ကောင်းတဲ့ နည်းစနစ်တခုနဲ့ မကောင်းတဲ့ နည်းစနစ်တခုကို နှိုင်းယှဉ်မိခြင်း
ရန်ကုန်က International school တကျောင်းရဲ့ Grade 5 မှာ ကျောင်းသူကျောင်းသားတွေကို အမှန်တကယ် တည်ရှိလက်ခံတဲ့ အချက်အလက် (Fact) နဲ့ မိမိရဲ့ ထင်မြင် ယူဆချက် (Opinion) ကို ခွဲခြားတတ်အောင် သင်ပေးတာကို တွေ့ရပါတယ်။ ခလေးသူငယ်တွေကို အကောင်းအဆိုး ခွဲခြား စဉ်းစားချင့်ချိန် ဆင်ခြင်တတ်အောင် လေ့ကျင့် ပြုစု ပျိုးထောင်ပေးတာ ဖြစ်ပြီး အင်မတန်ကောင်းတဲ့ နည်းစနစ်တခုပါပဲ။
ဥပမာ - ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်။ ဒါမျိုးက Opinion ဖြစ်ပါတယ်။
အများပြည်သူတို့ စီးနင်းလိုက်ပါသော ယာဉ်၊ ရထား၊ ကား၊ သင်္ဘောပေါ်တွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်သည်။ ဒါမျိုးကျတော့ Fact ဖြစ်ပါတယ်။
တချို့အာဏာပိုင် ဆိုသူတွေဟာ မိမိရဲ့ ထင်မြင်သုံးသပ်ချက် (Opinion) ကို ဥပဒေအရ အမှန်တကယ် ရှိနေတဲ့ အချက်အလက် (Fact) နဲ့ ပုံမှားရိုက်ပြီး သြဇာသက်ရောက်မှုကို ဖြစ်စေပါတယ်။ ဒါဟာ မှားယွင်းတဲ့ နည်းစနစ် တခုပါပဲ။
ကျနော်တို့နိုင်ငံမှာ ထိပ်ဆုံးကအစ အောက်ဆုံးအဆင့် တာဝန်ပိုင်းတွေကို သတိပြုကြည့်ရင် အားနည်းချက်တွေကို တွေ့လာရပါတယ်။ တာဝန်ရှိသူတွေက လုပ်ပိုင်ခွင့်အရ အာဏာကို အသုံးချရာမှာ မိမိထင်မြင်ယူဆချက်အရ မဆုံးဖြတ်သင့်ပါဘူး။ အဲလို ဆုံးဖြတ်ပြီး အာဏာကို တလွဲ အသုံးချမိတာတောင် အထက်က အထက်က သဘောကျ ကျေနပ်ရင် အရေးယူ အပြစ်ပေး တားမြစ်လို့ မရကြပါဘူး။ တကယ်တော့ ဒီလိုမျိုးတွေ ဖြစ်လာနေရတာကတော့ အာဏာပိုင်အဖြစ် တာဝန်ပေးရာမှာ ဗျူရိုကရက် နည်းလမ်းကို အသုံးချမိခြင်းရဲ့ ဆိုးကျိုးကြောင့်လို့ အတိအကျ ပြတ်သားစွာ ဆိုရပါမယ်။
ဆီးဂိမ်း ရှိနေလို့၊ အာဆီယံ ဥက္ကဌ ဖြစ်ရတော့မှာမို့ .. စတဲ့ အကြောင်းပြချက်ဟာ Fact ဖြစ်ပြီး အဲဒီလို ဖြစ်လာတဲ့အခါ နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တာကြောင့် ဆန္ဒပြတာတွေကို မလုပ်သင့်ဘူးလို့ ဆိုတဲ့အချက်က Opinion ဖြစ်ပါတယ်။
နိုင်ငံ့ဂုဏ်သိက္ခာကို မထိခိုက်အောင် ကာကွယ် စောင့်ရှောက်ကြတာဟာ Fact ဖြစ်ပြီး တကယ်ကိုပဲ လက်ခံနိုင်စရာ ကျေနပ်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် တာဝန်ရှိသူတချို့ဟာ နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်နိုင်စေတယ်ဆိုတာကို မစဉ်းစား မဆင်ခြင်ကြဘဲ အရင်တုန်းက ဘာကြောင့် လုပ်ခဲ့ကြသလဲ ဆိုတာကတော့ မေးခွန်းပြန်ထုတ်စရာလို့ ယူဆမိပါတယ်။ တနည်းအားဖြင့် သူတို့ဟာ ဘာကြောင့် Fact ကို လစ်လျူရှုခဲ့ကြပါလဲလို့ မေးခွန်းမေးချင်စရာ ဖြစ်နေပါပြီ။
0 comments:
Post a Comment