Friday, November 22, 2013

သင့်ချစ်သူက ပြောင်းလဲနေပြီလား

  • လူနှစ်ဦးနှစ်ယောက်ကြားက ဆက်ဆံရေးတွေဟာ ဘယ်လို သံသယမျိုး၊ အဖုအထစ်မျိုးမှ မရှိဘူးဆိုရင်တော့ အရမ်းကို ကောင်းမွန်ပြေပြစ်တဲ့ ဆက်ဆံရေးမျိုးပါပဲ။ ကိုယ်နဲ့ ထာဝရလက်တွဲမယ့် လက်တွဲဖော် တစ်ယောက်ဆိုရင် ပြီးပြည့်စုံပြီး နွေးထွေးတဲ့ ဆက်ဆံရေးမျိုးနဲ့ ပေါင်းသင်းမှုမျိုးတွေ လိုအပ်နေမှာပါ။ 

    အကြောင်းတစ်ခုခုကြောင့် သင့်ချစ်သူက နားလည်မှု လွဲသွားချိန်မှာတော့ ခက်ခဲတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ယုံကြည်မှု အပြည့်အဝပေးထားတဲ့သူတစ်ယောက်ဟာ သူ မယုံကြည်ရတဲ့ အပြုအမူတစ်ခုကို သူ့ရှေ့မှာ ပြုမိလိုက်ပြီဆိုရင်တော့ သူ့ယုံကြည်မှုနဲ့အတူ နားလည်မှုတွေပါ ပျက်သုဉ်းသွားတတ်ပါတယ်။ ဒါကြောင့် တစ်ဦးရဲ့ စိတ်ကို ကျန်တစ်ဦးကလည်း နားလည်ဖို့ အရေးကြီးပါတယ်။ သူစိမ်းတစ်ယောက်ရဲ့ စိတ်ထဲက ခံစားချက်တွေကို သင်က သိနိုင်ဖို့၊ ဖတ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အနေနီးစပ်မှုကြောင့် ရလာတဲ့ သင့်ချစ်သူရဲ့ အကြိုက်နဲ့ စရိုက်ကိုတော့ သင်သိလာမှာပါ။ ဒါကြောင့် အချင်းချင်း အပြန်အလှန် နားလည်မှုရှိဖို့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဖို့ လိုပါတယ်။

    ဘယ်လို ညှိနှိုင်းမလဲ
    နှစ်ယောက်တည်းတွေ့တဲ့ အချိန်မျိုးမှာ တစ်ယောက်အကြိုက်ကို တစ်ယောက်က သိအောင် ပြောနိုင်သလို၊ ပွင့်ပွင့်လင်းလင်းလည်း ရင်ဖွင့် ပြောဆိုဖို့ လိုပါတယ်။ ကိုယ့်ဘဝတစ်သက်တာအတွက် ရည်ရွယ်ထားတဲ့ ချစ်သူအပေါ် ရှက်စရာ၊ ကြောက်စရာမလိုပါဘူး။ ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ဘဝအမောတွေဟာ သင်တစ်ယောက်တည်းမှာ ရှိတာ မဟုတ်ပါဘူး။ လူတိုင်းမှာ ရှိနေတဲ့အရာပါ။ ဒါကြောင့် ဖြစ်သမျှ အကြောင်းအရာတွေကို ရင်ဖွင့်ပြောပြပေး ရမှာပါ။ နှစ်ယောက်တည်း
    အေးအေးဆေးဆေးတွေ့ကြတဲ့အချိန်မျိုး ဖြစ်ဖို့လည်း လိုပါတယ်။ မဟုတ်ဘဲ အလုပ် ပင်ပန်းနေတဲ့ အချိန်၊ စိတ်တိုပြီး ဒေါသဖြစ်နေချိန်မှာ သွားပြောမိရင် ပိုပြီး စိတ်ရှုပ်စရာတွေ ဖြစ်သွားနိုင်ပါတယ်။

    ချစ်စိတ်တို့ ပြောင်းလဲခြင်း၏အစ
    သင်တို့နှစ်ဦးဟာ ဟိုးအရင်ကတည်းက ညှိနှိုင်းစရာမလိုအောင် အဆင်ပြေခဲ့ပြီးသားဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် သင့်ချစ်သူရဲ့ အချစ်တွေ သင့်အပေါ် တစ်ဖြည်းဖြည်း လျော့လာပြီလို့ ခံစားရချိန်မှာ သင့်ခံစားချက်တွေမှန်၊ မမှန်ဆိုတာကို သိနိုင်ဖို့ အောက်ပါအချက်လေးတွေကို လေ့လာကြည့်ပါ။

    သင်ဘာပဲလုပ်လုပ် အမှားလို့ပဲ မှတ်ယူနေတယ်။ အပြစ်တွေ ပြောနေတယ်။ (သင့်ကိုယ် သင်မှားတယ်လို့ မထင်)

    အတူနေတဲ့အချိန်တွေလည်း အရင်ကလောက် မကြာတော့ဘူး။ (ခရီးတွေ မထွက်ရရင်တောင်)

    စကားခဏများရင်တောင် သင့်ကို ပစ်ထားခဲ့တယ်။ (အရင်က မလုပ်ဖူးဘဲ)

    တစ်ယောက်တည်း နေချင်တယ်လို့ ခဏခဏ ပြောတယ်။

    အလုပ်ပြန်ချိန်တွေက ပိုပြီး နောက်ကျနေတတ်တယ်။

    သူကိုယ်တိုင် ပြုလုပ်ပေးနေကျ ကိစ္စတွေကို လူလွှတ်ခိုင်းစေတယ်။

    အချိန်ပြည့် ဖုန်းပြောနေတတ်ပြီး၊ သူဘာတွေပြောလဲ သင်လည်း မသိရဘူး။

    သင် ဖုန်းကို ယူကြည့်မှာ သူက မကြိုက်ဘူး။

    အဝင်အထွက်ဖုန်းတွေကို ဖျက်ပစ်လိုက်တယ်။

    အလုပ်ကိစ္စနဲ့ခရီးထွက်ဖို့ကို စိတ်အားထက်သန်စွာနဲ့ ပြောနေတတ်တယ်။

    သူသုံးနေကျမဟုတ်တဲ့ ရေမွှေးနံ့မျိုး၊ အဝတ်မှာ နှုတ်ခမ်းနီပေနေတာမျိုး။

    သင့်လုပ်ငန်းခွင်ကို သူလာမကြိုချင်တော့ဘူး။
    လာလည်းမလည်ပတ်တော့ဘူး။

    ခပ်ခွာခွာ လမ်းလျှောက်တယ်။ အရေးတယူ မရှိတော့ဘူး။

    သင့်ကိုတွေ့ရင် ပြုံးရုံသာပြုံးပြတတ်တယ်။ စကားတွေ ထွေထွေထူးထူးမပြောတော့ဘူး။

    အိမ်ကို ကမန်းကတန်းပြန်လာပြီး၊ ရောက်ရောက်ချင်း ရေတန်းချိုးတယ်။

    သင်ပြောတာကို အာရုံစူးစိုက်မှု သိပ်မရှိတော့ဘူး။

    တစ်ခါတလေ လက်ထပ်လက်စွပ်ကို ချွတ်ထားတတ်တယ်။

    သူ့ Laptop နဲ့ ဖုန်းတွေမှာ Password တွေ ထားတတ်တယ်။

    မကြာခဏ အနမ်းတွေ မပေးတော့ဘူး။

    သင်ကလွဲပြီး တခြားအိမ်သားတွေကိုသာ စကားပြောတတ်တယ်။


    ဘယ်လိုဖြေရှင်းရမလဲ
    အထက်မှာ ဖော်ပြခဲ့တဲ့အကြောင်းအရာတွေထဲက အတော်များများကို သင့်ချစ်သူက ပြုမူနေပြီဆိုရင်

    အရင်ဆုံး ကိုယ့်ကိုကိုယ် သုံးသပ်ပါ။ တစ်ခါတလေ သင့်ရဲ့ သဝန်တိုမှုနဲ့ သံသယတွေကြောင့် သင့်လက်တွဲဖော်က မောပန်းနေရတာမျိုး ရှိတတ်ပါတယ်။ (ဥပမာ - ပွဲတက်သွားချိန် သင်က လူအများနဲ့ လိုက်လျောညီထွေ မရှိဘဲ ခပ်တည်တည် ရှိနေတတ်တာမျိုး)

    ပွင့်ပွင့်လင်းလင်းပြောဆိုဖို့လိုပါတယ်။ ဒါပေမယ့် သင်ကတော့ တိတိကျကျ သင်ခံစားနေရတာတွေကို ပြောပြပါ။ ဘယ်နေ့၊ ဘယ်အချိန်မှာ၊ ဘယ်လို အပြုအမူမျိုးကို ဘာကြောင့် လုပ်တယ်ဆိုတာကို မေးပြီး သင်ဘယ်လို ခံစားနေရတယ်ဆိုတာကို အေးဆေးစွာ ပြောဆို ရင်ဖွင့်ပါ။ ရန်တွေ့ဖို့ မလိုပါဘူး။

    သင့်လက်တွဲဖော်ရဲ့ လိုအပ်ချက်တွေကို သိနေတယ်ဆိုရင်လည်း တချို့သင့်မာနတွေကို ခဏလောက် လျှော့ချလိုက်ပြီး၊ ပြေလည်အောင် ညှိယူပါ။
    နောက်ဆုံးဆက်စပ်လို့ မရရင်တောင် တစ်ယောက်တည်း ကြိတ်ခံစားနေတာမျိုး မဟုတ်ဘဲ။ အကောင်းဆုံး ဆွေးနွေးပေးနိုင်မယ့်သူနဲ့ တိုင်ပင်ပါ။ သင့်ခံစားချက်တွေနဲ့ ဖြစ်နေတဲ့ အခြေအနေတွေကို သေချာပြောဆို ရင်ဖွင့်ပါ။ သင့်ဘက်က စိတ်ဓါတ်သန်မာတဲ့ သူဖြစ်အောင် ပြင်ဆင်ထားပြီး အကောင်းဆုံး ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။

    လမင်းလေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...