ဆရာဝန်ကြီးများနှင့် ဆေးကုမ္မဏီကြီးများအကြောင်း တစေ့တစောင်း

အခုရေးလိုတဲ့အကြောင်းကတော့ ဆရာပြောသွားတဲ့ အထဲက ဆေးကုမ္မကြီးများနဲ့ဆရာဝန်ကြီးများအကြောင်းပါပဲ ။ မှန်ပါတယ် ဆရာဝန်ကြီးတွေဆိုတာက သာမန် MBBS ဘွဲ့လေးပြီးတော့ သူတို့ခက်ခက်ခဲခဲနဲ့ အချိန်တွေအကုန်ခံ ကြိုးစားမှုတွေအကုန်ခံ ငွေတွေအကုန်ခံပြီး သင်ကြရတယ် ။ အဲဒီအထဲမှာ ဆရာပြောသွားသလိုပါပဲ တချို့ သော နာမည်ကြီးဆရာဝန်ကြီးတွေနဲ့ တချို့သော ဆေးကုမ္မဏီကြီးတွေရဲ့ Ethic နဲ့မညီတဲ့ကိစ္စလေးတွေ ကျွန်တော်ပြောချင်တာပါပဲ ဆရာကြီးရေ ။ ဒီမနက်မှာ ဆရာပြောသွားပါတယ် ။
“ ကျွန်တော့်ရဲ့အသိ လူနာတစ်ယောက်က ဒီက အထူးကုဆရာဝန်ကြီးတစ်ယောက်ရဲ့ ဆေးခန်းမှာ သွားပြပြီး ကုသနေတယ် အဲဒီတော့ ကျွန်တော်က အဲဒီလူနာကို သတင်းသွားမေးပါတယ် မိတ်ဆွေတွေလည်းဖြစ်နေတယ်ဆိုတော့ အဲဒီတော့ လူနာရဲ့မှတ်တမ်းကို ကြည့်လိုက်တာ ဆေး ၁၁ မျိုးပေးထားတာတွေ့ရတယ် ဆရာဝန်ကြီးကလည်း နာမည်တော့မပြောချင်ပါဘူး ဘွဲ့ ၆ ခုတိတိ နိုင်ငံခြားကနေယူထားတဲ့နာမည်ကြီးဆရာဝန်ကြီးပဲ အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့
- အဲဒီ ဆေး ၁၁ မျိုးကို သောက်ရတာ တစ်ပတ်ကို တစ်သောင်းခွဲလောက်ကျတယ်
- ဆေးနာမည်တွေကို အထဲက Composition , chemical name မရေးထားပဲ Brand Name တွေရေးထားတာတွေ့ရတယ်
ဒီတော့ ကျွန်တော်က အဲဒီဆေး ၁၁ မျိုးကို မလိုတဲ့ဆေးတွေဖြုတ်ကြည့်လိုက်တာ ဆေး ၃ မျိုးပဲကျန်ပါတော့တယ် ကျန်တာတွေက အားဆေးတွေနဲ့မလိုတဲ့ဆေးတွေချည်းပဲ ပိုက်ဆံကိုတွက်ကြည့်လိုက်တော့ တစ်ပတ်ကို ၇၅၀ ကျပ်ပဲကျပါတော့တယ် ကဲ ဒါတွေကမဖြစ်သင့်တဲ့အရာတွေပါ ”
မှန်ပါတယ် ။ အခုပထမဆုံးပြောလိုတဲ့ကိစ္စကတော့ ဆရာဝန်တွေအနေနဲ့ အထဲမှာပါဝင်တဲ့ ဓါတုနာမည်ကိုမရေးပဲ ဆေးကုမ္မဏီကထုတ်တဲ့ ဆေးနာမည်တွေရေးနေတဲ့ကိစ္စပါ ဥပမာ တစ်ခုပြောမယ် Paracetamol ကို ညွှန်ချင်ရင် ဆရာဝန်က Paracetamol 500mg လို့ပဲညွှန်ရမယ် အဲဒါကို Ethic နဲ့မညီစွာ ဆေးကုမ္မကြီးတွေရဲကလွှမ်းမိုးမှုအောက်ကိုရောက်သွားတဲ့ ဆရာဝန်ကြီးတွေ (တချို့လည်း သိသိသာသာ တချို့လည်းမသိမသာ ) နဲ့ Lensen တို့ Biogesic တို့ စတဲ့ ဆေးနာမည်တွေညွှန်တာတွေ့ရတယ် ။ ဒါတွေဟာတကယ်ပဲ ဆရာဝန်တစ်ယောက်ရဲ့ Ethic နဲ့ညီရဲ့လားဆိုတာ ကျွန်တော်တို့ပြန်စဉ်းစားစရာဖြစ်လာပါပြီ ။ မညီပါဘူး ဆရာဝန်တွေအနေနဲ့တကယ်တော့ ဆေးရဲ့ Chemical name ကိုသာ ညွှန်ရမှာဖြစ်ပါတယ် ။ အခုတော့ ဆေးကုမ္မကြီးတွေရဲ့ ပရိုမိုးရှင်းအလုပ်ကောင်းမှုနဲ့အတူ ဆရာဝန်ကြီးတွေရဲ့ ဆေးကုမ္မဏီအရိပ်လွှမ်းမိုးမှုတွေ ခံနေရတာတကယ်တော့သိပ်ကိုရှက်စရာကောင်းလှပါတယ် ။ အခုလို စကားပြောနေရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေရသလိုပါပဲ ။ တကယ်တော့ ကျွန်တော်တို့ဟာ ဆရာဝန်ဖြစ်နေတာနဲ့အညီ ဆရာဝန်တစ်ယောက်ရဲ့ Ethic နဲ့အညီတော့နေထိုင်ရမယ်မဟုတ်လား ဆရာဝန်ကြီးများခင်ဗျာ ။ ဘာမှမဟုတ်တဲ့ ဆရာဝန်ပေါက်စန စာရေးဆရာ ပေါက်စနေလေးက ပညာတွေ အများကြီးတတ်ထားတဲ့ ဆရာဝန်ကြီးတွေအကြောင်းရေးရတာ တကယ်တော့ မိချောင်းမင်း ရေခင်းပြနေသလိုပါပဲ ။ ဒါပေမယ့် ဆိုရေးရှိက ဆိုအပ်စွာ ဆိုတဲ့ စကားအတိုင်း ထပ်ပြီးပြောရပါဦးမယ် ။
အထူးကု တဲ့ဆရာဝန်ကြီးတွေ
ဒီနေရာမှာ ကျွန်တော် ဂျီပီလို့ခေါ်တဲ့အထွေထွေ ရောဂါကုဆရာဝန်တွေအကြောင်းကိုပြောမှာမဟုတ်ပါဘူး ။ များသောအားဖြင့်အထွေထွေကုတွေဆိုတာ လူနာများစွာနဲ့ထိတွေ့ရတဲ့နီးတူ လူနာတွေနဲ့ ရင်းရင်းနှီးနှီးနီးနီးကပ်ကပ်နေကြတာများပါတယ် ။ ပြီးတော့ ဆေးကိုလည်း ညွှန်ကြတာထက် တစ်ခါတည်းပဲ ဘယ်နှစ်ရက်စာဆိုပြီးပေးလိုက်ကြတာများပါတယ် ။ ဒီတော့ အခု Highlight လုပ်ပြလိုတာက အချို့သော ဆရာဝန်မပီသတဲ့အထူးကုနေတဲ့ဆရာဝန်ကြီးတွေအကြောင်းဖြစ်ပါတယ် ။ ဘယ်သူတွေက ဆေးကုမ္မဏီကြီးဆီက ပိုက်ဆံဘယ်လောက်ယူပြီး ဒီဆေးကိုပဲ ဘယ်နှစ်လညွှန်ပေးရမယ်ဆိုတဲ့ ကတိစကားတွေ တစ်လကို ဒေါ်လာ ၅၀၀ ဒေါ်လာ ၁၀၀၀ စသဖြင့် ဆေးကုမ္မဏီကြီးတွေရဲ့မက်လုံးတွေအောက်မှာ ချယ်လှယ်မှုတွေအောက်မှာ ဆရာဝန်ကြီးတွေရဲ့ဘ၀ဟာ တကယ့်ကို တွေးကြည့်ရင်စိတ်ပျက်ဖို့ကောင်းလှပါတယ် ။ ကျွန်တော်တို့ ဆေးကျောင်းဘွဲ့ယူစဉ်က ရွတ်ခဲ့တဲ့ ကတိစကားတွေ ဆရာကြီးတွေမှတ်မိပါသေးရဲ့လားမသိ ။ ဘယ်လို လာဘ်ထိုးမှုမျိုးကိုမှ မယူပဲ လူနာအကျိုးကိုပဲကြည့်လို့ လူနာရဲ့ကျန်းမာရေးကိုပဲ ရှေးရှုသွားပါမယ်ဆိုတဲ့ စကားလေးပါတယ်ဆိုတာ ဆရာကြီးတို့စဉ်းစားစေချင်ပါတယ် ။ အခုတော့ ဆေးလောကထဲမှာနေနေတဲ့ ကျွန်တော်ဟာ မကြားချင်မှ အဆုံး အထူးကုသော ဆရာဝန်ကြီးတွေရဲ့လုပ်ရပ်တွေကို မျက်မြင်နဲ့ဖြစ်စေ အကြားနဲ့ဖြစ်စေ ကြားနေသိနေရပါတယ် ။
တစ်ယောက်သော အထူးကုဆရာဝန်ကြီးကတော့ ဘယ်လောက်များ ခမ်းနားသလဲဆိုရင်ဖြင့် တက်လိုက်တဲ့ပွဲတိုင်းမှာ သူ့ အပေါင်းအပါတွေ နဲ့သူ့ အတွက်ကို တစ်ဝိုင်းသက်သက် Reserve လုပ်ပေးရပါသတဲ့ ။ ကျွန်တော်ကတော့မယုံမိပါဘူး အဲဒီဆရာဝန်ကြီး ကျွန်တော်လေးစားအတုယူနေတဲ့ဆရာကြီးလေ ။ ဒီလိုနဲ့ပွဲတစ်ပွဲမှာ ဆုံမိပါလေရော ဟုတ်သမှ ဟုတ်ပါပဲ သူ့အတွက် တစ်ဝိုင်းစီစဉ်ပေးထားရတဲ့အပြင် မော်ဒယ်ဂဲလိုလို ဆေးကုမ္မဏီက ကောင်မလေးတွေက အနီးအနားမှာ ၀ိုင်းလို့ ။ အော်. . .ဆရာဝန်ဆိုတာ ဒါလားလို့ တခြားသူတွေ တွေးမိကြရင်ဖြင့်ရင်ကျိုးလှချည်ရဲ့လို့ ကျွန်တော်တွေးမိပါသေးတးယ် ။ ကြုံတုန်းလေး MMA အကြောင်းနည်းနည်းပြောလိုက်ပါဦးမယ် ။ လွန်ခဲ့တဲ့နှစ်က MMA မှာ ( MMA ဆိုတာ မြန်မာနိုင်ငံဆရာဝန်အသင်းကလုပ်တဲ့ အစည်းအဝေးပါ အဲဒီမှာ ဆေးပညာဆိုင်ရာ Topic တွေပြောကြတယ် တင်ပြကြတယ် ဆွေးနွေးကြတယ် တကယ့်ကိုကောင်းမွန်တဲ့ရည်ရွယ်ချက်ပါ ) မကောင်းတာက ဆေးကုမ္မဏီတွေရဲ့တချို့လုပ်ရပ်တွေပဲ ။ အဲဒီအသင်းကြီးက ဆေးကုမ္မကြီးတွေဆီက အခန်းတစ်ခန်းကိုဘယ်လောက်ယူရမယ်ဆိုတာ သတ်မှတ်ထားသလို Symposium တစ်ခုကိုဘယ်လောက် Lunch ဆိုဘယ်လောက် ကျွန်တော်တို့ အံ့သြရလောက်တဲ့ငွေကြေးတွေ သတ်မှတ်ကောက်ခံပါတယ် ။ ဘယ်မှာ ပြန်သုံးသလဲဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး သိတဲ့သူရှိရင်လည်း မီဒီယာတွေကနေတဆင့်အဲဒီအလှူငွေတွေကို ဘယ်မှာ သုံးတယ်ဆိုတာကို ငွေစာရင်းရှင်းတမ်းလေးလုပ်ပေးစေချင်တယ် ။
အဲဒီတစ်နှစ်မှာပေါ့ အခန်းတစ်ခန်းမှာ မော်ဒယ်ကောင်မလေးတစ်ယောက် က စကဒ်အတိုလေးနဲ့ရပ်နေတယ် ။ ကျွန်တော်လည်း ဘေးကလူတွေကိုစပ်စုကြည့်တယ် အဲဒါဘာလုပ်တာလဲလို့ပေါ့ ။ မော်ဒယ်ငှားထားတာတဲ့ ဆရာဝန်ကြီးတွေနဲ့ ဆေးကုန်သည်တွေ စိတ်ဝင်စားမှုရအောင်လို့တဲ့ အလိုလေးဗျာ ဒါဟာ ကားရောင်းကားဝယ်နဲ့ ဆိုင်ကယ်ရှိုးမှမဟုတ်တာပဲ ။ အဲဒီလို မော်ဒယ်တွေနဲ့ ဆေးပညာဆိုင်ရာညီလာခံကြီးနဲ့လားလားမှ မအပ်စပ်ဘူးထင်တာပါပဲ ။ တချို့သောဆရာဝန်ကြီးတွေကြိုက်ကြပေမယ့် တကယ့်ကို Ethic နဲ့အညီနေကြတဲ့ဆရာဝန်ကြီးတွေက အတော်လေးကိုမျက်နှာပျက်နေကြတာတွေ့ရပါတယ် ။ ထားပါတော့ . . .အခုဆက်ပြောချင်တာ ဆေးကုမ္မဏီကြီးတွေပါ ။
ဆေးကုမ္မဏီကြီးတွေအကြောင်း
အခုဆိုရင်မြန်မာနိုင်ငံကို တင်သွင်းဖြန့်ချီနေတဲ့ဆေးဝါးတွေကို Distributor လုပ်နေတဲ့ ဆေးကုမ္မဏီကြီးပေါင်း ၁၀၀ ကျော်လောက်ရှိပါပြီ ။ အကုန်လုံးက အကျိုးအမြတ်အတွက်ဈေးတွေတင်ကြတယ်ဆိုတာ ဆေးကုမ္မဏီကြီးတွေနဲ့ နီးနီးကပ်ကပ်နေလိုက်ရမှာပဲသိပါတော့တယ် ။ ကျွန်တော်သိတဲ့ဆေးကုမ္မဏီကြီးတစ်ခုကတော့ ရုတ်တရက်ကြီး ဆေးတွေကို ဈေးတက်လိုက်တာ ဆရာဝန်တွေတောင်မျက်လုံးပြူးကုန်တယ် ။ အကြောင်းကိုမေးကြည့်တော့ သယ်ယူပို့ဆောင်ထုတ်လုပ်ရေးစရိတ်တွေတက်လာလို့ပါတဲ့ ။ တကယ်တော့ အဲဒီအကြောင်းပြချက်တွေက ပေါက်ကရတွေပါ ။ အိန္ဒိယလို နိုင်ငံမျိုးမှာ အဲဒီဆေးတွေ ဘယ်လောက်ပဲတန်ဖိုးရှိတယ်ဆိုတာ အဲဒီအကြောင်းထဲထဲဝင်ဝင်နားလည်တဲ့ ဆရာဝန်တွေသိကြပါတယ် ။ တက်လိုက်တဲ့ဈေးကလည်း ၅ ဆခန့်နီးပါး ။ အဲဒါက နာမည်ကြီးဆေးကုမ္မကြီးတစ်ခုအကြောင်း ။ နောက်ထပ်ရှိသေးတယ် ။ ဆရာဝန်ကြီးတွေနဲ့ Deal လုပ်တဲ့အကြောင်း ကျွန်တော်လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဆီကို ဒီအကြောင်းတွေ ပြောပြချင်ပါတယ်။ အခုတော့ ဒီစာထဲမှာ ထည့်ရေးပါရစေဦး ။ တစ်လကို ဒီဆေး သုံးပေးရမယ် ဥပမာ ၂ မျိုး ၃ မျိုး ဒေါ်လာ ၆၀၀ ပေးမယ် အဲဒီလို ပေါ်တင်ကြီးတွေ ( ဆရာဝန်မပီသစွာ ၊ဈေးကွက်ဆန်စွာ ) Deal လုပ်ကြတယ် ။ ပြီးတော့ ငါ ဘယ်နှစ်သိန်းဖိုးသုံးပေးမယ် ငါ့အိမ်ကို ၄၂ လက်မ တီဗွီကြီးပို့လိုက် ငါ့ဆေးခန်းကို ဘာလုပ်ပေးရမယ် အဲကွန်းတပ်ပေးရမယ်စသဖြင့် ဆရာဝန်ကြီးတွေ ဆရာဝန်တွေတောင်ဆိုနေကြတာ တကယ်တော့ မယုံရဲပါဘူး ။ ဒါပေမယ့် မယုံလို့လည်းမရပါဘူး အဲဒါတွေက အပြင်မှာ တကယ်ရှိနေခဲ့လို့ပါပဲ ။
ဆရာဝန်စိတ်ပီသစွာနဲ့ ဆရာဝန်ဘ၀ကိုခုံမင်လို့ Ethic နဲ့ညီစွာ နေထိုင်ကြတဲ့ ဆရာဝန်တွေအများစုဟာ အဲဒီလို အကျင့်စာရိတ္တချို့ယွင်းတဲ့ဆရာဝန်ကြီးတွေလုပ်ရပ်ကြောင့်များစွာ ပဲ ထိခိုက်ခံစားနေရတယ် ။ ငါးခုံးမတွေကြောင့်လှေကြီးတစ်ခုလုံးပုပ်နေရပါတယ် ။ ဆေးကုမ္မဏီကြီးတွေက ဘယ်လောက်ပဲဈေးတင်တင် ဆရာဝန်ကြီးတွေက စမ်းသပ်ခ ဘယ်လောက်ပဲဈေးတင်တင် တကယ်ထိခိုက်နစ်နာတာက ကြားထဲကလူနာတွေပါပဲ ။ လူနာတွေက တတ်နိုင်တဲ့လူတွေကအကြောင်းမဟုတ်ပေမယ့် မတတ်နိုင်တဲ့လူနာတွေအဖို့တော့ ရေနစ်ရာဝါးကူထိုးသလိုဖြစ်နေရပါတယ် ဆရာကြီးများခင်ဗျာ ။ ဆရာဝန်ကြီးတို့အချင်းချင်းလည်း ကျွန်တော်ရေးနေတဲ့အကြောင်းအရာတွေမှန်သလားမမှန်ဘူးလား ဘယ်လို ဆရာဝန်ကြီးတွေက ဒါတွေလုပ်နေသလဲဆိုတာ သိကြမှာပါ ။ နာမည်တွေကတော့ ကြီးလှပါတယ်ကျော်ကြားလှပါတယ် ဒါပေမယ့် ပျက်ယွင်းလာနေတဲ့ ကျွန်တော်တို့ဆေးလောကကြီးရဲ့ အဓိက တရားခံကတော့ အဲဒီလိုဆရာဝန်ကြီးတွေနဲ့ လောဘတက်နေတဲ့ဆေးကုမ္မဏီကြီးတွေကြောင့်ဖြစ်တယ်လို့ ကျွန်တော် လက်ညှိုးထိုးမယ်ဆိုရင်တော့မလွန်ဘူးထင်ပါတယ်ခင်ဗျာ ။ ဘယ်သူတွေ ဘယ်လို ပဲအကျိုးအမြတ်ရရနောက်ဆုံးခံရတာ ပိုက်ဆံတွေကုန်သွားတာလူနာတွေပါ ။လူနာတွေဖက်ကလည်း လူသားချင်းစာနာစွာ ပြန်လည်ငဲ့ကွက်ကြည့်စေချင်ပါတယ် ။ တချို့ကရှိသေးတယ် နိုင်ငံခြား Trip တွေပို့ပေးတာ ဒီဆေးကိုသုံးပေးပါ ၂ ညအိပ် ၃ ရက်ခရီး အကုန်စရိတ်ငြိမ်းမိသားစုအလိုက်ခေါ်သွားတာ ။ အကျိုးလိုလို့ညောင်ရေသွန်းနေကြတဲ့အထဲမှာ ဆရာကြီးတို့က ဘာကြောင့်များ နစ်မျော နေကြသလဲခင်ဗျာ ။
ရုန်းထွက်ရပါမယ် ကျွန်တော်တို့အားလုံး ညီညာစွာ ရုန်းထွက်ရပါမယ် ။ အခုဆိုရင် မြန်မာနိုင်ငံဆေးဝါးဈေးကွက်ကို နိုင်ငံပေါင်းစုံက မျက်စိကြနေကြသလို ချယ်လှယ်လုပ်ကိုင်နေကြတာ စိတ်ပျက်စရာကြီးပါ ။ ကြော်ငြာတွေအမျိုးမျိုး နဲ့ ဆွယ်နေကြတဲ့ခေတ်ကြီးမှာ ခေတ်နဲ့စနစ်အခြေအနေအရ ( ပဋိဇီဝပိုးသတ်ဆေးတွေတောင်လွယ်လွယ်ကူကူဝယ်သောက်လို့ရတဲ့ခေတ်ကြီး ) ဆရာဝန်ကြီးတို့ကိုယ်တိုင်က အစ တည့်မှန်စွာ မှန်ကန်စွာ နေကြဖို့ပြုပြင်ကြဖို့လိုတယ်လို့ ကျွန်တော် ထောက်ပြပါရစေ ။ Sponsor ဆိုတာကိုအပြိုင်အဆိုင်ယူနေကြတော့ ဆရာဝန်ကြီးတို့လည်းငြင်းရခက်မယ် ငွေနောက်လိုက်မိမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ် ။ ဒါပေမယ့်ဒီလိုသာဆက်သွားနေရင် လူနာတွေရဲ့ ယုံကြည်ကိုးစားမှုကို ပိုပိုပျောက်လာရတဲ့အပြင် တဖြည်းဖြည်းနဲ့ပိုပိုပျက်ဆီးလာကြတဲ့ Ethic နဲ့မညီတဲ့ဆရာဝန်တွေဖြစ်လာကြမယ်လို့ထင်ပါတယ် ။
ဆရာဝင်းမောင်ရဲ့စကားတစ်ခွန်းကနေ ဆက်တွေးမိတာတွေကတော့အများကြီးပါပဲ ။ ထပ်ပြောပါရစေ ဒီစာလေးရေးဖြစ်အောင် ဆရာ့အသံလေးနားထောင်ဖြစ်အောင်လွှင့်ပေးတဲ့ Shwe FM နှင့်တကွ ဆရာဝင်းမောင်ကိုကျေးဇူးတင်ရှိပါတယ် ။ ကျွန်တော်တို့အားလုံးပြုပြင်ကြဖို့လိုပါပြီ ။ မြန်မာပြည်ဆိုတာ လူနာတွေက ဆရာဝန်တွေကို တကယ့်ကိုယုံကြည်ခဲ့ကြတာပါ အရင့်အရင်တုန်းကပေါ့ ။ အခုတော့ လူနာတွေကသိပ်မယုံကြတော့ဘူး မကောင်းမြင်လာကြပြီ ဆရာဝန်ပေါက်စလေးတွေ စိတ်ထဲမှာ ငါတို့ဒီလိုင်းယူခဲ့တာ မှားများမှားနေပြီလားလို့အတွေးတွေတောင် ၀င်မိတဲ့အထိပါပဲ ။
အစအဆုံးဖတ်ပေးတဲ့စာဖတ်သူများကိုကျေးဇူးတင်ပါတယ် ။
ဒီစာကို အမုန်းခံပြီးရေးထားတာပါ ။
သက်တန့်ချို
ဇန်န၀ါရီ ၂၄ ရက်
နေ့လည် ၃း၄၅ မိနစ်
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်...............
ကျောက်ဖြူမြို့မှဆရာဝန်တယောက်(ရခိုင်ဘင်္ဂလီအရေးတွင် ရခိုင်တယောက်ဂျင်ဂလိမှန်ပြီးဆေရုံတွင်ဆုံးသွားခြင်းနှင့်ပတ်သက်၍သံသယဝင်ခြင်းခံရသူ)သည် ကျောက်ဖြူမှအပြန်တွင် ဘဏ်မှသိန်း ၁၀၀၀ ထုပ်ယူသွားကြောင်းသိရပါသည်။
ReplyDelete