Friday, August 1, 2014

“အချောင်သမားဝါဒနဲ့ ကိုအောင်ဆန်းပြောတဲ့ ကျောင်းသားထုဝတ္တရား”


ပြီးခဲ့တဲ့အပတ်ကဒဂုံတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ်ကကျောင်းသားတွေ လွှတ်တော်လေ့လာရေး သွားရောက်ရာမှာ အမေစုနဲ့တွေ့ဆုံခွင့်ရတော့အမေစုက ‘သားတို့ကျောင်းသားအရေးချည်း ပဲမလုပ်ပါနဲ့။ကျောင်းသားမှန်ရင်နိုင်ငံရေးလုပ်ကို လုပ်သင့်တယ်။ ဒါကြောင့်နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့ကြိုးစားကြပါ’လို့မှာလိုက်တယ်လို့ အဲဒီကျောင်းသားတွေဆီကနေ တဆင့် စကားတဆင့်နားနဲ့ပြန်ကြားခဲ့ရပါတယ်။ ဒါကြောင့်`ယောကျာ်းကလဲလိုချင်သေး၊ ဟိုဟာကလဲကြောက်သေး’ဆိုတဲ့စကားလို သမဂ္ဂအလံတော်အရှိန်နဲ့လူရာတော့ဝင်ချင်ပြီး အာဏာပိုင်ငြိုငြင်မှာ၊ထောင်ကျမှာကြောက်ကြသူ လစ်ဘရယ်ယောင်ယောင် ဘာယောင်ယောင်ကျောင်းသားများနဲ့ ပတ်သက်ပြီးပြောစရာစကားတချို့ရှိလာပါတယ်။ ဒီအချက်တွေကအခုမှမြင်လာတာလားဆိုတော့လဲ မဟုတ်ပါဘူး။ အရင်ကတည်းကမြင်နေတွေ့နေရပေမယ့်ကျောင်းသားထု ညီညွတ်ရေး ကိုရှေ့ရှုပြီး မပြောသင့်သေးဘူးထင်လို့မပြောတာပါ။
အခုတော့လူထုခေါင်းဆောင် အမေစု ကိုယ်တိုင် ကထောက်ပြပြောဆိုလာရပြီဆိုတော့ပြောသင့်တဲ့ အချိန်ကျပြီထင်လို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ရပါတော့မယ်။ ဒါကလဲနိုင်ငံနဲ့ပြည်သူအတွက် အနာဂါတ်ကောင်းစေလိုတဲ့စေတနာနဲ့ပြောတာဖြစ်လို့ ဘယ်သူမုန်းမုန်းအမုန်းခံဖို့အသင့်ပါပဲ။ ကုန်လွန်ခဲ့တဲ့၂၀၁၀ခုနှစ်ကနေ၂၀၁၃ ခုနှစ်ကာလ အစိုးရသစ်ရဲ့ အခြေအနေမှန်ကို ခန့်မှန်းလို့မရခင်နိုင်ငံရေးကိုမြေစမ်းခရမ်းပျိုးသလို အရဲစွန့်လုပ်ကိုင်ရစဉ် အခါတုန်းကတော့ တကယ်လဲစွန့်လွှတ်ရဲတဲ့ကျောင်းသားတချို့သာကျောင်းသားသမဂ္ဂကို ရဲရဲရင့်ရင့် ဖွဲ့ခဲ့ကြပြီး အဲဒီကာလကဖွဲ့စည်းခဲ့ကြတဲ့ကျောင်းသားသမဂ္ဂတွေဟာ တနိုင်ငံလုံးမှာနယ်အလိုက် လက်ချိုးရေတွက်လို့ရသလို အခုအချိန်ထိလဲ တိုင်းပြည်နဲ့လူထုအတွက် တတ်အားသရွေ့ကြိုးကြိုးစားစား လုပ်ဆောင်နေကြဆဲဖြစ်လို့ ဒီကာလကသမဂ္ဂများ ဟာစေတနာမှန်ပြီးနောက်လက်မပါ၊ နာမည်ကြီး လူရာဝင်ချင်တဲ့ရောဂါမ စွဲကပ်တဲ့ဖြူဖြူစင်စင်သမဂ္ဂတွေပါပဲ။ ဒါပေမယ့်၂၀၁၃ ခုနှစ်နောက်ပိုင်းကာလမှာ ဦးသိန်းစိန်အစိုးရရဲ့ယောင်ပြဒီမိုကရေစီအောက်မှာ အနည်းငယ်လွတ်လပ်ခွင့်ရလာတဲ့အခြေအနေမှာ ဗမာ့နိုင်ငံရေးသမိုင်းကြောင်းတလျှောက် နာမည်ကောင်းရခဲ့တဲ့`ကျောင်းသားသမဂ္ဂ’ကိုနိုင်ငံရေး လုပ်စားသူတချို့ရဲ့လူမွေးတဲ့`နောက်လိုက်မွေး ထုတ်ရေး အစီအစဉ်’အရနိုင်ငံရေးစင်မြင့်ပေါ်မှာပြန်ပြီး ပွဲထုတ်လာကြပါတယ်။ ဒါကြောင့်နိုင်ငံရေးခံယူချက်မရှိ ၊နိုင်ငံရေးယုံကြည်ချက်နတ္ထိနဲ့လူရာဝင်နာမည်ကြီးချင်တာ တခုတည်း သိသူကျောင်းသားလေးတွေကိုအသုံးချပြီးချော့တခါမြှောက်တလှည့်နဲ့ အမည်ခံကျောင်းသားသမဂ္ဂတွေကိုဟောတခုဟောတခုဆို သလိုမိုးဦးကျပေါက်တဲ့မှိုပွင့်များလိုဟိုမှဒီမှမွေးထုတ်ပျိုးထောင်အားပေးခဲ့ကြပါတယ်။ ဒီသမဂ္ဂတွေထဲကကျောင်းသားအများစုဟာသမဂ္ဂမှာပါဝင်ပြီး လူရာလဲဝင်ချင်ကြပါတယ်။နိုင်ငံရေးလုပ်ရမှာလဲကြောက်ကြပါတယ်။ ဒါကြောင့်သူတို့ရဲ့နိုင်ငံရေး လုပ်ရမှာကြောက်တဲ့စိတ်ကို လူသိမခံရဲလို့စကားလုံးလှလှလေးနဲ့ကျောင်းသားကကျောင်းသားအရေးပဲ လုပ်ရမယ်နိုင်ငံရေးမလုပ်ရဘူးဆိုပြီး လူကြားကောင်းအောင်အော်နေကြတာပါ။ပြီးတော့ကြောက်မယ့် သာကြောက်ကြတာပါသမိုင်းကြီးတဲ့ခွပ်ဒေါင်းအလံလေးကလဲကိုင်ချင်ကြသေးတယ်လေ။ ဒါကြောင့်သမဂ္ဂအလံကကျောင်းသားတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့အတွေးအခေါ်လေးကိုပါ ထည့်အော်လိုက်ကြပါသေးတယ်။ ယိုသူမရှက်မြင်သူရှက်ပေါ့ဗျာ။မြင်နေကြားနေရတာတွေကတော်တော်ရှက်ဖို့ကောင်းပါတယ်။ ရှေ့ကမျိုးဆက်ဟောင်းကြီးတွေကတော့မျိုးဆက်သစ်ကျောင်းသားငယ်တွေပဲလေဆိုတဲ့ ခွင့်လွှတ်စိတ်နဲ့မပြောကြရှာပါဘူး။ ဒါပေမယ့်ကျောင်းသားအချင်းချင်းစိတ်ဝမ်းကွဲမှာစိုးတာကြောင့် ထုတ်ဖော်မပြောကြပေမယ့် မျိုးဆက်သစ်ကျောင်းသားတွေထဲမှာလဲ သူတို့အစားရှက်တဲ့ သူကရှက်လာကြပါပြီ။ စစ်အာဏာရှင်အဆက်ဆက်ကကျောင်းသားလှုပ်ရှားမှုများ ကိုကြောက်ရွံ့လို့ဝါဒဖြန့်ချီခဲ့ကြတဲ့‘ကျောင်းသားကနိုင်ငံရေးနဲ့ဘာမှမဆိုင် ၊နိုင်ငံရေးဟာ ရှုပ်ထွေးပွေလိမ်လို့ဖြူစင်သူကျောင်းသားတွေနဲ့ လားလားမျှမသက်ဆိုင်၊ ဒါကြောင့်ကျောင်းသားများနိုင်ငံရေးမလုပ်ရ’ဆိုပြီး ၀ါဒဖြန့်ချီခဲ့ကြပါတယ်။ အပေါ်ယံကြည့်ရင်တော့ကျောင်းသားတွေအပေါ်စေတနာထားလို့ တားမြစ်ထားသယောင်ထင်ရပေမယ့် စစ်အာဏာရှင်တွေရဲ့တကယ့်စေတနာမှန်ကတော့ ၄င်းတို့မဟုတ်တာမမှန်တာလုပ်နေတာမှန်သမျှ သာမာန်ပြည်သူလူထုကမတွေးတတ်၊ မပြောတတ်ကြပေမယ့်ပညာတတ်လူတန်းစားကျောင်းသားများကတော့တွေးခေါ်မျှော်မြင် သိရှိပြီးခေတ်အဆက်ဆက်ကကျောင်းသားတွေရဲ့ထုံးစံအတိုင်း ဘယ်ပါတီဘယ်ပုဂ္ဂိုလ်ရဲ့မျက်နှာကိုမှမထောက်ထားပဲ လူထုကောင်းစားရေးအတွက်ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုလာမှာကို စိုးရွံ့တဲ့အတွက်ကြောင့်ကြိုတင်ထားဆီးတဲ့ အနေနဲ့ကျောင်းသားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့်မပေးခဲ့ပဲကျောင်းသားနဲ့နိုင်ငံရေးကို ခွဲထုတ်ထားတဲ့လုပ်ရပ်သာလျှင်ဖြစ်ပါတယ်။ ဒီလိုအာဏာရှင်အဆက်ဆက်ရဲ့လက်သုံးစကားဟာ ယနေ့ခေတ်ကျောင်းသားသမဂ္ဂတချို့နဲ့ကျောင်းသားတချို့ရဲ့ပါးစပ်ထဲမှာရောက်နေတာ ကတော့တော်တော်လေး တုန်လှုပ်စရာကောင်းတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအယူအဆမျိုးကိုကျောင်းသားအများစုက သာ မှားယွင်းလက်ခံကျင့်သုံးလာခဲ့ကြရင် ကျွန်တော်တို့နိုင်ငံရဲ့အနာဂါတ်ကလဲ အလားအလာမကောင်းနိုင်ပါဘူး။ ကိုလိုနီခေတ်ကနေပြီး လွတ်လပ်ရေးခေတ်၊စစ်အာဏာရှင်ခေတ်စတဲ့ ဗမာ့နိုင်ငံရေးသမိုင်းစဉ်တလျှောက် တိုင်းပြည်ရဲ့ တကယ့်အရေးပါတဲ့အချိုးအကွေ့အလှည့်အပြောင်းတိုင်းမှာကျောင်းသားနဲ့ သံဃာဟာတပ်ဦးက ဦးဆောင်ပါဝင်ခဲ့ကြတာချည်းပါပဲ။ ဒီမတူတဲ့လူတန်းစားနှစ်ခုမှာ တူညီကြတာတခုကတော့ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့နိုင်ငံရေးဖြစ်စဉ်တိုင်းကိုပါဝင်ရာမှာ စိတ်စေတနာဖြူစင်ကြပုံခြင်းကတော့ တူညီကြပါတယ်။ကျောင်းသားအရွယ်ဆိုတာ ပါတီထောင်ပြီးလွှတ်တော်အမတ်တက်လုပ်လို့မရသလို အစိုးရရာထူးများကိုလဲ ၀င်ရောက်တာဝန်ယူရမယ့်အရွယ်မဟုတ်ပါဘူး။ ထို့အတူပဲရဟန်းသံဃာများဟာလဲရာထူးယူ၊ လွှတ်တော်အမတ်ဝင်လုပ်လို့ရတာမဟုတ်ပါဘူး။ ဒါကြောင့်ကျောင်းသားနဲ့သံဃာများနိုင်ငံရေးဖြစ်စဉ်များမှာပါဝင်ခဲ့ကြခြင်းဟာ အာဏာလိုချင်လို့၊ ရာထူးရချင်လို့နိုင်ငံရေးလုပ်ခြင်းမဟုတ်ပဲ တိုင်းပြည်နဲ့လူထုအပေါ်တကယ်ချစ်တဲ့စေတနာမှန်နဲ့ ပါဝင်ကြတာဖြစ်တဲ့အတွက် အင်မတန်မှဖြူစင်မြင့်မြတ်လှပါတယ်။နောက်တစ်ချက်ကတော့ အာဏာရှင်တွေ ၀ါဒဖြန့်ချီသလိုနိုင်ငံရေးဆိုတာ အလွန်ရှုပ်ထွေးပွေလီညစ်ပတ်တယ်ဆိုတာလဲမဟုတ်မှန်ပါဘူး။နို င်ငံရေးဆိုတာတစ်တိုင်းပြည်လုံးမှာရှိတဲ့ အများပြည်သူငြိမ်းချမ်းဖို့ကောင်းစားဖို့လုပ်တာဖြစ်တဲ့အတွက် အမှန်တကယ်ကောင်းမွန်တဲ့ပရဟိတအလုပ်ဖြစ်ပြီး ကျွန်တော်တို့ရဲ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သူရေးတဲ့ဆောင်းပါးတပုဒ်မှာ ‘နိုင်ငံရေးဆိုတာ တကယ်စိတ်ထားတတ်ရင် ပရဟိတလုပ်ငန်းတွေထဲကအမြင့်ဆုံးသောပရဟိတအလုပ်ပါပဲ’လို့ ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ဖွင့်ဆိုပြသွားခဲ့ပါတယ်။ တကယ်တော့နိုင်ငံရေးဆိုတာအင်မတန်မြင့်မြတ်တဲ့အလုပ်ဖြစ်ပြီး အများအကျိုးဆောင်ရွက်တဲ့အလုပ်ဖြစ်လို့ဖြူစင်သန့်ရှင်းတဲ့လမ်းစဉ်ပါပဲ။ အဲဒီနိုင်ငံရေးကို အာဏာအတွက်၊ ကိုယ်ကျိုးအတွက်အသုံးချလုပ်ဆောင်ကြတဲ့သူများကသာလျှင် ရှုပ်ထွေးပွေလီ ညစ်ပတ်သူများဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ကိုယ့်ပတ်ဝန်းကျင်ကွက်ကွက်လေးမှာသာ အကျိုးဆောင်နေတဲ့ ပရဟိတသမား ဘ၀ကနေ အထက်ပါဗိုလ်ချုပ်အောင်ဆန်းရဲ့ဆောင်းပါးကြောင့်စေ့စေ့တွေးလေ ရှင်းရှင်းမြင်လေ ဆိုသလိုနိုင်ငံရေးသမားလို့ ကိုယ့်ကိုကိုယ်ခံယူပြီး အမိမြေရဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ အထက်ကပြောခဲ့တဲ့ကြောက်စိတ်ကြောင့် အချောင်သမားဝါဒကို တွင်တွင်အော်နေသူကျောင်းသားအင်အားစုများဟာ ၎င်းတို့ကိုင်စွဲထားတဲ့မူဝါဒအပေါ်မှာလဲ ခိုင်ခိုင်မာမာ ရပ်တည်လုပ်ဆောင်ချက်မျိုးကိုမတွေ့ရပါဘူး။ တကယ်နိုင်ငံရေးမလုပ်ပဲကျောင်းသားအရေးပဲ ဦးစားပေးလုပ်မယ်ဆိုတဲ့မူကလဲခိုင်မာသလားဆိုတော့ မခိုင်မာပြန်ပါဘူး။ တပြည်လုံးကကျောင်းသားထု အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စတွေမှာ အာဏာပိုင်နဲ့ထိပ်တိုက်တွေ့ရမယ့်ကိစ္စမျိုးတွေမှာ မသိချင်ယောင်ဆောင်ပြီး လက်ရှောင်ကြပေမယ့် ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်များ လိုနိုင်ငံရေးလောကမှာ နာမည်ကြီးပြီးသား အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကရှေ့ကဦးဆောင် (cover) လုပ်မယ့်ကိစ္စမျိုး၊ အန္တရာယ်မရှိလောက်တဲ့၊ အာဏာရှင်မငြိုငြင်လောက်တဲ့၊ အဖမ်းမခံရတာသေချာလောက်တဲ့နိုင်ငံရေးကိစ္စမျိုးမှာတော့ ထမီလုံချည်ကျွတ်မတတ် အတင်းတိုးဝှေ့ပြီး ရဲရင့်တက်ကြွပြကြပြန်ပါရော ။ကျောင်းသားသမိုင်း၊ ဗမာ့နိုင်ငံရေးသမိုင်းများကို မသိလို့ရောပါနေ တဲ့ကျောင်းသား များကို အပြစ်မတင်လိုပေမယ့်သိလျက်နဲ့ မလိုက်နာသူများကတော့ ဘယာကတိကြောင့် မျိုးဆက်သစ်တွေကိုလမ်းမှားရောက်အောင် ဦးဆောင်နေသူများဖြစ်လို့နောင်တစ်ချိန် သမိုင်းရဲ့တရားခံဖြစ်မှာ မလွဲပါဘူး။
ဟိုအရင်လွတ်လပ်ရေးကြိုးပမ်းစဉ်ကကျောင်းသားများရဲ့အတွေးအခေါ်များမှာတော့ ယခုလို အချောင်သမားဝါဒမကိန်းဝပ်ခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့လိုမိမိနဲ့ ၀ါဒတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေနိုင်ငံရေးလုပ်တဲ့ကျောင်းသားမှန်သမျှ လက်တွဲခေါ်ဆောင် လမ်းညွှန်မှုပေးခဲ့ကြတဲ့ မျိုးဆက်ဟောင်းခေါင်းဆောင်ကြီးတွေရှိခဲ့ကြလို့ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ နာယကကြီး အဖြစ်ကျောင်းသားတွေရဲ့ရှေ့ကဦးဆောင်မှုပေးပြီးနိုင်ငံချစ်စိတ်ကြောင့်နိုင်ငံရေးလုပ်နေတဲ့ဘယ်ကျောင်းသားမဆိုအဲဒီနိုင်ငံချစ်စိတ်ကိုပဲလေးစားတန်ဖိုးထားလို့အတူပါဝင်လက်တွဲလမ်းညွှန်ခဲ့တဲ့အတွက်အဲဒီခေတ်ကာလကကျောင်းသားများဟာမူဝါဒရေးရာယိုင်နဲ့သွားခြင်းမရှိတဲ့အပြင်မိမိတို့ရဲ့ဦးတည်ချက်ဖြစ်တဲ့လွတ်လပ်ရေးရရှိဖို့ကိုမျက်ခြေမပြတ်တစိုက်မတ်မတ်ဦးတည်လျှောက်လှမ်းနိုင်ခဲ့ကြတဲ့အတွက်ယနေ့ခေတ်ကာလလိုအချောင်သမားဝါဒ၀င်ရောက်ဖို့အခွင့်မသာခဲ့ပါဘူး။ဒီနေ့ခေတ်ကာလကျောင်းသားမျိုးဆက်ဟောင်းနိုင်ငံရေးသမားကြီးများကတော့ဆရာကြီးသခင်ကိုယ်တော်မှိုင်းလိုအာဏာရှင်နဲ့ပြည်သူကြားပြတ်သားတဲ့မူဝါဒနဲ့ရပ်တည်မပေးတဲ့အပြင်ကျောင်းသားမျိုးဆက်သစ်တွေအပေါ်မှာလဲကိုယ်ပြောသမျှနာခံလိုက်နာမယ့်ပြောသမျှယုံ၊လက်ညိုးထောင်ခေါင်းညိတ်တတ်တဲ့အသိပညာနုံနဲ့ပြီးရပ်တည်ချက်မခိုင်မာတဲ့အတွေးအခေါ်မရှိသူကျောင်းသားများကိုနောက်လိုက်အင်အားအဖြစ်လက်သပ်မွေးစည်းရုံးထားတာကိုတွေ့ရပါတယ်။ဒါကြောင့်သာလျှင်ယနေ့ကျောင်းသားထုကြားမှာအချောင်သမားဝါဒရှင်သန်ရပ်တည်နေနိုင်ခြင်းပဲဖြစ်ပါတယ်။၂၀၁၃၊၂၀၁၄ခုနှစ်ကာလအတွင်းတကသအမည်ခံဖွဲ့စည်းခဲ့ကြတဲ့တက္ကသိုလ်အသီးသီးကကျောင်းသားသမဂ္ဂအသီးသီးတွေထဲမှာနယ်တက္ကသိုလ်အခြေပြုဖွဲ့စည်းခဲ့တဲ့သမဂ္ဂများကလွဲလို့ရန်ကုန်မှာအခြေပြုဖွဲ့စည်းခဲ့ကြတဲ့တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)အများစုဟာရန်ကုန်ကနိုင်ငံရေးမျိုးဆက်ဟောင်းများရဲ့လက်လှမ်းမီခဲ့တဲ့အတွက်ရန်ကုန်နိုင်ငံရေးလို့ခေါ်တဲ့ပွဲတက်နိုင်ငံရေးနဲ့မျက်နှာပေါ်နိုင်ငံရေးမှာသာပျော်မွေ့နေကြပြီးနိုင်ငံရဲ့အနာဂါတ်နဲ့ပြည်သူ့အကျိုးစီးပွားများအတွက်တော့မေ့လျော့စွာနေကြတာကိုဝမ်းနည်းစွာမြင်တွေ့နေရပါတယ်။ကျောင်းသားမျိုးဆက်ဟောင်းများဖြစ်တဲ့(၈၈)မျိုးဆက်များဟာတက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)များကို၎င်းတို့ရဲ့နောက်မှီးဆွဲအင်အားစုအဖြစ်ငွေအား၊လူအားနဲ့ကူညီထောက်ပံ့ပြီးနိုင်ငံရေးစင်မြင့်မှာလူရာဝင်အောင်ဗိုလ်ဝင်ခံပွဲကျင်းပပေးနေခြင်းအပေါ်တကသများဘက်ကလဲမိန်းမူးသာယာပြီးမိမိတို့ကိုယ်ကိုတကယ့်လူတတ်ကြီးများသဖွယ်ငါလိုလူဇမ္ဗူမှာရှိသေးလားဆိုတဲ့ထင်တစ်လုံးနဲ့တဖြေးဖြေးကမ်းတက်လာကြတာကိုတွေ့နေရပါတယ်။ဘယ်လောက်ထိအောင်ကမ်းတက်လာသလဲဆိုရင်အချောင်သမားဝါဒကြောင့်ထင်ပေါ်လိုခြင်း၊လူရာဝင်လိုခြင်း၊လူထင်ကြီးခံလိုခြင်း၊နိုင်ငံခြားခရီးအလကားသွားရောက်လိုခြင်း၊ပညာတော်သင်ဆုအချောင်ရလိုခြင်းစတဲ့ရည်ရွယ်ချက်ပေါင်းစုံနဲ့တကသကိုဝင်ရောက်လာတဲ့လူပေါင်းစုံကြောင့်အင်အားများလာတဲ့အပေါ်အဟုတ်ထင်မှတ်ကာမလုပ်သင့်မလုပ်အပ်တဲ့ကိစ္စတွေကိုလုပ်ဆောင်လာပါတော့တယ်။လက်ရှိတိုင်းပြည်ရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရာမှာနှောင့်နှေးကြန့်ကြာနေတဲ့နိုင်ငံရေးဖြစ်စဉ်အပေါ်အနာဂါတ်ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ကျောင်းသားတွေအနေနဲ့လုပ်ဆောင်ရမယ့်တာဝန်အများအပြားရှိနေတာကိုမသိကျေးကျွန်ပြုမဆိုင်သလိုနေကာအနှစ်မရှိတဲ့တောကြက်ဆူပင်မင်းမူဆိုသလိုမလုပ်သင့်တဲ့၊လုပ်စရာမလိုသေးတဲ့ကိစ္စတွေအပေါ်မှာသာပုံကြီးချဲ့ပြီးမျောက်ဟိုဟာအနာလုပ်သလိုဆွေ့ဆွေ့ခုန်လုပ်ဆောင်လာကြပါတော့တယ်။ကိုအောင်ဆန်းတို့ကိုဗဟိန်းတို့အပါအ၀င်အရည်အချင်းရှိတဲ့ကျောင်းသားခေါင်းဆောင်ကြီးများကကျောင်းသားထုတစ်ရပ်လုံးနဲ့အတူစုပေါင်းတိုင်ပင်ရေးဆွဲခဲ့ကြတဲ့ဗကသများအဖွဲ့ချုပ်ရဲ့ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွေရှိနေရက်နဲ့ခေတ်နဲ့မလျော်ညီတော့တဲ့စည်းမျဉ်းများကိုဗကသကျောင်းသားများနဲ့အတူညှိနှိုင်းပြင်ဆင်ဖို့မစဉ်းစားပဲငါ့လှေငါထိုးပဲခူးရောက်ရောက်ဆိုတဲ့တရူးထိုးပုံစံနဲ့တကသအသီးသီးဟာကိုယ်ပိုင်စည်းမျဉ်းဥပဒေများကိုရေးဆွဲခဲ့ကြပါတယ်။အဲဒီလိုကိုယ်ပိုင်စည်းမျဉ်းရေးဆွဲခဲ့ကြတဲ့တကသကျောင်းသားများဟာလွတ်လပ်ရေးရယူပေးခဲ့တဲ့ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ကိုအောင်ဆန်းတို့လူစုက၎င်းတို့လောက်အရည်အချင်းမရှိသူများလို့သတ်မှတ်ကြပုံပေါ်ပါတယ်။ဒီလိုအထင်ရှိနေလို့သာအခုလိုမျိုးကြံစည်တွေးတောလုပ်ဆောင်ဝံ့တာဖြစ်ပါတယ်။တကသအသီးသီးကကျောင်းသားများကတော့ဒီလုပ်ဆောင်ချက်ဟာကျောင်းသားသမဂ္ဂများ(တကသများ)ဘယ်လောင်းရိပ်အောက်ကိုမှမခံလိုလို့ကိုယ်ပိုင်လွတ်လပ်ခွင့်ရရှိဖို့ကြိုးစားတာဖြစ်ကြောင်းအကြောင်းပြချက်ပေးကြပါတယ်။ဒါပေမယ့်ဒီအကြောင်းပြချက်ဟာလည်းမှားယွင်းစွာရေလိုက်လွဲနေတာကိုတွေ့ရပြန်ပါတယ်။ကျောင်းသားထုအခွင့်အရေးကိုအာမခံချက်ပေးနိုင်တဲ့လွတ်လပ်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်(Autonomous University)ရရှိဖို့အတွက်ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရခြင်းကစလို့ ဗမာပြည်ရဲ့ အမျိုးသား ပညာရေးဥပဒေ(မူကြမ်း)အထိ လက်သင့်မခံပဲတိုက်ထုတ်ပစ်ရမယ့် အစား မယောင်ရာဆီလူးခြင်း သက်သက် သာဖြစ်ပါတယ်။ ယခုလက်ရှိနယ်ခရိုင်အသီးသီးမှာရှိတဲ့ တက္ကသိုလ်များက ဗကသကျောင်းသား များရဲ့တက္ကသိုလ်ကျောင်းရှေ့တွေ မှာပြုလုပ်နေကြတဲ့အမျိုးသားပညာရေးဥပဒေ (မူကြမ်း) ကန့်ကွက်ဆန္ဒပြပွဲမျိုးတွေပြုလုပ်ဖို့ဝေလာဝေးလို့ကျောင်းသားချင်းနှုတ်၏ဆောင်မခြင်း၊ လက်၏ဆောင်မခြင်းမျိုးဖြစ်တဲ့ထောက်ခံပါတယ်ဆိုတဲ့စကားမျိုး၊ကြေငြာချက်မျိုးထွက်ဖို့အတွက်တောင်နှာစေးနေကြပြီးကျောင်းတွင်းကျောင်းပြင်ပြုလုပ်သမျှပွဲလမ်းတွေမှာသာပျော်မြူးနေကြတာကိုတွေ့ရပါတယ်။ဒီအချောင်သမားဝါဒီကျောင်းသားများရဲ့မိမိကိုယ်မိမိအထင်ကြီးကမ်းတက်မှုဟာဒီလောက်နဲ့ရပ်တန့်မသွားသေးပါဘူး။ကိုအောင်ဆန်းတို့လိုအရည်အချင်းရှိကျောင်းသားခေါင်းဆောင်များရေးဆွဲထားတဲ့စည်းမျဉ်းများကိုငြင်းပယ်အသိအမှတ်မပြုရုံတင်မကပဲသမိုင်းအစဉ်အလာကြီးတဲ့ကျောင်းသားသမဂ္ဂရဲ့ခွပ်ဒေါင်းအလံတော်နဲ့တံဆိပ်ကိုပါထိပါးစော်ကားလာတာကိုတွေ့ရပါတယ်။ကျောင်းသားသမဂ္ဂများအဆက်ဆက်အသုံးပြုခဲ့ကြတဲ့ခွပ်ဒေါင်းအလံတော်နဲ့တံဆိပ်ဟာပန်းချီဆရာတစ်ယောက်ကစိတ်ကူးယဉ်ရေးဆွဲထားတဲ့ပုံတွေမဟုတ်ပဲအလံမှာရောတံဆိပ်မှာပါသူ့ဟာနဲ့သူအဓိပ္ပါယ်ကိုယ်စီရှိကြပါတယ်။ကျောင်းသားများဟာ‘လွတ်လပ်ရေးကိုအသာတကြည်တောင်းနေလို့မရ၊တိုက်ယူမှသာရမယ်’ဆိုတဲ့ပြတ်သားတဲ့အမြင်နဲ့ပညာရဲ့ကိုယ်စားပြုအမှတ်အသားဖြစ်တဲ့ကဒေါင်းစိမ်းကိုရွှေဝါရောင်ခွပ်ဒေါင်းအဖြစ်ပြောင်းလဲခဲ့ပြီးမတရားသောဖိနှိပ်ချုပ်ချယ်မှုရဲ့ပြယုဂ်ဖြစ်တဲ့စက်ဝိုင်းပုံစံကျော့ကွင်းကိုအနီရောင်နောက်ခံမှာရွှေဝါရောင်ခွပ်ဒေါင်းကနင်းဖြတ်ထိုးထွက်နေဟန်ပုံစံနဲ့သမဂ္ဂအလံတော်ကိုအဓိပ္ပါယ်ရှိရှိဖန်တီးခဲ့ကြတာဖြစ်ပါတယ်။သမဂ္ဂအလံတော်ရဲ့နီစွေးတဲ့နောက်ခံအရောင်ကတော့ခေတ်အဆက်ဆက်တိုင်းပြည်နဲ့လူထုအတွက်ပေးဆပ်ကျဆင်းခဲ့ကြတဲ့ကျောင်းသားတွေရဲ့နီမောင်းတဲ့သွေးစက်တွေကိုကိုယ်စားပြုပါတယ်။အခြားအဓိပ္ပါယ်ဖွင့်ဆိုချက်မူကွဲများစွာရှိပေမယ့်ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုချက်ပဲဖြစ်စေဗမာ့နိုင်ငံရေးသမိုင်းတလျှောက်မှာကျောင်းသားများရဲ့ရဲရင့်ဖြူစင်တဲ့ပေးဆပ်ခြင်းကိုဂုဏ်ပြုတဲ့အနေနဲ့အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်။သမဂ္ဂရဲ့တံဆိပ်ဖြစ်တဲ့ကမ္ဘာလုံးပုံနောက်ခံမှာဖွင့်ထားတဲ့စာအုပ်နဲ့မီးဒုတ်ကိုင်ထားတဲ့လက်တဖက်ဟာကမ္ဘာ့ကျောင်းသားများသမဂ္ဂ(IUS)ရဲ့တံဆိပ်ဖြစ်ပြီးဗမာ့ကျောင်းသားများရဲ့ဂုဏ်ပြောင်လှတဲ့တိုက်ပွဲဝင်သမိုင်းကိုဂုဏ်ပြုတဲ့အနေနဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့တရားဝင်တံဆိပ်အဖြစ်ယူဆောင်သုံးစွဲခွင့်ပြုခဲ့တာပဲဖြစ်ပါတယ်။ဒီလိုအဓိပ္ပါယ်အနှစ်သာရတွေနဲ့ပြည့်ဝနေတဲ့ခွပ်ဒေါင်းအလံနဲ့တံဆိပ်ကိုတချို့တက္ကသိုလ်များကဥာဏ်ကြီးရှင်တကသကျောင်းသားများကရွှေဥာဏ်တော်စူးရောက်တဲ့ထိပါးစော်ကားမှုများကတော့သက်ဆိုင်ရာတက္ကသိုလ်သမဂ္ဂ(တကသ)များကိုယ်စားပြုအမှတ်တံဆိပ်များကိုထည့်သွင်းခြင်းပဲဖြစ်ပါတယ်။ရေကြောင်းတက္ကသိုလ်သမဂ္ဂ(တကသ)ကျောင်းသားများကခွပ်ဒေါင်းအလံမှာခွပ်ဒေါင်းကနင်းဖြတ်ထားတဲ့စက်ဝိုင်းပုံကျော့ကွင်းနေရာမှာသင်္ဘောမောင်းတဲ့တပ်မကြီးကိုအစားထိုးထည့်သွင်းပြီး၎င်းတို့ကျောင်းရဲ့မူပိုင်တံဆိပ်အနေနဲ့အသုံးပြုပါတယ်။တဖန်ကွန်ပြူတာတက္ကသိုလ်သမဂ္ဂ(တကသ)များကတော့ကွန်ပြူတာကြီးရဲ့ရှေ့မှာခေါင်းမမော့ရင်မကော့နိုင်တော့တဲ့ယောင်လည်လည်ခွပ်ဒေါင်းလေးကိုထည့်သွင်းပြီး၎င်းတို့ကျောင်းရဲ့ကိုယ်စားပြုတံဆိပ်အဖြစ်သုံးပါတယ်။နောက်ထပ်လဲခွပ်ဒေါင်းအလံနဲ့သမဂ္ဂတံဆိပ်ကိုလိုသလိုလိုအမျိုးမျိုးပြုလုပ်ထားတဲ့ပုံစံတွေအများကြီးရှိသေးပေမယ့်စာဖတ်သူများမြင်သာအောင်ဥပမာအနေနဲ့ဒီနှစ်ခုပဲရေးပြပါရစေ။အခုလိုအချောင်သမားဝါဒီကျောင်းသားများရဲ့အသိပညာနုံနဲ့မှုဟာပညာရေးလွတ်လပ်ခွင့်နဲ့ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေတဲ့တစ်နိုင်ငံလုံးကလက်ရှိတိုက်ပွဲဝင်ကျောင်းသားများကိုစော်ကားလိုက်တာဖြစ်တဲ့အပြင်ခေတ်သမိုင်းအဆက်ဆက်ကလွတ်လပ်ရေး၊စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက်တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ကြတဲ့ကျောင်းသားအာဇာနည်အပေါင်းရဲ့ပေးဆပ်မှုသမိုင်းကိုလဲစော်ကားလိုက်တာပဲဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)အသီးသီးကအသိပညာနုံနဲ့မှုနဲ့ရေသာခိုအချောင်လိုက်ခွပ်ဒေါင်းအရောင်နဲ့ပါးပြောင်ချင်ကြသူကျောင်းသားများရဲ့ယခုလိုမဟုတ်မဟပ်လုပ်ဇာတ်များကို၎င်းတို့နဲ့နီးစပ်သူကျောင်းသားခေါင်းဆောင်ဟောင်းများအနေနဲ့ထောက်ပြဝေဖန်ပြောဆိုဖို့ပျက်ကွက်ခဲ့ကြတာကိုတွေ့ရပါတယ်။(၈၈)မျိုးဆက်အပါအ၀င်တကသကျောင်းသားများနဲ့နီးစပ်တဲ့ကျောင်းသားမျိုးဆက်ဟောင်းခေါင်းဆောင်များဟာတကသကျောင်းသားများကို၎င်းတို့ရဲ့နောက်လိုက်အင်အားစုများအဖြစ်လက်ရှိဗမာ့နိုင်ငံရေးစင်မြင့်မှာနိုင်ငံရေးဗိုလ်ဝင်ခံပွဲများကိုငွေအားလူအားကောင်းကောင်းနဲ့စီစဉ်ပြုလုပ်ပြီးစင်ပေါ်တင်ပေးခဲ့ကြပေမယ့်တကသများရဲ့ကျောင်းသားသမိုင်းကိုစော်ကားတဲ့လုပ်ဆောင်ချက်များကိုတော့ဝေဖန်လမ်းညွှန်ပေးမှုမရှိပဲရေငုံနှုတ်ပိတ်နေကြတာဟာသာမာန်သွေးရိုးသားရိုးကိစ္စမျိုးမဖြစ်နိုင်ပဲနောက်ကွယ်မှာနက်နဲတဲ့ကိစ္စတစ်ခုခုရှိပုံရတယ်လို့မပြေးသော်လဲကန်ရာကရှိဆိုသလိုကောက်ချက်ဆွဲချင်စရာကောင်းလှပါတယ်။ဒီလိုအဖြစ်အပျက်အချက်အလက်များအပြင်တကသကျောင်းသားများရဲ့ကျောင်းသားထုတစ်ရပ်လုံးရဲ့ဆန္ဒသဘောထားများကိုငြင်းပယ်ခဲ့တဲ့ကိစ္စရပ်များလဲရှိပါသေးတယ်။၁၉၆၀ခုနှစ်ဆဌမအကြိမ်မြောက်ပြည်လုံးကျွတ်ကျောင်းသားညီလာခံကြီးမှာအဲဒီကာလကကျောင်းသားထုတစ်ရပ်လုံးသဘောထားဆန္ဒအရတူညီစွာချမှတ်ခဲ့ကြတဲ့ဗကသများအဖွဲ့ချုပ်ရဲ့အမျိုးသားရေး(သို့မဟုတ်)စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ဒီမိုကရေစီရေး၊ဒီမိုကရေစီပညာရေး၊ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး၊ငြိမ်းချမ်းရေးစတဲ့မူဝါဒ(၅)ချက်ကိုငြင်းပယ်ပြီးတက္ကသိုလ်ကျောင်းသားသမဂ္ဂများကမဟာမိတ်ပုံစံစုပေါင်းခြင်းကွန်ဖက်ဒရေးရှင်း(confederation)ကိုဗကသများအဖွဲ့ချုပ်နဲ့စင်ပြိုင်သမဂ္ဂအဖြစ်တည်ထောင်ဖို့ကြိုးစားကြရာမှာတကသများရဲ့လမ်းလွဲနေတဲ့ပုံစံနဲ့ကျောင်းသားသမဂ္ဂများစင်ပြိုင်တည်ထောင်ခြင်းကြောင့်ကျောင်းသားထုအတွင်းညီညွတ်ရေးပြိုကွဲနိုင်တဲ့အလားအလာရှိမှုအပေါ်မှာလည်းမျိုးဆက်ဟောင်းကျောင်းသားခေါင်းဆောင်များဟာခေါင်းဆောင်ပီသစွာအမုန်းခံဟန့်တားမှုမရှိခဲ့ကြပြန်ပါဘူး။တကသများရဲ့အကြောင်းပြချက်ကတော့ဗကသမူ(၅)ချက်ဟာခေတ်စနစ်နဲ့မလျော်ညီတော့တဲ့အတွက်လက်မခံခြင်းဖြစ်ကြောင်းအကြောင်းပြကြပေမယ့်လက်ရှိဗကသများအဖွဲ့ချုပ်အဖြစ်ဗမူ(၅)ချက်ကိုလက်ခံကျင့်သုံးပြီးစုစည်းထားကြတဲ့တပြည်လုံးကကျောင်းသားသမဂ္ဂ(၂၆)ခရိုင်အပါအ၀င်လူမျိုးစုကျောင်းသားသမဂ္ဂနှစ်ခုကပါတူညီစွာအကောင်အထည်ဖော်ဆောင်ရွက်ဖို့ကြိုးစားနေကြတဲ့သတ္တမအကြိမ်မြောက်ပြည်လုံးကျွတ်ကျောင်းသားညီလာခံကြီးဖြစ်ပေါ်ရေးလုပ်ငန်းစဉ်များမှာလည်းယနေ့အချိန်ထိဘယ်ခရိုင်သမဂ္ဂ၊ဘယ်လူမျိုးစုသမဂ္ဂများနဲ့မှပါဝင်ချိတ်ဆက်ဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ပြည်လုံးကျွတ်ညီလာခံကြီးဖြစ်မြောက်ဖို့အတွက်ကျောင်းသားအဖွဲ့အစည်းများလာရောက်ပူးပေါင်းဆောင်ရွက်ကြဖို့လက်ကမ်းကြိုဆိုကြောင်းဗကသများအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီကရော၊ခရိုင်အသီးသီးကဗကသကျောင်းသားများကပါသတင်းမီဒီယာများမှာအသိပေးကြေငြာပြီးဖြစ်ပါတယ်။အကယ်၍သာတကသများအနေနဲ့ကျောင်းသားထုညီညွှတ်ရေး၊ပညာရေးစနစ်တိုးတက်ရေးအတွက်စိတ်ရင်းစေတနာမှန်ရှိခဲ့မယ်ဆိုရင်မတူတာတွေခဏဘေးဖယ်ပြီးတကသတစ်ခုခြင်းအလိုက်ဖြစ်စေ၊တကသကြီးတစ်ခုလုံးအနေနဲ့ဖြစ်စေဗကသများအဖွဲ့ချုပ်ကခရိုင်များနဲ့လွတ်လပ်စွာလာရောက်ချိတ်ဆက်ဆောင်ရွက်ပြီးညီလာခံကြီးဖြစ်ပေါ်လာမှသာခေတ်စနစ်နဲ့မလျော်ညီတော့သောစည်းမျဉ်းများကိုမတူကွဲပြားတဲ့အမြင်ကိုယ်စီနဲ့အတူစုပေါင်းပြင်ဆင်ချမှတ်နိုင်ဖို့ကြိုးစားကြရမှာဖြစ်ပေမယ့်တကသထဲမှာအချောင်သမားအများစုမင်းမူနေတဲ့အတွက်ရေသာခိုအချောင်သမားတို့ရဲ့ထုံးစံအတိုင်းညီလာခံဖြစ်ထွန်းပေါ်ပေါက်ရေးကိုမကူညီမကြိုးစားပဲပွဲတက်နိုင်ငံရေးမှာသာပျော်မွေ့နေကြပြီးအကယ်၍ဗကသများအဖွဲ့ချုပ်ခရိုင်အသီးသီးကကျောင်းသားများရဲ့ကြိုးစားမှုကြောင့်ကျောင်းသားညီလာခံကြီးဖြစ်မြောက်လာခဲ့ရင်အခန့်သင့်ဝင်ရောက်နေရာယူကြမယ့်သဘောထားရှိပုံရပါတယ်။တကသများဟာကွန်ဖက်ဒရေးရှင်း(confederation)ပုံစံစုပေါင်းထားတယ်လို့ပြောတဲ့အတွက်သက်ဆိုင်ရာတကသအသီးသီးကခေါင်းဆောင်များဟာတကသကြီးတစ်ခုလုံးရဲ့ဦးဆောင်မှုမှာပါဝင်ခေါင်းဆောင်ရမှာဖြစ်ပေမယ့်လက်တွေ့ဖြစ်စဉ်များအရတကသခေါင်းဆောင်ပိုင်းအတွင်းမှာလက်တဆုပ်စာလူတစ်စုကပဲကြီးစိုးမင်းမူနေတာကိုတွေ့ရမှာဖြစ်ပါတယ်။နိုင်ငံရပ်ခြားအစည်းအဝေးသွားရောက်ရာမှာဖြစ်စေ၊တကသများကိုယ်စားပြုကြေငြာချက်ထုတ်ရာမှာဖြစ်စေ၊သတင်းမီဒီယာများမှာပြောဆိုရာမှာဖြစ်စေဒီလက်တဆုပ်စာလူတစ်စုကသာရရှိသမျှအခွင့်အရေးတိုင်းကိုအရင်သိမ်းကြုံးရယူနေကြပြီးတက္ကသိုလ်အသီးသီးကတကသခေါင်းဆောင်များကတော့သတင်းမီဒီယာနဲ့လူထုရှေ့မှာယနေ့အထိလုံးဝမတွေ့ရှိကြရသေးပါဘူး။ဒီကျောင်းသားတွေထဲမှာလည်းတကယ်အရည်အချင်းရှိသူ၊ဦးဆောင်နိုင်သူများရှိနေကြပေမယ့်ဘာကြောင့်ပြည်သူလူထုရဲ့မျက်နှာစာရှေ့ကိုအခုထိရောက်မလာနိုင်ကြသေးတာလဲဆိုတာကတော့တွေးတောစရာပါပဲ။ဒီဖြစ်စဉ်ကိုတကသများမှာရှိကြတဲ့ကျောင်းသားငယ်များဘက်ကရဲရဲရင့်ရင့်ဝေဖန်ကန့်ကွက်ကြဖို့အချိန်တန်ပြီဖြစ်ကြောင်းအကြံပြုလိုပါတယ်။တကသကျောင်းသားအများစုအထင်မှားနေကြသလိုဗကသများအဖွဲ့ချုပ်ဟာဗဟိုစည်းရုံးရေးကော်မတီဆိုတဲ့ဖွဲ့စည်းပုံရှိပေမယ့်လက်တွေ့ကျင့်သုံးရာမှာတော့တကသကျောင်းသားများစွပ်စွဲသလိုဗဟိုဦးစီးချုပ်ကိုင်မှုမရှိပဲဗကသဗဟိုကော်မတီဟာဆိုင်ရာဗကသခရိုင်အသီးသီးကလိုအပ်ချက်တွေဖြစ်တဲ့အလံ၊တံဆိပ်၊ပွဲဖြစ်မြောက်ရေးစီစဉ်ပေးခြင်း၊ခရိုင်အချင်းချင်းချိတ်ဆက်ခြင်းစတဲ့ကိစ္စရပ်တွေမှာဗဟိုစည်းရုံးရေးကော်မတီဟာဥက္ကဌကစပြီးရေးရာတာဝန်ခံများအထိခရိုင်အသီးသီးကကျောင်းသားငယ်များရဲ့ခိုင်းဖတ်များသဖွယ်၊လိုအပ်လာရင်ပြဿနာကိုခေါင်းခံတာဝန်ယူပေးရတဲ့ဓါးထိုးခံမယ့်အငှားဗိုက်များသဖွယ်သာရပ်တည်ပေးနေတာကိုဗကသခရိုင်အသီးသီးကကျောင်းသားများသက်သေရှိပါတယ်။ဗဟိုစည်းရုံးရေးကော်မတီဝင်များနဲ့ခရိုင်အသီးသီးကကျောင်းသားခေါင်းဆောင်များဟာညီရင်းအစ်ကိုရဲဘော်ရဲဘက်ဆက်ဆံရေးသာရှိကြပြီးဘယ်သောအခါကမှအာဏာရှင်ဆန်သည့်ထင်ရာစိုင်းတစ်ချက်လွှတ်အမိန့်ပေးလုပ်ဆောင်ချက်များမရှိခဲ့ပါဘူး။ဒါကိုဗကသများအဖွဲ့ချုပ်ခရိုင်အသီးသီးကကျောင်းသားခေါင်းဆောင်များသိကြပါတယ်။ဗကသများအဖွဲ့ချုပ်မှာဗဟိုစည်းရုံးရေးကော်မတီဝင်များအပြင်ခရိုင်အသီးသီးကဒုတိယမျိုးဆက်ခေါင်းဆောင်(SecondlineLeader)များလဲမွေးဖွားပေါ်ပေါက်နေပြီဖြစ်တယ်ဆိုတာကိုခရိုင်အသီးသီးကကျောင်းသားများကိုဦးဆောင်နေပြီးသတင်းမီဒီယာများနဲ့စာနယ်ဇင်းများမှာကလောင်သွေးနေပြီဖြစ်တဲ့ခရိုင်ကျောင်းသားခေါင်းဆောင်များရဲ့နိုင်ငံရေးဖြစ်စဉ်များမှာပါဝင်မှုကသက်သေခံနေပေမယ့်တကသများထဲမှာတော့လက်တဆုပ်စာအခွင့်အရေးသမားများကကြီးစိုးမင်းမူနေကြတဲ့အတွက်ဒီလိုဒုတိယမျိုးဆက်ခေါင်းဆောင်(SecondlineLeader)များပေါ်ပေါက်မလာကြသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဟာမူဝါဒမခိုင်မာမှုအပြင်အဲဒီခေါင်းဆောင်ငယ်များရဲ့တိုးတက်ရေးခြေလှမ်းတွေကိုရှေ့ကအခွင့်အရေးသမားတစ်စုကပိတ်ဆို့တားဆီးနေလို့သာဖြစ်ပါတယ်။သန်လျင်နည်းပညာတက္ကသိုလ်ကဗကသကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေအားကောင်းလာတဲ့အခါထုံးစံအတိုင်းကျောင်းအာဏာပိုင်များကဗကသကိုဖက်ပြိုင်ဖို့စာသင်ခန်းတွေထဲကသူတို့အလိုကျခိုင်းကောင်းမယ့်(EC)ကျောင်းသားတွေကိုစုစည်းပြီးကျောင်းအာဏာပိုင်တွေဦးဆောင်တဲ့ကျောင်းသားသမဂ္ဂတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။ကိုယ်ပိုင်လွတ်လပ်စွာရပ်တည်တယ်လို့ဒီကျောင်းသားတွေဘယ်လောက်အော်နေပါစေကျောင်းစားသောက်ဆိုင်တန်းမှာပြုလုပ်တဲ့အဲဒီကျောင်းသားသမဂ္ဂရဲ့အစည်းအဝေးမှာအစိုးရရဲ့ကျောင်းသားလှုပ်ရှားမှုစောင့်ကြည့်ရေးမူဝါဒအရစစ်တပ်ကနေပြောင်းလာတဲ့ကျောင်းသားရေးရာမှူးဆိုသူစစ်ဗိုလ်ဟောင်းကြီးတစ်ဦးကအစည်းအဝေးစားပွဲထိပ်မှာမိန့်မိန့်ကြီးနေရာယူနေပါတယ်။ဒီစစ်ဗိုလ်ဟောင်းဟာသန်လျင်နည်းပညာတက္ကသိုလ်ကကျောင်းသားတွေကိုဖိနှိပ်တဲ့နေရာမှာနာမည်ကြီးပါ။ဒီလိုပုဂ္ဂိုလ်မျိုးတွေအစည်းအဝေးမှာပါဝင်တဲ့ကျောင်းသားသမဂ္ဂဆိုတာအားမနာတမ်းဝေဖန်ရရင်ကျောင်းသားတွေကိုနိုင်ငံရေးစိတ်ဝင်စားမှုလမ်းကြောင်းပေါ်ကဆွဲချလို့ကျောင်းတွင်းအပျော်ပွဲများကိုသာဖန်တီးပြီးလမ်းလွှဲမယ့်လက်ကိုင်တုတ်သူသျှိုအဖွဲ့အစည်းသာသာပါ။တနည်းပြောရရင်ကျောင်းသားစွမ်းအားရှင်အဖွဲ့အစည်းပဲဖြစ်ပါတယ်။ဒီလိုကျောင်းသားသမဂ္ဂမျိုးကတကသများအဖွဲ့ထဲဝင်ရောက်ချိတ်ဆက်တာကိုလက်ခံပြီးတကသများအများစုအသုံးပြုနေတဲ့ကျောင်းသားသမဂ္ဂရဲ့ခွပ်ဒေါင်းအလံတော်ကိုပေးသုံးခွင့်ပြုထားတဲ့တကသများအဖွဲ့ရဲ့မူဝါဒဟာကျောင်းသားချင်းသံသယမျက်စိနဲ့စောင့်ကြည့်ရမယ့်အနေအထားထိဆိုးဝါးလာနေပါတယ်။ဒီလိုသမဂ္ဂမျိုးကကျောင်းသားတွေရဲ့အစဉ်အလာကြီးမြတ်တဲ့ခွပ်ဒေါင်းအလံတော်ကိုကိုင်ဆောင်အသုံးပြုနေကြတာမြင်ရတော့ရင်နာလို့မဆုံးပါဘူး။ဗမာ့သမိုင်းမှာဘယ်ကျောင်းသားသမဂ္ဂကမှကျောင်းအာဏာပိုင်ကဦးဆောင်ဖွဲ့ပေးခဲ့တာမရှိပါဘူး။အကယ်၍ရှိခဲ့ရင်လဲလက်ကိုင်ဒုတ်အဖွဲ့သာဖြစ်ခဲ့တယ်ဆိုတာသမိုင်းသက်သေတွေရှိခဲ့ဖူးပါတယ်။ကျောင်းသားသမဂ္ဂဆိုတာကျောင်းသားတွေကပဲဦးဆောင်ဖွဲ့စည်းပြီးဘယ်အဖွဲ့၊ဘယ်အာဏာပိုင်ရဲ့သြဇာလွှမ်းမိုးမှုကိုမှလက်မခံပါဘူး။ဒီလိုသမဂ္ဂမျိုးသာလျှင်ကျောင်းသားထုကိုတကယ်ကိုယ်စားပြုတိုက်ပွဲဝင်ပေးမယ့်သမဂ္ဂမျိုးဖြစ်ပါတယ်။တကသများရဲ့အဖွဲ့ဝင်အင်အားများရင်ပြီးရောအနူလာလာ၊အ၀ဲလာလာ၊သူသျှိုလာလာလက်ခံမယ်ဆိုတဲ့စည်းရုံးရေးမူဝါဒအပေါ်မှာလဲခံပြင်းဒေါသထွက်မိတယ်။နောက်တခါလွန်ခဲ့တဲ့နှစ်ပတ်လောက်ကဒဂုံတက္ကသိုလ်(တကသ)ကဦးဆောင်ပြုလုပ်တဲ့အပတ်စဉ်စာဖတ်ဝိုင်းမှာ‘အောင်ရင်ငြိမ်း’ရဲ့‘ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ’စာအုပ်ကိုဆွေးနွေးကြတယ်လို့သတင်းကြားရတဲ့အခါဗမာ့စာပေလောကမှာဆွေးနွေးစရာစာအုပ်ကောင်းဒီလောက်တောင်ရှားပါးနေပြီလား၊ဒီကျောင်းသားတွေနှယ်လေ့လာဆွေးနွေးစရာအကြောင်းအရာကဏ္ဍအများကြီးရှိရက်နဲ့ဘယ်လိုဦးနှောက်မျိုးနဲ့တွေးပြီးဒီစာအုပ်ကိုအပတ်စဉ်စာဖတ်ဝိုင်းရဲ့ဆွေးနွေးစရာအဖြစ်ရွေးချယ်သတ်မှတ်လိုက်ကြတာလဲလို့ကရုဏာဒေါသထွက်ခဲ့မိတယ်။ဘယ်လိုအကြောင်းအရာကိုဆွေးနွေးဆွေးနွေးသူတို့လွတ်လပ်ခွင့်နဲ့သူတို့ပဲလို့တွေးထင်စရာရှိပါတယ်။ဒါပေမယ့်ဒီလိုတွေးမိခဲ့မယ်ဆိုရင်တစ်ခုသိထားဖို့ကကျောင်းသားသမဂ္ဂဆိုတာကျောင်းသားတွေရဲ့တပ်ဦးဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းသားကျောင်းသူအများစုဟာသမဂ္ဂ၀င်သည်ဖြစ်စေမ၀င်ဘူးဖြစ်စေသမဂ္ဂရဲ့လှုပ်ရှားမှုတွေကိုမိမိတို့ရဲ့စံပြအဖြစ်သတ်မှတ်စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဒါကြောင့်ဒဂုံတက္ကသိုလ်တကသကိုဦးဆောင်သူများရဲ့အခုလိုမထော်မနန်းလုပ်ရပ်တွေဟာကျောင်းသားတွေအတုခိုးမှားအောင်ကျောင်းသားထုရဲ့အတွေးအခေါ်ကိုအဆိပ်ခတ်နေသလိုပါပဲ။ခွပ်ဒေါင်းအလံထောင်ပြီးသမဂ္ဂရုံးခန်းအဖြစ်နားနေဆောင်ကိုဝင်ရောက်သိမ်းပိုက်ခဲ့လို့အထင်ကြီးလေးစားနေတဲ့ကျောင်းသားများရဲ့စိတ်ကိုအောက်ဆုံးထိဆွဲချနေသလိုပါပဲ။ဒါ့အပြင်ဘဏ္ဍာငွေသုံးစွဲမှုအပိုင်းမှာလဲရှင်းလင်းတဲ့မူဝါဒကိုမတွေ့ရပါဘူး။တက္ကသိုလ်သမဂ္ဂအသီးသီးကကျောင်းသားများရဲ့ဘဏ္ဍာငွေများကိုတကသကြီးတစ်ခုလုံးအနေနဲ့ဘယ်လိုသုံးစွဲတယ်၊ဘယ်သူကသုံးစွဲတယ်၊ဘယ်လိုကိစ္စတွေမှာသုံးစွဲတယ်ဆိုတာကတော့သက်ဆိုင်ရာတကသကျောင်းသားကျောင်းသူများကပဲအသိဆုံးဖြစ်လို့မဝေဖန်လိုပေမယ့်အာဏာပိုင်များ၊ခရိုနီများနဲ့ပတ်သက်ပြီးဘဏ္ဍာရေးဆိုင်ရာမူဝါဒခိုင်ခိုင်မာမာချမှတ်ထားခြင်းမရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်ဗကသခရိုင်တွေမှာသင်္ကြန်သံချပ်နဲ့ပတ်သက်ပြီးဘယ်လောက်အကြွေးတင်သလဲလို့မေးနေရချိန်မှာတကသကျောင်းသားများကတော့သင်္ကြန်ကာလအတွင်းစင်းလုံးငှားခရီးသည်တင်လေအိတ်ကားကြီးနဲ့ခမ်းခမ်းနားနားမဏ္ဍပ်များကိုသံချပ်ရွတ်ဖို့လှည့်လည်သွားလာနိုင်ပြီးဧရာဝတီတိုင်းအထိခြေဆန့်နိုင်ခဲ့ကြတာအားလုံးအသိပဲဖြစ်ပါတယ်။ဗကသကျောင်းသားတွေရဲ့ရှင်းလင်းတဲ့အမြင်ကတော့အိမ်ကမိဘများထံကမုန့်ဖိုးလက်ဖြန့်တောင်းရတဲ့ကျောင်းသားတွေရဲ့သမဂ္ဂဟာလက်ဖျားငွေသီးသလိုငွေတွေဒီလောက်သုံးဖြုန်းနိုင်တာဟာအမြင်မတော်ဆင်တော်နဲ့ခလောက်ဆိုသလိုအရင်ခေတ်အဆက်ဆက်ထမင်းငတ်ခံပြီးသမဂ္ဂအကျိုးကိုဆောင်ခဲ့တဲ့သက်ရှိထင်ရှားသမဂ္ဂမျိုးဆက်ဟောင်းနောင်တော်ကြီးများကိုအားနာစရာကောင်းလှပါတယ်။ဒီငွေတွေဟာဘယ်သူ့ဆီကတဆင့်ဘယ်အဖွဲ့ကိုကြားခံပြီးတကသတွေဆီဘယ်လိုစီးဆင်းနေတယ်ဆိုတာမသိလို့မဝေဖန်လိုပေမယ့်ပြည်သူကိုညှင်းပန်းနေတဲ့ခရိုနီများနဲ့ပွဲတကာမှာအကြောင်းအပေါင်းသင့်နေတာတွေလက်တွေ့မြင်နေကြားနေရတော့ကျောင်းသားသမဂ္ဂဆိုတဲ့အမည်သုံးစွဲထားခြင်းအပေါ်ဗကသကျောင်းသားအတော်များများကခံပြင်းဒေါသတော့ဖြစ်မိကြတယ်ဆိုတာဝန်ခံပါတယ်။နိုင်ငံရေးဆိုင်ရာအထိမ်းအမှတ်ပွဲတွေနဲ့အခြားပွဲအသီးသီးများအလွန်အကျွံငွေသုံးစွဲနေကြတာတွေ့ရတော့ကိုယ်တိုင်ရောက်ခဲ့ဖူးတဲ့တိုင်းရင်းသားဒေသတွေကဒုက္ခသည်စခန်းကညစ်ပတ်စုတ်ပေနေတဲ့လွယ်အိတ်လေးတွေကိုယ်စီနဲ့တိုင်းရင်းသားကျောင်းသားလေးများကိုပြန်မြင်ယောင်လာမိပါတယ်။ဒီငွေတွေသာရေများရာမိုးရွာဆိုသလိုမလိုအပ်တဲ့နေရာမှာမဖြုန်းပစ်ပဲလိုအပ်တဲ့နေရာတွေထံစီးဆင်းသွားခဲ့တယ်ဆိုရင်ပြည်သူလူထုအနေနဲ့ရောဗကသကျောင်းသားတွေအနေနဲ့ပါတစ်စုံတစ်ရာရှာကြံနားလည်ပေးနိုင်မှာပါ။ခရိုင်အသီးသီးကဗကသကျောင်းသားတွေရပ်ကွက်တွေထဲကလမ်းပေါ်မှာလမ်းတကာလှည့်ပြီးတိုင်းရင်းသားစစ်ဘေးသင့်ပြည်သူများအတွက်၊ရေဘေးသင့်ပြည်သူများအတွက်ပြည်သူတွေဆီကပဲအလှူငွေလှည့်လည်ကောက်ခံပြီးပြန်လည်လှူဒါန်းတဲ့လုပ်ဆောင်ချက်တွေကိုတက်ကြွစွာလုပ်နေကြပေမယ့်အချောင်သမားဝါဒီကျောင်းသားသမဂ္ဂ၀င်ကျောင်းသားများကတော့နိုင်ငံရေးကကျောင်းသားနဲ့ဘာမှမဆိုင်၊ကျောင်းသားကကျောင်းသားအရေးပဲလုပ်ကြမယ်လို့မျက်စိစုံမှိတ်အော်ဟစ်ပြီးမိဘပြည်သူများရဲ့လူမှုဒုက္ခအ၀၀နဲ့တိုင်းပြည်ရဲ့အနာဂါတ်အရေးကိုလျစ်လျူရှုနေကြတုန်းပါပဲ။ဒီလိုလုပ်ရပ်၊ဒီလိုစိတ်ဓါတ်တွေနဲ့ကျောင်းသားတွေရဲ့ကြီးမြတ်တဲ့ခွပ်ဒေါင်းအလံကိုကိုင်ဖို့မတန်ပါဘူး။ဒီလိုသာရှေ့ဆက်စခန်းသွားနေကြမယ်ဆိုရင်တော့တစ်ချိန်ချိန်မှာပြည်သူကဒါဏ်ခတ်တဲ့သမိုင်းတရားခံများအဖြစ်၎င်းအချောင်သမားဝါဒီကျောင်းသားများရောမြှောက်ထိုးပင့်ကော်နိုင်ငံရေးသမားကျောင်းသားခေါင်းဆောင်ဟောင်းများပါခံကြရပါလိမ့်မယ်။အာဏာရှင်များ၊ခရိုနီများကတော့ရဲရဲတောက်နီစွေးခဲ့တဲ့ကျောင်းသားတွေရဲ့သတ္တိကိုကြောက်ရွံ့တုန်လှုပ်နေကြတဲ့အတွက်ကျောင်းသားများလယ်သိမ်းခံလယ်သမားများအရေးမှာဝင်ရောက်မဦးဆောင်နိုင်အောင်၊နည်းပါးတဲ့လုပ်ခလစာ၊မမျှတတဲ့လုပ်အားနဲ့အဖိနှိပ်ခံနေရတဲ့အလုပ်သမားတွေဘက်က၀င်ရောက်မရပ်တည်နိုင်အောင်ရှိတဲ့ကျောင်းသားအင်အားစုများကိုရာထူး၊အာဏာ၊ငွေ၊အကြောက်တရားများနဲ့ဆွဲဆောင်စည်းရုံးခြောက်လှန့်ကာသွေးခွဲနေကြဦးမှာဖြစ်ပါတယ်။ဒါကြောင့်ယနေ့လက်ရှိသမဂ္ဂ၀င်ကျောင်းသားများအနေနဲ့အာဏာရှင်များခရိုနီများရဲ့လှည့်ကွက်အတွင်းမသက်ဆင်းရအောင်ကျောင်းသားအင်အားစုများထဲကလက်တဆုပ်စာအချောင်သမားများကိုစုပေါင်းတိုက်ထုတ်ကြဖို့အချိန်တန်ပီဖြစ်ပါတယ်။
ဒီအချောင်သမားဝါဒီကျောင်းသားများနဲ့ အတူရိုးသားဖြူစင်တဲ့ကျောင်းသားကျောင်းသူများရောယောင် အဝေဖန်ခံရ၊သမိုင်းတရားခံအဖြစ်သတ်မှတ်ခံရမှာ စိုးတဲ့အတွက်ဒီဆောင်းပါးနဲ့ ရိုးသားတဲ့ကျောင်းသားထုကို အိပ်ပျော်ရာကနှိုးလိုတဲ့အတွက်ကြောင့် ရည်ရွယ်ရေးသားရတာဖြစ်ပါတယ်။ကျောင်းသားအချင်းချင်း ရန်မီးပွားချင်လို့၊နစ်နာစေချင်လို့မဟုတ်ပဲကျောင်းသားထု ညီညွတ်ရေးဆက်လက်ပျက်ပြားနေခဲ့ရင် အာဏာရှင်များ၊ ခရိုနီများအကြိုက်ဖြစ်နေမှာစိုးတဲ့အတွက်ကြောင့် သမိုင်းပေးတာဝန်ကြေပွန်အောင် အမုန်းခံတင်ပြပေးနေတယ်လို့ နားလည်ပေးစေလိုပါတယ်။ မတူညီတဲ့အမြင်နဲ့ဝေဖန်ခံရတဲ့အပေါ်မှာ တကသကျောင်းသားများအနေနဲ့ စိတ်ဆိုးဒေါသမဖြစ်ကြပဲတစ်ချိန်က ဒဂုံတာရာရဲ့‘အောင်ဆန်း သို့မဟုတ် အရိုင်း’ဆိုတဲ့ဆောင်းပါးနဲ့ကျောင်းသားချင်းရေး သားဝေဖန်ခံရစဉ်ကိုအောင်ဆန်းက ‘လှမြိုင်ကတော့ကွာ ငါ့ကိုအရိုင်းတဲ့၊ ငါဒီလောက်လဲမရိုင်းပါဘူး’ဆိုတဲ့ စကားလေးနဲ့ခေါင်းဆောင်ကောင်းပီသစွာ ခွင့်လွှတ်ခဲ့တဲ့ သမဂ္ဂသမိုင်းမှာရှိခဲ့ဖူးတဲ့လှပတဲ့ အဖြစ်အပျက်လေးထဲ ကကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းလိုပဲ ခွင့်လွှတ်နိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးရဲ့အရေးကိစ္စတွေကို လျစ်လျူရှုတဲ့‘ကျောင်းသားဟာကျောင်းသားအရေးပဲလုပ်ရမယ် ၊နိုင်ငံရေးလုပ်စရာမလို ၊ကျောင်းသားနဲ့နိုင်ငံရေးမသက်ဆိုင်’ဆိုတဲ့ အချောင်သမားဝါဒကိုတကသများထဲကစေတနာ မှန်သူကျောင်းသားများက ဦးဆောင်ပြီးပြန်လည်သုံးသပ်ပြုပြင်ကြဖို့စေတနာကောင်းနဲ့ တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ကျောင်းသားများဟာ တိုင်းပြည်ရဲ့အနာဂါတ်အညွန့်အဖူးများဖြစ်တဲ့အတွက် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအပေါ်ကျေပွန်ရမယ့်တာဝန်ဝတ္တရားများရှိပါတယ်။ ကျွန်တော်တို့ကျောင်းသားတွေရဲ့တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်ကျေပွန်ရမယ့် တာဝန်ဝတ္တရားများကိုနောင်အခါမှာ အမျိုးသားခေါင်းဆောင်ကြီးဖြစ်လာမယ့် ဗိုလ်ချုပ်အောင်ဆန်း ဟာကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းဘ၀က ၁၉၃၆ ခုနှစ်ရန်ကုန်မြို့ ဂျူဗလီဟောခန်းမကြီးမှာ ဗမာတစ်နိုင်ငံလုံးကကျောင်းသားများစုဝေးဆွေးနွေးခဲ့ကြပြီး‘ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ’‘ဗကသ’ကို ဖွဲ့စည်းတည်ထောင်လိုက်ကြတဲ့အခါ‘ ဗကသ’ကိုဖွဲ့စည်းတည်ထောင်လိုက်ခြင်းနဲ့ ပတ်သက်ပြီးကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းက ‘ကျောင်းသားဝတ္တရား’ဆိုတဲ့ဆောင်းပါး ကိုရေးသားရာမှာ အခုလိုရှင်းရှင်းလင်းလင်းရေးသားခဲ့ပါတယ်။ ‘…..နောင်ခေတ်ဗမာပြည်ကိုဖန်တီးမည့်ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွတ် မလုပ်တတ်မကိုင်တတ်မဖြစ်ရလေအောင်ကျွန်ုပ်တို့သည် ယခုအခါ ‘ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂအသင်းကြီး’ကို အထင်အရှားတည်ထောင်ထား၏။ ထိုအသင်းကိုဝင်ရောက် အားပေးရန် မှာကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်း၏တာဝန်ဝတ္တရားပေတည်း’(အောင်ဆန်း)။ ကျွန်တော်တို့ယနေ့ခေတ်ကျောင်းသားအားလုံးကိုအောင်ဆန်းပြောတဲ့ကျောင်းသားဝတ္တရားကို ကိုယ်စီကျေပွန်ကြရင်းနိုင်ငံအတွက်အားထားရတဲ့သားကောင်းသမီးမွန်များဖြစ်အောင်ကြိုးစားကြပါစို့။ ။

မင်းသွေးသစ်
ဗကသများအဖွဲ့ချုပ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...