Friday, December 6, 2013

"အိမ်ထောင်ရေးဆိုတဲ့ ကားတစ်စီး"


လက်ထပ်ပြီး သိပ်မကြာသေးတဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူနဲ့ မကြာခဏရန်ဖြစ်လေ့ရှိတယ်။ ရန်ဖြစ်တိုင်း တစ်ယောက်ကိုတစ်ယောက် အနိုင်မခံ အရှုံးမပေးကြတာကြောင့် နှစ်ဦးနှစ်ဖက်လုံး နာကျင်ထိခိုက်ကြရတယ်။ ရုံးပိတ်ရက်တစ်ရက်မှာ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ကြပြန်တယ်။ ဒီတစ်ခေါက်မှာတော့ ဇနီးဖြစ်သူက မခံမရပ်နိုင်ဖြစ်ပြီး ကွာရှင်းဖို့ ရှေ့နေတစ်ဦးဆီရောက်လာခဲ့တယ်။

“ကျွန်မရဲ့ အိမ်ထောင်ရေး အဆင်မပြေဘူး.. ကျွန်မဘယ်လိုလုပ်ရမလဲ”အမျိုးသမီးရှင်းပြတာကို နားထောင်ပြီး ရှေ့နေကမဖြေခင် မေးခွန်းတစ်ခုထုတ်လိုက်တယ်။“ကုန်အပြည့်တင်ထားတဲ့ ကုန်ကားတစ်စီးက တံတားတစ်ခုကို ဖြတ်မယ်ဆိုပါစို့.. ကားပေါ်မှာရှိတဲ့ ကုန်တွေက တံတားဘောင်ထက် နည်းနည်းမြင့်နေတယ်။ ကားပေါ်ကကုန်ကိုမချဘဲ တံတားကလွတ်အောင် ဘယ်လိုမောင်းမလဲ”အမျိုးသမီးက ရှေ့နေရဲ့အမေးကို အတန်ကြာစဉ်းစားပေမယ့် အဖြေမထွက်ခဲ့ဘူး။ နောက်ဆုံး ရှေ့နေရဲ့ အရိပ်အမြွက်ကြောင့် “ဘီးကို လေနည်းနည်းလျှော့လိုက်မယ်” လို့ သူဖြေခဲ့တယ်။“သိပ်မှန်တာပေါ့... ဘီးကို လေလျှော့လိုက်ရင် ကားနိမ့်သွားလိမ့်မယ်။ ဒါမှ တံတားကို ဖြတ်လို့ရမယ်။ ဒီလိုပဲ... အိမ်ထောင်ရေးအပေါ်ထားတဲ့ ကိုယ့်တောင်းဆိုမှုတွေ အရမ်းမြင့်နေသလား၊ အိမ်ထောင်ရေးဆိုတဲ့ ဒီကားကြီး အလွယ်တကူမောင်းနှင်နိုင်ဖို့ ကိုယ့်ရဲ့လေ (စိတ်)ကိုလည်း လျှော့သင့်တယ်မဟုတ်လား”ရှေ့နေပြောတာကို နားထောင်ပြီး အမျိုးသမီးက “ဟုတ်ကဲ့.. ဘယ်လိုလုပ်ရမယ်ဆိုတာ ကျွန်မသိပါပြီ” ဆိုပြီး ပြန်သွားခဲ့တယ်။အဲဒီနောက်ပိုင်း အိမ်ထောင်ရေးအပေါ်ထားသင့်တဲ့ လျှို့ဝှက်ချက်တချို့ကို သူမ ရှာတွေ့ခဲ့ပါတယ်။ ခွင့်လွှတ်သည်းခံတာတွေ၊ လေးစားမြတ်နိုးမှုတွေ၊ အနိုင်မယူ နောက်ဆုတ်အလျှော့ပေးတတ်မှုတွေနဲ့ မိမိစိတ်ကိုလျှော့ချတတ်မှုတွေကြောင့် သူတို့ရဲ့ အိမ်ထောင်ရေးဟာ တဖြည်းဖြည်း ရန်လိုမှုတွေနည်းလာပြီး ပျော်ရွှင်မှုတွေ များလာခဲ့ပါတယ်။တကယ်တော့ အိမ်ထောင်ရေးက ကားတစ်စီးနဲ့တူပါတယ်။ အဲဒီကားပေါ်မှာ ကျွန်မတို့ဘဝရဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေကို တင်ဆောင်ထားတယ်။ ကားက ကုန်အပြည့်နဲ့ ရှေ့ကိုမောင်းနှင်နေစဉ်မှာ ကျွန်မတို့က ဘီးကို လေဖြည့်ပေးတတ်ရမယ်။ ဒါမှ ကားက ရှေ့ကိုအလွယ်တကူသွားနိုင်မယ်။ ထို့အတူ အခက်အခဲ၊ အတားအဆီးဖြစ်တဲ့ တံတား၊ လိုဏ်ခေါင်းတွေနဲ့ တွေ့တဲ့အခါ ကျွန်မတို့က ဘီးလေကို လျှော့ပေးတတ်ရပါမယ်။ ဒါမှ အိမ်ထောင်ရေးဆိုတဲ့ကားကြီးက ဘဝရဲ့အတားအဆီး၊ အခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာဖြစ်တယ်။အသေအချာစဉ်းစားကြည့်ရင် အိမ်ထောင်ရေးတင်မကပါဘူး... လူ့ဘဝရဲ့ အရာအားလုံးမှာလည်း အခက်အခဲ၊ အတားအဆီးတွေ ရှိနိုင်ပါတယ်။ လူအချင်းချင်းဆက်ဆံရာမှာလည်း တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးဘဲတင်းခံကြရင် နောက်ဆုံးမှာ နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရကြရတယ်။ အချင်းချင်း စိတ်(လေ)လေး နည်းနည်းလျှော့ခဲ့ကြရင် အရာအားလုံးက အဆင်ပြေပြီး ဘဝရဲ့ဘီးလုံးက ရှေ့ကို ရှောရှောရှူရှူနဲ့ ဆက်လှိမ့်နိုင်မှာဖြစ်ပါတယ်။

Credit. Nine Nine Sanay

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...