Thursday, November 21, 2013

မိအေး နှစ်ခါမက နာနေရသည့် ကြွေးကျန်ကိစ္စ

ပြည်ထောင်စုဝန်ကြီးဌာန ၁၉ ခုက နိုင်ငံတော်သို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ထိ ပေးရန်ရှိသည့် နှစ်အဆက်ဆက် ကြွေးကျန်ငွေ စုစုပေါင်းမှာ ကျပ်ဘီလျံ တစ်ထောင်ကျော် ရှိကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် အစီရင်ခံစာကို ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက နိုဝင်ဘာ ၅ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။ ထိုကြွေးကျန် စာရင်းတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ကျပ်ဘီလျံ ၄၄၀ ကျော်၊ လျှပ်စစ်ဝန်ကြီးဌာနက ကျပ်ဘီလျံ ၂၇၀ ကျော်၊ ဘဏ္ဍာရေးဝန်ကြီး ဌာနက ကျပ်ဘီလျံ ၁၈၀ ကျော် ပါဝင်ကြောင်း၊ သတ်္တုတွင်းဝန်ကြီးဌာနမှ ပေးသွင်းရန် ကျန်ရွှေစင်ပိဿာ တစ်သိန်းကျော်ရှိကြောင်း နေ့စဉ်ထုတ် သတင်းစာများတွင် ဖတ်ရှုရပါသည်။

မိအေး နှစ်ခါနာ
ထိုသို့ ပြည်ထောင်စုဝန်ကြီးဌာနများက နိုင်ငံတော်သို့ ပေးသွင်းရန် နှစ်အဆက်ဆက် ကြွေးကျန်များရှိနေခြင်းသည် နိုင်ငံတော်အတွက် မိအေးနှစ်ခါနာ ဖြစ်စေပါသည်။ လက်ရှိ ကာလတွင် ငွေဖောင်းပွမှုမှာ ၇ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဆိုပါသည်။ သို့ဆိုလျှင် ယခု အချိန်တွင် နိုင်ငံတော် က အမှန်ရသင့်သည့် ကြွေးကျန် တန်ဖိုးမှာ ကျပ်ဘီလျံ ၁၀၇၅ ကျော် ဖြစ်သင့်ပါသည်။ နိုင်ငံတော် ဘဏ်တိုးနှုန်းနှင့် တွက်လျှင် ကျပ်ဘီလျံ ၁၀၈၀ ကျော် ဖြစ်ပါလိမ့်မည်။ ယခု အခြေအနေက ကြွေးကျန်များလည်း မရသေး။ အတိုးလည်း မရ၊ ငွေကြေး ဖောင်းပွမှုကလည်း ရှိနေသဖြင့် နိုင်ငံတော်က မိအေးနှစ်ခါနာနေပြီ ဖြစ်သည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ဘတ်ဂျက် လိုငွေမှာ ဂျီဒီပီ၏ ၅ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားပါသည်။ နိုင်ငံတော်သည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်း ကိုလည်း ဆောင်ရွက်လျက် ရှိနေသည်။ အရင်းအနှီး မဲ့သူများအား ချေးငွေများ ထုတ်ချေးနိုင်ရန် ပြည်ပနိုင်ငံမှ အတိုးပေး၍ ငွေချေးငှားထားသည်ဟုလည်း သိရပါသည်။ ယခုအခါ နိုင်ငံတော်သို့ပေးသွင်းရန် ကျန်သည့် ကြွေးကျန်များသာ အချိန်မီရရှိလျှင် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေ ကိုလည်း ဖြည့်ဆည်းနိုင်မည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မှာလည်း အသုံးပြုနိုင်မည်။ အရင်းအနှီးမဲ့သူများအား သူများဆီက မချေးငှားဘဲ ငွေထုတ်ချေး နိုင်မည်။ ယခုတော့ ပြည်ထောင်စု ၀န်ကြီးဌာန ၁၉ ခု၏အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်မှု မရှိသဖြင့် မိအေးနှစ်ခါနာနေရပြီ။ နိုင်ငံတော်က အဘက်ဘက်က နစ်နာလျက်ရှိကြောင်း တွေ့မြင်နိုင် သည်။ ကိုင်း၊ ဘယ်လိုလုပ်ကြမလဲ အမတ်မင်းတို့။

နှစ်စဉ် ထုံးစံအတိုင်း ဖြေရှင်းခဲ့ကြ
ကြွေးကျန်ကိစ္စကို ဆိုင်ရာဝန်ကြီးဌာနများက လာရောက်ဖြေရှင်းရန် လွှတ်တော်က မေးမြန်း ခဲ့သည်။ ပြည်သူ့အသံ လွှတ်တော်အသံဟု ဆိုသဖြင့် လွှတ်တော်မှာ တင်ပြမေးမြန်း ခြင်းသည် ပြည်သူတို့က မေးမြန်းခြင်းပင် ဖြစ်သည်။ ယခု ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာမှ ဒါတွေကို ပြည်သူတို့ သိခွင့်ရခြင်း ဖြစ်သည်။ မေးသင့်သည့်ကိစ္စ ဖြစ်ပါသည်။ ၀န်ကြီးဌာနများက နိုင်ငံတော်သို့ ပေးသွင်းရန်ကျန်သည့် ကြွေးကျန်များတွင် စီးပွားရေး လုပ်ငန်းရှင်က ပေးသွင်းရန်ကျန်သည့် ကြွေးကျန် အမြောက်အမြား ပါဝင်ပါသည်။ ထိုကြွေးကျန်များကို တာဝန်ရှိသူတို့က အချိန်မီ အပြေအကျေ ရရှိအောင် အဘယ့်ကြောင့် မဆောင်ရွက်နိုင်ကြပါ သနည်း။
ခြောက်လတစ်ကြိမ်၊ သို့မဟုတ် တစ်နှစ်တစ်ကြိမ် လုပ်ငန်းစစ် အစီရင်ခံစာတိုင်းတွင် ထိုကြွေးကိစ္စ ပါဝင်နေသည်သာ ဖြစ်သည်။ စာရင်းစစ်ချုပ် အနေနှင့် ကျန်ရှိသော ကြွေးကျန်များကို အမြန်ဆုံး အပြေအကြေ ရရှိအောင် ဆောင်ရွက်ရန် အကြံပြုမည်။ သက်ဆိုင်ရာ ၀န်ကြီးဌာန များကလည်း ကြွေးကျန်များ ကောက်ခံရရှိရေးအတွက် မည်သို့ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း စာရင်းစစ်ရုံးသို့ ပြန်ကြားမည်။ သည်လိုနှင့် နှစ်အဆက်ဆက် ထုံးစံအတိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ နှစ်စဉ် ကြွေးကျန်များ လျော့သွား ရမည့်အစား တိုးလာသည်က အတော်ချီးမွမ်းဖွယ်ကောင်းသော စီစဉ်ဆောင်ရွက်မှုများ ဖြစ်သည်။ ၀န်ကြီးဌာနများ အနေနှင့် ပြည်သူ့လွှတ်တော်တွင် ရှင်းလင်း တင်ပြရာ၌ ကြွေးကျန်များ အပြေအကျေ ရရှိရေးအတွက် မည်သို့ မည်ပုံ စီစဉ်ဆောင်ရွက်ထားပါသည် ဆိုရုံမျှနှင့်မပြီးပေ။ ပြောသည့်အတိုင်း အချိန်ကန့်သတ်ချက် တစ်ခု အတွင်း အပြေအကျေ ရရှိမှသာ အရည်အချင်းပြည့် ဆောင်ရွက်ချက် ဖြစ်နိုင်ပါသည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ကြွေးကျန်
ပြည်ထောင်စု ၀န်ကြီးဌာန ၁၉ ခု၏ နှစ်အဆက်ဆက် ကြွေးကျန်ကျပ်ဘီလျံ တစ်ထောင်ကျော် တွင် ဘဏ္ဍာရေး ၀န်ကြီးဌာနက ကျပ်ဘီလျံ ၁၈၀ ကျော် ပါဝင်သည်ဟု ဆိုပါသည်။ ထိုကြွေးကျန်ကို အခွန်အရပ်ရပ် ကြွေးကျန်ဟု ယူဆနိုင်ပါသည်။ ကျန်ဝန်ကြီး ဌာနများတွင် မည်ကဲ့သို့ ကြွေးကျန် ဖြစ်ပေါ်ခဲ့သည်၊ ကြွေးကောက်ခံရန် မည်သည့် နည်းလမ်းများ ရှိသည်ကို ကျွန်တော် မသိပါ။ သူ့နည်း သူ့ဟန် သူ့ဥပဒေနှင့် ရှိကြပါလိမ့်မည်။ မလုပ်လို့သာ ကြွေးကျန်ခြင်း ဖြစ်သည်။
ကျွန်တော်သည် အခွန်ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်၍ အခွန်ကြွေးကျန် ကိစ်္စကို အထိုက်အလျောက်တော့ သိပါသည်။ သို့ဖြစ်၍ ပြီးခဲ့သော “အခွန်ကြွေးနှင့် အရကောက်ခံမှု” ဆောင်းပါးတွင် အခွန်ကြွေး ကျန်ရခြင်း အကြောင်းရင်း များနှင့်အရ ကောက်ခံမှု နည်းလမ်း အကျဉ်းကို တင်ပြ ခဲ့ခြင်းဖြစ်ပါသည်။ အခွန်ကြွေး ကောက်ခံရာတွင် စည်းရုံး ကောက်ခံနေရုံမျှနှင့် မရတော့။ တာဝန်ရှိ အခွန်ဝန်ထမ်း အဆင့် ဆင့်သည် အခွန်ကြွေးကောက်ခံ ရရှိရေးအတွက် စည်းရုံးပညာ ပေးရာတွင် အရ ကောက်ခံသည့် နည်းလမ်းများကို ထည့်သွင်း ရှင်းလင်း ဆွေးနွေးလေ့ရှိသည်။ အခွန်ထမ်းက တကယ်တမ်း အခွန်ပေးဆောင်ရန် ပျက်ကွက်သည့်အခါ အရကောက်ခံမှု ဖွင့်လှစ် ဆောင်ရွက်ရန် ၀န်လေးနေတတ်ကြပါသည်။ ဥပဒေ က အပ်နှင်းထားသော လုပ်ပိုင်ခွင့် များကို တရားနည်းလမ်းကျစွာ အသုံးပြုရန် ဘာ့ကြောင့်လက်တွန့်နေကြပါသနည်း။ အခွန်ပေးသွင်းရန် ပျက်ကွက်မှု အပေါ် စည်းရုံးပညာပေး နည်းလမ်းကလွဲ၍ အရေးယူ ဆောင်ရွက်မှု မရှိသဖြင့် တစ်နှစ်ထက်တစ်နှစ် ကြွေးကျန်များ လာရခြင်း ဖြစ်သည်။

ကြောက်နေကြလို့လား
မြို့နယ်အခွန်ရုံးများ အနေဖြင့် အရကောက်ခံမှု ဖွင့်လှစ် ဆောင်ရွက်ရန် ကြောက်နေလို့လားဟု တွေးမိသည်။ ကြောက်မည်ဆိုလည်း ကြောက်လောက်စရာ ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ ၁၉၉၄ ခုနှစ်က ဖြစ်သည်။ စားသောက်ဆိုင် လုပ်ငန်းများအပေါ် ကောက်ခံသည့် ကုန်သွယ် လုပ်ငန်းခွန်မှာ အမှန်ထက်များစွာ လျော့နည်းနေသဖြင့် ရသင့်ရထိုက် သော အခွန်များ မှန်မှန်ကန်ကန် ရရှိရေးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်အဆင့် လူကြီးတစ်ဦး၏ လမ်းဩန်ချက်အရ တစ်နေ့ ရောင်းရငွေအပေါ် အခြေခံ၍ တွက်ချက် တောင်းခံရာ စားသောက်ဆိုင် လုပ်ငန်းရှင်များ ဆူညံပူညံ ဖြစ်ခဲ့သည်။ ဆူညံသံ ကျယ်လောင်သောအခါ နိုင်ငံရေး ပယောဂ၀င်သည်ဟု ဆိုပြီး ရန်ကုန်တိုင်း စည်ပင် သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူး အားလုံးနီးပါး ရေကြည်အိုင်မှာ ခေါ်ယူ စစ်ဆေးခံခဲ့ရသည်။ ထိုအချိန်ကစ၍ ပြည်တွင်း အခွန်များ ဦးစီးဌာနသည်လည်း ဦးကျိုးခဲ့ရသည်။
ယခု အခွန်ကြွေး ကိစ္စတွင်လည်း အရကောက်ခံမှု ဖွင့်လှစ်ဆောင်ရွက်လျှင် ပြဿနာဖြစ်မှာလားဆိုတာ စိုးရိမ် နေကြဟန် တူပါသည်။ အရကောက်ခံမှု ဖွင့်လှစ်ဆောင်ရွက် လျှင် ကွက်တိ၊ ကွက်ကျား လုပ်၍မရ။ ဟိုလူကျန်သည်၊ သည်လူကျန်သည် လက်ညှိုးထိုး နေကြလိမ့်မည်။ “အဘ” ဆိုသူများထံ ချဉ်းကပ် အကူအညီတောင်းသူများလည်း ရှိလိမ့် ဦးမည်။ “အဘ” ဆိုသူများကလည်း မကူညီဘဲ မနေနိုင်ကြလျှင် ခက်လိမ့်ဦးမည်။ ပြီးတော့ ယနေ့ ကာလသည် မီဒီယာတွေ ပွင့်လင်း လွတ်လပ်လာပြီ ဖြစ်သည်။ အရကောက်ခံမှု နည်းလမ်းအရ ၀ရမ်းကပ်ခြင်း၊ လေလံတင် ရောင်းချမှုများ ရှိလာလျှင် အခွန်ဌာနကို အမြင်ကတ်သည့် မီဒီယာက ပုံကြီးချဲ့၍ ဖွလိုက်မှာကိုလည်း စိုးရိမ်ရသေးသည်။ ခက်တော့နေပြီ။ ဘယ်လိုလုပ်ကြမှာလဲ အမတ်မင်းတို့။

အရ ကောက်ခံမှု ဖွင့်မှ ဖြစ်မည်
အခွန်ကြွေးကျန် ပေးသွင်းရန် ပျက်ကွက်သူများအပေါ် အရေးယူ ဆောင်ရွက်ရန်မှာ အရကောက်ခံမှု ဖွင့်လှစ် ဆောင်ရွက်ရန်မှတစ်ပါး အခြားမရှိပြီ။ စည်းရုံးကောက်ခံသည့် နည်းလမ်းမှာလည်း ကမ်းကုန်နေပြီ ဖြစ်သည်။ အခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် အခွန်ထမ်းကြီးများ စာရင်းကို ကြေညာသကဲ့သို့ အခွန်ကြွေးကျန် အများဆုံး အခွန်ထမ်း များကိုလည်း ထုတ်ပြန်ကြေညာသင့်ပါသည်။ ထိုသူများကို နာမည်ပျက်စာရင်း (Black List) သွင်း၍ အရကောက်ခံမှု ဖွင့်လှစ်ဆောင်ရွက်သင့်ပါသည်။ တစ်နိုင်ငံလုံး အတိုင်း အတာနှင့် တစ်ပြိုင်နက်လုပ်လျှင် အခက်အခဲ ရှိနိုင် ပါသည်။
သို့ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အခွန် အများဆုံး ကြွေးကျန်ရှိသူများမှ အရေအတွက် ကန့်သတ်၍ လည်း ဆောင်ရွက်နိုင်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အချိန်ဆွဲမနေဘဲ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်သင့်သည်။ ဥပဒေနှင့်အညီ ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်လျှင် အောင်မြင်နိုင်ပါသည်။ထိုကိစ္စ အောင်မြင်လျှင် အရကောက်ခံမှု မဖွင့်လှစ်ရသေးသော ကြွေးကျန်ရှိသူများသည် အလိုလို ပေးဆောင်လာကြပါ လိမ့်မည်။
တစ်ခုတော့ ပြောလိုပါသည်။ အထက်လူကြီးများသည် ဥပဒေနှင့်အညီ ဆောင်ရွက် စေသော်လည်း မလိုလား အပ်သော ပြဿနာများ မပေါ်ပေါက်စေရေးအတွက် လိမ္မာ ပါးနပ်စွာ ဆောင်ရွက်ရန် ဩန်ကြားလေ့ရှိသည်။ ထိုသို့ ဩန်ကြားရန် မသင့်ပါ။ နိုင်ငံတော်အပေါ် တာဝန်မကျေ သူများကို အရေးယူ ဆောင်ရွက်ခြင်း ဖြစ်သည်။ သံခင်း တမန်ခင်း ဆောင်ရွက်နေခြင်း မဟုတ်ပါ။ နိုင်ငံတော်သို့ ပေးရန် ရှိသည့်ငွေနှင့် ပစ်္စည်းများကို သတ်မှတ်ချိန်အတွင်း ပေးသွင်းရန် ပျက်ကွက်ခြင်းသည် ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား ပြုခြင်းပင်ဖြစ်၍ ပြစ်မှုဆိုင်ရာ ဥပဒေအရပင် အရေးယူသင့်ပါသေး။ အထက်လူကြီးများ အနေဖြင့် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်သည့် တာဝန်ရှိဝန်ထမ်းများကို အကာအကွယ် ပေးသင့်ပါသည်။ ပြဿနာဖြစ်မှာစိုး၍ နောက်ဆုတ်ပေးနေရပါလျှင် တရားဥပဒေ စိုးမိုးရေးမှာ ဘယ်ခါတွင် ရနိုင်ပါမည်နည်း။

အခွန်ရုံး ဖွဲ့စည်းပုံ
၁၉၇၂ ခုနှစ် ပြည်တွင်း အခွန်များ ဦးစီးဌာန စတင် ဖွဲ့စည်း ခဲ့စဉ်က ဦးစီးရုံး အပါအ၀င် ဌာနခွဲ ၆ ခု ရှိခဲ့သည်။ ယခု ကာလတွင် ဌာနခွဲ ၈ ခု ရှိလာပြီ ဖြစ်သည်။ ထို့ပြင် ကုမ်္ပဏီ များဆိုင်ရာ အခွန်ရုံး၊ အိမ်ခြံမြေ ကာလတန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့ရုံး၊ မော်တော်ယာဉ် တန်ဖိုးဖြတ် အဖွဲ့ရုံး၊ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ် အဖွဲ့ရုံး စသဖြင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်ကိုလည်း တွေ့ရှိရပါသည်။မကြာမီ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဆိုတာလည်း ပေါ်ပေါက်ရန် အလားအလာ ရှိနေပါသည်။ သို့ရာတွင် အခွန်ကြွေးများ အပြေအကျေ ကောက်ခံရေးဆိုင်ရာ အခွန်ရုံးတစ်ခု လိုအပ်နေသည်ကို စိတ်ကူးမျှပင် ရှိသေးဟန် မတူပါ။ အခွန်ကြွေး ကောက်ခံခြင်းသည် ကြိုတင်ခွန် ကောက်ခံခြင်းထက် များစွာ ခက်ခဲရှုတ်ထွေး ပါသည်။ အခွန်စည်းကြပ်ခြင်း ကိစ်္စသည်လည်း အခွန်ကြွေး ကောက်ခံခြင်းလောက် မခက်ခဲပါ။ နှစ်အတွင်း စည်းကြပ်မှု ကို ပြီးစီးအောင် ဆောင်ရွက်နိုင်ကြသော်လည်း အပြေအကျေ ကောက်ခံရရှိမှုမှာ မလွယ်လှပါ။
သို့ဖြစ်၍ အခွန်ဌာနအနေဖြင့် ကုမ္ပဏီများကိုသာ စည်းကြပ်ရန် စိတ်ဝင်စားမနေဘဲ၊ အခွန်ထမ်းကြီးများကိုသာ စည်းကြပ်ရန် စိတ်စောမနေဘဲ၊ အိမ်ခြံမြေ ရောင်းဝယ်မှု များကိုသာ စည်းကြပ်ရန် စိတ်ဝင်စားမနေဘဲ၊ မော်တော်ယာဉ်တန်ဖိုး ဖြတ်ရန်သာ စိတ်ဝင်စားမနေဘဲ၊ အခွန်ကြွေး များ ဖိဖိစီးစီး ကောက်ခံရရှိရေး အတွက်လည်း စိတ်ဝင်စား လှည့်ပါလို့ ဆိုပါရစေ။ အခွန်ကြွေးကျန်များ အပြေအကျေ ကောက်ခံရရှိရေးဆိုင်ရာ အခွန်ရုံး ဖွင့်လှစ်၍ ဆောင်ရွက် နိုင်ပါရန် အကြံပြုပါရစေ။

အခွန် ဘုတ်အဖွဲ့၏ တာဝန်
အခွန် ဘုတ်အဖွဲ့၏ လုပ်ငန်းတာဝန် တစ်ရပ်မှာ အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်များရရှိခြင်း ရှိမရှိ စိစစ်ရန်ဟူ၍ ဖြစ်သည်။ အခွန်ကြွေးများ ကျန်ရှိနေခြင်းသည် ရသင့်ရထိုက်သော အခွန်ငွေများ မရရှိသေးကြောင်း ဩန်ပြနေခြင်း ဖြစ်သည်။ သို့ဖြစ်၍ အခွန်ကြွေးများ အပြေအကျေ ကောက်ခံရရှိရေးမှာ အခွန် ဘုတ်အဖွဲ့၏ တာဝန်ဖြစ်နေပါသည်။ သို့ရာတွင် နှစ်အဆက် ဆက်က ပစ်ပစ်ခါခါ လုပ်ခဲ့သော အခွန်ကြွေးကျန်များကို မနေ့တစ်နေ့ကမှ ဖွဲ့စည်း ပေါ်ပေါက်လာသော အခွန် ဘုတ်အဖွဲ့က တာဝန်ယူရမည်ဆိုလျှင် သင့်လျော်ပါမည်လား။ ထို့ကြောင့် အခွန်ဌာန အဆင့်မြင့် အရာရှိများ ပါဝင်သော “အခွန်ကြွေးကျန်များ အပြေအကျေ ကောက်ခံ ရရှိရေးဆိုင်ရာ အခွန်ရုံး” ဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်သည် ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ အခွန်ဘုတ် အဖွဲ့တွင် ရှေ့မီ၊ နောက်မီ အငြိမ်းစား အခွန်ပညာရှင်နှစ်ဦး ပါဝင်သည်ဟု သိရပါသည်။ ထိုသူများ၏ အကြံဉဏ်ကိုလည်း မေးမြန်းသင့်ပါသည်။

နိုင်ငံတော် သမ္မတ၏ လက်ရုံးတပ်ဖွဲ့
မကြာမီက နိုင်ငံတော် သမ္မတက ဖွဲ့စည်းတာဝန်ပေးခဲ့သော ၀န်ကြီးဌာန အသီးသီး၏ ဆပ်ကော်မတီများ ရှိပါသည်။ နိုင်ငံတော်က ရရန်ရှိသည့် ကြွေးကျန်များ အပြေအကျေ ရရှိရေးမှာ ထိုဆပ်ကော်မတီများ၏ စွမ်းဆောင်ရည်လည်း လိုအပ်ပါသည်။ ထိုဆပ်ကော်မတီ များသည် နိုင်ငံတော် သမ္မတ၏ လက်ရုံးများပီပီ အားကောင်းမောင်းသန် မည်သို့ ပါဝင် ဆောင်ရွက်သည်ကို ပြည်သူတို့ မကြာမီ မျက်ဝါး ထင်ထင် တွေ့မြင်ရတော့မည်လား မသိ။

Mမောင်မောင်
 ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၂ မှ ဆရာMမောင်မောင်၏ ဆောင်းပါး ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...