Monday, December 2, 2013

လောကဓံ

လောကဓံ 
............. 

လောကဓံတရား ရှစ်ပါး ရှိတယ် ဆိုတာ အားလုံးလိုလို သိကြတယ်။ လာဘ၊ အလာဘ၊ ယသ၊ အယသ၊ နိန္ဒာ၊ ပသံသာ၊ သုခ၊ ဒုက္ခ တို့ဟာ လောကဓံတရားတွေ ဖြစ်ကြတယ်။ လောကဓံ ရှစ်ပါးကို ဆန့်ကျင်ဘက် နှစ်ခုစီ ပေါင်းပြီး အတွဲလေးတွဲ ခွဲခြားလို့လည်း ရတယ်။

လာဘ၊ အလာဘက တစ်တွဲ။ ပစ္စည်း ဥစ္စာ လာဘ်လာဘ ရခြင်းနှင့် ပစ္စည်း ဥစ္စာ လာဘ်လာဘ မရခြင်း ဖြစ်တယ်။ ယသနှင့် အယသ က တစ်တွဲ။ အခြံအရံ အကျော်အစော ပေါများခြင်း နှင့် အခြံအရံ အကျော်အစော မရှိခြင်း ဖြစ်တယ်။ တတိယ အတွဲက နိန္ဒာ နှင့် ပသံသာ။ အကဲ့ရဲ့ခံရခြင်း နှင့် အချီးမွမ်းခံရခြင်း ဖြစ်တယ်။ စတုတ္ထအတွဲက သုခနှင့် ဒုက္ခ။ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း ဖြစ်တယ်။ သုခနှင့် ဒုက္ခရဲ့ အနက်အဓိပ္ပါယ်အမှန်က စိတ်ချမ်းသာခြင်း နှင့် စိတ်ဆင်းရဲခြင်း ဖြစ်တယ်။

လောကဓံ (လောကဓမ္မ) လို့ ဆိုထားတဲ့ အတွက် လောကမှာ တွေ့ကြုံရတတ်တဲ့ အဲ့ဒီတရားတွေကို လောကမှာ ရှိတဲ့ လူတွေ အနေနဲ့ တစ်နေ့မဟုတ် တစ်နေ့ ကြုံကြရမှာ အမှန် ဖြစ်တယ်။ အဲ့ဒီလို ကြုံတွေ့ရတဲ့ အခါမှာ လာဘကို တွေ့ရတဲ့ အခါမှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားဖို့ မလိုဘူး။ အလာဘနှင့် ကြုံတွေ့ရတဲ့ အခါမှာလည်း စိတ်ဆင်းရဲနေဖို့ မလိုဘူး။ ယသနှင့် ကြုံတွေ့ရတဲ့ အခါနှင့် အယသနှင့် ကြုံတွေ့ရတဲ့ အခါများမှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားဖို့လည်း မလိုဘူး။ စိတ်ဆင်းရဲသွားဖို့လည်း မလိုဘူး။ နိန္ဒာနှင့် ပသံသာကို ကြုံတွေ့ရတဲ့ အခါမှာလည်း စိတ်ဆင်းရဲသွားဖို့လည်း မလိုဘူး။ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားဖို့လည်း မလိုဘူး။ သုခနှင့် ဒုက္ခ ကြုံတွေ့ရတဲ့ အခါမှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားဖို့ မလိုဘူး။ စိတ်ဆင်းရဲ သွားဖို့လည်း မလိုဘူး။ လူ့လောက ထဲမှာ ရှိနေကြတဲ့ လူတွေဟာ လောကဓံ တရားများနှင့် တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ရမှာ ဖြစ်တဲ့ အတွက် ကြုံတွေ့ရတဲ့ အခါမှာ တုန်လှုပ် မသွားသင့်ဘူး။ ပျာယာခတ် မသွားသင့်ဘူး။

ဒီနေရာမှာ လောကဓံ တရား ရှစ်ပါးထဲက သုခနှင့် ဒုက္ခ အကြောင်း ပြောပြလိုတယ်။ လူတွေဟာ ဒုက္ခကို မလိုချင်ကြဘူး။ သုခကိုသာ လိုချင်ကြတယ်။ ဒုက္ခနဲ့ တွေ့တဲ့ အခါ စိတ်ဆင်းရဲ ကြပြီး သုခနဲ့ ကြုံတဲ့ အခါမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ သုခနှင့် ကပ်ပါလာတဲ့ ဒုက္ခကိုတော့ သတိမထားကြဘူး။ သုခကို လိုချင်ဇောနဲ့ အငိုက်မိသွားတတ်တာမျိုးလည်း ရှိတယ်။ သုခကို လိုချင်အားကြီးလွန်းတဲ့ အတွက် သုခထဲမှာ သန္ဓေတည်နေတဲ့ ဒုက္ခကို သတိမထားမိကြဘူး။ သုခကို ရဖို့ အာသီသ ရှိလွန်းတဲ့ အတွက် အလျင်စလို သုခကို ဖမ်းဆုပ်ချင်ကြတယ်။ ပန်းပွင့်ကို လိုချင်လွန်းတဲ့ အတွက် ပန်းပွင့်နဲ့ အတူ တွဲနေတဲ့ ဆူးကို သတိမထားမိဘူး။ ပန်းပွင့်ကို ခူးလိုက်ရင် ပန်းပွင့် ခူးတဲ့ လက် ဆူးစူး မသွားပေဘူးလား။

"ပန်းပွင့်တိုင်း ပန်းပွင့်တိုင်းမှာ ဆူး ပုန်းအောင်းနေတယ်" ။ "ပီတိ သောမနဿတိုင်းမှာ မျက်ရည်ကိန်းအောင်း နေတယ်။" "နေ့ရက်တိုင်း နေ့ရက်တိုင်းရဲ့ နောက်ကွယ်မှာ ညဥ့်ရှိနေတယ်။" ဒုက္ခက ဒုက္ခ အဖြစ်နှင့် လာတယ် ဆိုရင် ဒုက္ခကို ဘယ်သူ ကြိုဆိုပါ့မလဲ။ ဆူးကလည်း ပန်းပွင့်အကွယ်မှာ ပုန်းမနေဘဲ၊ ဆူးအဖြစ်နဲ့ ပြောင်ပြောင် တင်းတင်း လာတယ် ဆိုရင် ဘယ်သူ ဆူးအစူးခံပါ့မလဲ။ တကယ်လို့ အမိုက်မှောင် အနေနှင့် အလင်းရောင် နောက်က ပုန်းလျိုးကွယ်လျိုး မလာဘဲ ကြေညာပြီးလာရင် အမိုက်မှောင်ကို ဘယ်သူ နေရာ ပေးပါ့မလဲ။

ငရဲတံခါးဝမှာ နတ်ပြည်ဆိုင်းဘုတ် တပ်ထားတယ်။ ငရဲကို နတ်ပြည်ထင်ပြီး လူတွေ အလုအယက် ပြုံတိုးနေကြတယ်။ ဆိုင်းဘုတ်တွေ့ရုံမျှနှင့် မဆင်ခြင် မစဉ်းစားဘဲ အရမ်းကာရော အထင်ကြီးလိုက်ရင် အမှားနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဆိုင်းဘုတ်အလှည့်စား မခံချင်ကြပါနဲ့။ ဘုရားကျောင်းကို ထင်မှတ်တဲ့ နေရာဟာ နတ်ဆိုးရဲ့ ဘုံဗိမာန် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ကပွဲရုံလို့၊ ဇာတ်ရုံလို့၊ ရုပ်ရှင်ရုံလို့ အသိအမှတ် ပြုထားကြတဲ့ နေရာတွေဟာ မိမိကိုယ် မိမိ မေ့လျော့နေဖို့ စီစဉ်ထားကြတဲ့ နေရာတွေ ဖြစ်တယ်။

လူတွေဟာ မိမိကိုယ်မိမိ မေ့လျော့နေဖို့ ကြိုးစား အားထုတ်နေကြတယ်။ ဒုက္ခကြုံနေကြရတဲ့ လူတွေဟာ ဒုက္ခကို သတိမရဖို့ နည်းလမ်းအမျိုးမျိုးနှင့် အကြိမ်ပေါင်း အရာအထောင် ပြုလုပ်နေကြတယ်။ ဒုက္ခကို သတိမရတဲ့၊ ဒုက္ခကို မေ့လျော့နေတဲ့ လူဟာ သစ္စာတရားကိုလည်း ရှာမှာ မဟုတ်ဘူး။ ဘုရားလောင်း သိဒ္ဓတ္ထ သစ္စာတရား ရှာမှီးဖို့ ဘာကြောင့် ထွက်ခွာသွားတယ် မှတ်လဲ။ ဇာတိဆိုတာ ဒုက္ခ ဖြစ်တယ်။ ဇာတိရဲ့ နောက်က မရဏ လိုက်လာတယ် မဟုတ်လား။ ဘုရားအလောင်းကို ဇာတိကလည်း လှည့်စားလို့ မရဘူး။ ဇာတိ အဖုံးအောက်မှာ ရှိတဲ့ မရဏကိုလည်း တွေ့မြင်နေရတယ်။ အဲ့ဒါကြောင့် သစ္စာတရား ရှာမှီးဖို့ ထွက်ခွာသွားတာ ဖြစ်တယ်။

မိမိ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကို ကြည့်လိုက်စမ်းပါ။ အသက်ရှင်နေတယ် လို့ ပြောကြတဲ့ လူတွေရဲ့ အတွင်းသန္တာန်မှာ မရဏအရိုးစုတွေ စုဝေးနေကြတယ်။ နေရာတိုင်း အပေါက်တိုင်း ကနေပြီး မရဏက ချောင်းကြည့်နေတယ်။ ဒါပေမယ့် မရဏရဲ့ မျက်နှာဟာ အရောင်အမျိုးမျိုး ခြယ်ထားတယ်။

..................
ဆရာပါရဂူ ~ စိန္တာမယ
...................
With My Beloved Ma, @[1793601535:2048:Lin Lin Latt]

Nov 29th 2013

With My Beloved Ma, Lin Lin Latt

Nov 29th 2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...