတဲ့ လူတွေကို လှောင်တာပါလို့ ပြောတယ်။
သူပြောတာ ဟုတ်ချင်ဟုတ်မယ်။ သီချင်းအစ မှာ ပင်လယ်ကမ်းစပ်မှာ ထိုင်နေသလိုလို နဲ့ နောက်တာ့ ကလေးကစားကွင်း ထဲမှာ ထိုင်နေတာ ဖြစ်နေတယ်၊ ကော်ဇောခင်းလမ်းမှာ ကောင်မလေး တဘက်တယောက်နဲ့ လျှောက်လာနေသလိုနဲ့ နောက်တော့ car parking မှာ ဖြစ်နေတယ်၊ စက္ကူစ confetti တွေ အစား အမှိုက်တွေနဲ့ နှင်းအတုတွေနဲ့ ပက်ခံရပြီး ရီစရာပုံ ဖြစ်သွားတယ်။ ရေနွေးငွေ့ခန်း sauna ထဲမှာ ကျတော့ သူဌေး အဖော်တွေနဲ့ မဟုတ်ပဲ လူမိုက် တွေနဲ့ ဖြစ်နေတာတို့ ၊ အသက်ကြီးတဲ့လူတွေပဲ ပါတဲ့ bus ကားပေါ်မှာ က နေတာတို့၊ အများသုံး ရထားပေါ်မှာ အချစ်စစ် ( မင်းသမီး ) နဲ့ တွေ့တာတို့က အဲဒီလို လှောင်ထားတာလို့ ယူဆ စရာဖြစ်နေတယ်။
အပြိုင်အဆိုင်များတဲ့ ကိုရီးယားမှာ ဘွဲ့ကောင်းကောင်း တခုရ ပြီး အလုပ်ကောင်းကောင်း တခု ရဖို့ သိပ်ခက်တယ်။ ဖြတ်လမ်းက အမြန်ကြီးပွားဖို့ကတော့ model တို့၊ မင်းသမီး တို့လို celebrity ဖြစ်မှ ရမယ်။ သီချင်း၊ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီတွေက gangnam ထဲမှာဆိုတော့ မင်းသားရုး၊ မင်းသမီးရူးလေး တွေကလည်း gangnam ထဲမှာ ကုပ်ကပ်ပြီး လိုက်နေကြတယ်။
မိဘပို့တဲ့ ပိုက်ဆံလေးတွေ ချွေတာသုံးရင်း ဟန်ကလေး နဲ့ နေကြတယ်။ ထမင်းကိုချွေတာ စားပြီး အဆင့်အတန်းရှိတယ် ထင်ခံရအောင် ဈေးကြီးတဲ့ ကော်ဖီ ဆိုင် ထိုင်ကြတယ်။ ညဘက်ကျတော့ gangnam ထဲ လာကဲတဲ့ သူဌေးတွေ ခေါ်ရာလိုက်ပြီး သူတို့ကျေနပ်အောင် အသုံးတော် ခံရတယ်။ အကိုကြီး ( oppa ) ဘာညာ ခေါ်ရတယ်။
အဲဒါကြောင့် သီချင်းစာသားထဲမှာ မင်းသား ရော မင်းသမီးပါ ကော်ဖီ သောက်ကြတယ်၊ နေ့ခင်းမှာ စတိုင်အပြည့်နဲ့ နေပြီး ညဘက် အချိန်ကျတော့ ဆံပင်တွေကို ဖြည်ချလိုက်တယ်၊ စိတ်တွေဖေါက် လာတယ် လို့ ပါတာ ဖြစ်နိုင်တယ်။ အဲဒီလို သူဌေးတွေဆီက ကပ်စားပြီး ခြစ်ကုပ် စုထားတဲ့ ပိုက်ဆံလေးတွေ များလာရင် second hand, branded လက်ကိုင်အိပ်တွေ ဘာတွေ ဝယ်ကြတယ်တဲ့။ တယ်ဟုတ်။
Oppa ကဲ နေတုန်း တံတားအောက် မှာ ရှေးအဝတ်အစားတွေနဲ့ အဖိုးကြီး နှစ်ယောက် ကျားထိုးနေတယ်။ တံတား က အဆင့်မြင့်တဲ့ ခေတ်သစ်၊ တံတားအောက်က တော့ ခေတ်နောက်ကျ ကျန်ခဲ့တဲ့ ယဉ်ကျေးမှု အဟောင်းလို့ မြင်စရာပဲ။ oppa က ကြိမ်းလဲကြိမ်းရော အဖိုးကြီး နှစ်ယောက် ပေါက်ကွဲပြီး လွင့်သွားတာ အခု ပိုက်ဆံဦးစားပေးတဲ့ gangnam စတိုင်ကြောင့် အရင်ယဉ်ကျေးမှုတွေ သေဆုံးကုန်ပြီလို့ Psy က ပြောချင်သလိုပဲ။ သိတဲ့လူတွေကတော့ gangnam မှာ Psy က အကဲဆုံး၊ သူ့ကိုယ်သူ လှောင်ထားတာလို့ ပြောကြတယ်။
နတ်သမီးလေးတွေနဲ့ လာကဲတဲ့ သူဌေးအစစ်တွေနဲ့ ရောပါလာတဲ့ သူဌေးအတုလေး တွေကို လှောင်ပြီး ရေးထားတဲ့ သီချင်းတပုဒ်ပေါ့ ။
(ကိုမျိုးသန့်ဝေါမှကူးလာသည်)
--------
ပေပေတေတေ PSY ဘ၀ကောက်ကြောင်း
Thein Win
တလက်စတည်း Psy အကြောင်း ဆက်ပြောလိုက်မယ်။ ခလေးတွေများ သိချင်မလားလို့။ နံမည်အရင်း က Park Jae-sang. အရူး ( Psycho ) ဆိုတဲ့ စကားနဲ့ နီးစပ်အောင် နံမည်ကို psy လို့ယူထားတယ် ( သူ့ ပထမဆုံး album က Psy from the PSYcho World! )။
အဖေက electronic ပစ္စည်းထုတ်တဲ့ ကုမ္ပဏီ က လူကြီး၊ အမေ က ဟိုတယ် ဖွင့် ထားတဲ့ gangnam မှာ နေကြတဲ့ သူဌေးတွေ။ သူတို့အမွေ ဆက်ခံမည့်သားလေး ဖြစ်လာမလား မျှော်လင့်ထားတာ မျက်နှာရူးလေး ဖြစ်လာတော့ စိတ်ညစ်ကြတယ်။ ငယ်ငယ်ကတည်းက ဆရာမ ရိုက်ရင် သေပါပြီ၊ ကယ်ကြပါဦးဗျို့ လို့ အော်ပြီး လူဝိုင်းကြည့်အောင် လုပ်တတ်တယ်။ သူ့အဖေ က သားလေးကို ချစ်လို့ Bruce Lee လက်သီးတွေ၊ kick တွေနဲ့ ဆုံးမလေ့ ရှိတယ်။ ကြီးလာတော့ အဖေ နဲ့ ဝေးအောင် အမေရိကား မှာ ကျောင်းတက်ချင်တယ် လုပ်တယ်။ Business Administration ကို ဝင်ခွင့်အောင်သွားတော့ သူ့အဖေ အံ့အားသင့်ပြီး ကျောင်းပေးတက်တယ်။ ကျောင်းတက်ချိန် မပြည့်လို့ မဖြေရတော့ ငါ ဘာကို တကယ် ဝါသနာပါလဲ ထိုင်စဉ်းစားတယ်။ အဲဒီအချိန်မှာ kpop တွေ ခေတ်စားလာတော့ ဂီတ လိုင်းပြောင်းတော့မယ်လို့ ဆုံးဖြတ်ပြီး မိဘတွေ အသိမပေးပဲ ဂီတ ကျောင်းပြောင်းတက်တယ်။ ကျောင်းက ပွဲရှိတော့ ဖိတ်စာကို အိမ်ကို ပို့လိုက်တော့ အဖိုးကြီး ဂေါက်တံဆွဲပြီး လေဆိပ်အတင်းဆင်းသေးတယ်။ ဒါနဲ့ ဂီတကျောင်း ကလည်း ထွက်လိုက်ရတယ်။
နောက် သီချင်းတွေဆို၊ အင်တာနက်ထဲတင်၊ ဝင်ငွေရအောင် ကိုရီးယား သီချင်းတွေကို dance mix လုပ်ပြီး ကိုရီးယား karaoke ဆိုင်တွေ လိုက်ရောင်းနဲ့ အမေရိကားမှာပဲ ပေတေ နေတယ်။ ကံကောင်းချင်တော့ အင်တာနက်တင်ထားတဲ့ သူ့ သီချင်းတွေကို သဘောကျသွားတဲ့ ကိုရီးယားက သီချင်းထုတ်လုပ်တဲ့ ကုမ္ပဏီ တခုက သူတို့နဲ့ တွဲပြီး အဆိုတော် လုပ်ဖို့ ကမ်းလှမ်းတာနဲ့ ကမန်းကတန်း ပြန်ချလာတယ်။ လေဆိပ်မှာ လူချင်းလည်းတွေ့ရော နိုင်ငံခြားပြန် ပညာတတ်၊ ရုပ်ချော၊ ထောင်ထောင်မောင်းမောင်း သူဌေးသား ဖြစ်မှာပဲ လို့ မှန်းထားမိတဲ့ ကုမ္ပဏီက လူတွေ ရီတဲ့လူက ရီ၊ မှိုင်တဲ့လူက မှိုင် ဖြစ်ကုန်တယ်၊ ကုမ္ပဏိ ဥက္ကဌဆို ဒါကြီးကို ဘယ်လိုလုပ်ကြမှာလဲကွာ လို့ တခွန်းပဲ ပြောနိုင်တယ်။ နောက်တနေ့ ကုမ္ပဏီ ဧည့်ခံပွဲမှာ ကိုရီးယားက နံမည်ကျော်အဆိုတော်တွေက သီချင်းတွေဆိုကြတယ်၊ သူတို့လည်း ပြီးရော Psy က သူတို့ ဆိုခဲ့တဲ့ ပုံအတိုင်း တူအောင် အတုလုပ်ပြီး လိုက်ဆိုတယ်၊ အဲဒါကို ဥက္ကဌ က သဘောကျပြိး ဒို့ဆီမှာ ဒါမျိုး မရှိသေးဘူး၊ မင်းအဲဒီ လိုင်းကို ဆိုကွာ ဆိုပြိး ဆုံးဖြတ်လိုက်တယ်၊ အဲဒီကတည်းက တရားဝင် စီးပွားဖြစ် မျက်နှာရူးတော့တာပဲ။ တခါတလေ Beyonce လိုတောင် ဝတ်ပြီး ဆိုလိုက် ကလိုက်သေးတယ်။ Gangnam style က သူရဲ့ ခြောက်ခွေမြောက် PSY 6 (Six Rules), Part 1 album ထဲက သီချင်းတပုဒ်ပေါ့။ အက က cowboy အက ကိုယူထားတာ။ အောက်က link မှာ will smith က ထားတာကို ကြည့်လို့ ရတယ်။
http://www.youtube.com/
သီချင်းအလိုက် က လည်း တခြားက ယူတယ် ပြောကြတယ်။
http://www.youtube.com/
အဲဒါတွေ own tune မဟုတ်ပေမယ့် မျက်နှာရူးတာကတော့ PSY ရဲ့ ကိုယ်ပိုင်ဖြစ်မယ်ထင်တယ်။
Jump On It - Fresh Prince
www.youtube.com
Sugar Hill Gang - Jump On It played during Fresh Prince
(Credit to Myo Than)
0 comments:
Post a Comment