တောင်ရိုးရွာကျောင်းလေးက ဆရာမဘ၀သို့ ပြန်လည်တမ်းတခြင်း (ဒုတိယပိုင်း)
ကျမတာဝန်ကျခဲ့တဲ့
ဆောင်းပွက်ရွာက ကလောမြို့နယ်နဲ့ ပင်လောင်းမြို့နယ် နယ်စပ်မှာရှိတဲ့
ကလောမြို့နယ် နန်းတိုင်း ကျေးရွာ အုပ်စုထဲက ရွာငယ်ကလေး ဖြစ်လို့ရွာမှာ
ဘာဈေးဆိုင်မှ မရှိပါဘူး။ နန်းတိုင်းဈေးနေ့ (ငါးရက်တစ်ဈေး ) ရောက်မှ
ရွာကနေ ခြေကျင်လျှောက်လို့ ဈေးသွားဝယ်ရတာပါ။
အခြောက်အခြမ်း လိုအပ်တာတွေ အကုန်ဝယ်ထား ရပါတယ်။ ရွာမှာရှိတဲ့ အသီးအရွက် တွေကတော့ ၀ယ်စရာ မလိုပါဘူး။ နောက် ကလောက မိဘတွေဆီ စာအကြုံ ပေးမယ်ဆိုရင်လဲ ဈေးနေ့ရောက် မှ ဈေးပတ် လိုက်လာတဲ့ ကလောက ဈေးသည်တွေနဲ့ ပေးလိုက်တာ ပါပဲ။ အဲဒီစာက အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ဖေတို့ မေတို့ဆီ ရောက်သွားပါတယ်။
ကျွန်မတို့ ဈေးပြန်ရင် ရွာသူတွေလိုပဲ ကိုယ့်ပလိုင်း ကိုယ့်ခေါင်းပေါ် လွယ်ပြီး ပြန်လာ ရပါတယ်။ ရွာက လှည်းကြုံ ရှိရင်တော့ လှည်းပေါ် ပလိုင်း တင်ပေး လိုက်ပြီး လူကတော့ လမ်းလျှောက် ပြန်တာပါ။ လှည်းလမ်းကလဲ တောင်ပေါ်လမ်း ဆိုတော့ ကုန်းတက် ဖြစ်ရင်ဖြစ် မဟုတ်ရင် နွားတွေ ဆင်းပြေးလေ့ရှိတဲ့ ကုန်းဆင်းပဲ ဆိုတော့ လှည်းစီးရင် သိပ် အဆင်မပြေ လှပါဘူး။ အသည်း တအေးအေးနဲ့ လက်နှစ်ဖက် မြဲမြဲကိုင်ပြီး စီးရတာပါ။ လှည်းဆောင့်တဲ့ ဒဏ်ကို မခံနိုင်လို့ ကျွန်မတို့ ဘယ်တော့မှ လှည်းမစီးကြ ပါဘူး။ စကား တစ်ပြောပြောနဲ့ စပါးခင်းတွေ၊ အာလူးခင်း ငြုပ်ခင်းတွေ ဘေးက လမ်းလျှောက် ပြန်ကြတာပါပဲ။
နန်းတိုင်းဈေးက အရက်ရောင်းပုံ ကိုလဲ ပြောပြချင်ပါ သေးတယ်။ ရွာက သူတို့ကိုယ်တိုင် ချက်တဲ့ ဆန်အရက်တွေကို လေးထောင့် ပလပ်စတစ်ပုံးတွေထဲ ထည့်လာပြီး ပုလင်းနဲ့ ခြင်တွယ်ပြီး ရောင်းကြတာပါ။ သင်တိုင်း အမဲဝတ် တောင်သူတွေ တန်းစီ ထိုင်နေပြီး ရှေ့မှာ အရက်ပုံးရယ် ဘေးမှာ ပုလင်းလေး ၂ လုံးလောက်ရယ် ထောင်ထားတာပါ။ နောက် အခါးရည် သောက်တဲ့ ခွက်လေး တစ်လုံးလဲ ချထား ပါတယ်။ အရက်ဝယ်မယ့် သူက အရက် ကောင်းမကောင်းကို သောက်( မြည်း) ကြည့်ပြီးမှ ၀ယ်ကြပါတယ်။ ကျွန်မ ပြောင်းလာကာစက ပုလင်းတွေ ထောင်ထားတော့ ရေနံဆီထင်ပြီး သွားဝယ်ခါမှ အရက်မှန်း သိရလို့ တစ်ခြားရွာတွေမှာ တာဝန်ကျတဲ့ သူငယ်ချင်း ဆရာမတွေ ကြားမှာ ဟာသကို ဖြစ်လို့ပါ။
ကျွန်မက မြို့သူအစစ်လို့ ပြောရပါမယ်။ စပါးပင် အဆင့်ဆင့် သီးပွင့်ပုံကိုတောင် ရွာမှာ တာဝန်ကျမှ အနီးကပ် သေသေချာချာ မြင်ဖူးတာပါ။ ကျေးရွာက အလုပ်တွေ ဆိုတာ ကျွန်မအတွက် အကုန် အထူးအဆန်း ချည်းပါပဲ။ အဲဒီတော့ ကျွန်မက သိပ် စိတ်ဝင်စား ပါတယ်။ အဲဒီအချိန်က အခုခေတ်လို TV တွေ ဘာတွေကလဲ မရှိတော့ ညဆို ရေနံဆီမီးခွက်လေးနဲ့ စာဖတ်ချင်ဖတ်၊ ဖတ်စရာစာအုပ် ကုန်သွားရင် ဘာအလုပ်မှ မရှိပါဘူး ။ ဆောင်းညတွေမှာ ရွာသူတွေ သက်ကယ် ပျစ်ရင် ကျွန်မလဲ လိုက်ပျစ် တာပါပဲ။ ဆောင်းတွင်း ဆိုတော့ မီးပုံကြီး တစ်ပုံ အလယ်မှာ ဖိုထားပြီး ပတ်ပတ်လည် ၀ိုင်းထိုင်လို့ သက်ကယ် ပျစ်ကြတာပါ။ သူတို့က သက်ကယ်ပျစ်နည်း သင်ပေးပါတယ်။ သက်ကယ်တွေကို ရေဆွတ်ထားပြီးမှ ပျစ်တာဖြစ်ပေမယ့် ကိုင်တာ အဆင်မပြေရင် လက်ရှပါတယ်။ ကျွန်မပျစ်တဲ့သက်ကယ်ပျစ်ဆို ပြန့်ပြန့်လေးဖြစ်မနေပဲ လှိုင်းတွေထသလို ဖြစ်နေတာပါ။ အဲဒါဆို ရွာသားတွေက ဆရာမ နင့် သက်ကယ်က မိုးမကျအောင် ကာတာ မဟုတ်ပဲ မိုးရေခံတဲ့ သက်ကယ်လို့ ပြောပြီး တ၀ါးဝါးနဲ့ပါ။ ကျွန်မလုပ်ထားတဲ့ အလွဲတွေကို ကျွန်မဘေးမှာ ထိုင်တဲ့သူတစ်ဦးဦးက စိတ်ရှည်လက်ရှည်နဲ့ ပြင်ပေးသင်ပေးပါတယ်။
ဖအို( အဖိုး) တွေ တောင်းတွေ ဖျာတွေ ရက်နေတဲ့ နေရာမှာလဲ ကျွန်မက ၀င်ပြီး သင်ယူ တာပါပဲ။ ကျွန်မ ရက်တဲ့ တောင်းတွေ ဖျာတွေဆို စောင်းရွဲ့လို့ပါ။ဖျာဆို တစ်ယောက်ထိုင်ပဲ ပေးရက် ပါတယ် နှီးကုန်လို့တဲ့ ..... :D ။ ဒါပေမယ့် သုံးလို့တော့ ရပါတယ်။ ကျွန်မက အဲဒီ ကိုယ်တိုင် ရက်ထားတဲ့ အရွဲ့အစောင်း တွေကို မြတ်မြတ်နိုးနိုး သုံးနေတာ တွေ့ရင် သူတို့က သဘောတွေ ကျလို့နေကြတာပါ။ သူတို့ အမြင်မှာသာ ရွဲ့စောင်း နေတာပါ။ ကျွန်မမျက်စိထဲမှာ တော့ သိပ်ကို လက်ရာ မြောက်တဲ့ တောင်းတွေ ဖျာတွေပါပဲ။ နှီးဖြာတာကိုလဲ ၀င်သင်တာ ပါပဲ။ လက်ဆ မှန်ဖို့ သိပ်လို ပါတယ် သင်ခါစကဆို နှီးတွေ ပြတ် ကုန်တာပါ။ နောက်တော့ နှီးကောင်းကောင်းဖြာတတ် သွားပါတယ်။ ရွာသားတွေက ဆရာမက ငါတို့တောသားလိုမျိုး နေတတ်တယ် ဆိုပြီး အံ့သြ သဘောကျကြပါတယ်။ ကျွန်မကလဲ အထူးအဆန်းတွေ လုပ်ရတော့ ပျော်နေတာပါပဲ။
ကျွန်မ လျှာရှည်ပြီး လူတတ်ကြီး လုပ်ပုံကို ပြောပါအုံးမယ်။ ကျွန်မနေတဲ့ အိမ်နားမှာ မြေးအဖွား ၂ ယောက် နေတဲ့အိမ် ရှိပါတယ်။ အဲဒီ မိုးအို( အဖွား)က သားသမီး မရှိတော့ ပါဘူး။ အသက် ၁၇ နှစ်အရွယ် ဖိုးအောင် ဆိုတဲ့ မြေးလေးနဲ့ အတူ နေတာပါ။ ဖိုးအောင်လေးက ကျောမှာ ဘုကြီးနဲ့ ခါးက ကုန်းနေပါတယ်။ ဒါပေမယ် လယ်တွေ ယာတွေ လုပ်ကိုင် စားသောက် တာပါပဲ။ ကျွန်မက ကြုံရင် မိုးအိုနား စကား သွားပြောလေ့ ရှိပါတယ်။ ထန်းလျက်လေး ကြံသကာလေးလဲ ပေးရင်း ပေါ့လေ။
အဲဒိ မိုးအိုက မြေးဒုက္ခိတလေးနဲ့ နေရတော့ နည်းနည်း ကပ်စီးနည်း ပါတယ်။ တစ်ရက်မှာ အလာပ သလာပ စကား ပြောကြရင်း ဖိုးအောင်က အစား တအားကြီးတယ် ဆရာမလို့ မိုးအိုက ပြောတော့ ဘာလို့လဲ လို့ ကျွန်မက မေးတာပေါ့။ ထမင်း တစ်လုပ်စားရင် ဟင်းရည် ၂ ဇွန်း သောက်လို့ပါတဲ့။ ဟင်းရည်ဆိုတာ သူတို့ ကိုယ်တိုင် စိုက်တဲ့ ပဲ ၊ အသီးအရွက်၊ စတာတွေကို ချက်ထားတဲ့ ဟင်းပါ။ အသားငါး မပါပါဘူး။ အဲဒါကို တစ်ခါသောက် ၂ ဇွန်း သောက်တာကို မိုးအိုက မကြိုက်ပါဘူး။ ဖြုန်းတီးတယ်လို့ တွေးတာပါ။ အဲဒီတုန်းကတော့ ကျွန်မက ရီစရာလို့ပဲ ထင်ခဲ့တာပါ။ အခုမှ ပြန်တွေးမိတော့ ဟင်းချိုဟင်းတောင် ချွေတာ သောက်ရတဲ့ သူတို့တွေရဲ့ ဘ၀ကို ပြန်သုံးသပ် မိပြီး စိတ်မကောင်းဖြစ်ရပါတယ်။
ကျွန်မ ရွာမှာ စပြီး တာဝန်ကျတဲ့ နှစ်လောက် မှာပါ။ ကျောင်းပိတ်ရက် ရွာထဲ လျောက်လည်တော့ အဲဒီ ဖိုးအောင်အဖွား မိုးအိုက လက်ထောင်းဆုံနဲ့ စပါးထောင်း နေပါတယ်။ ကျွန်မ က မိုးအို ကျွန်မ ထောင်းကူမယ် ပေါ့ - မိုးအိုကလဲ -နင် မထောင်းတတ်ဘူး ဆရာမတဲ့။ ကျွန်မက ရပါတယ် မိုးအိုကလဲ ကျွန်မ တတ်ပါတယ် ဆိုပြီး ကျည်ပွေ့ယူပြီး အားရ ပါးရ ထောင်းထဲ့ လိုက်တာ တစ်ချက်ပဲ ထောင်းလိုက် ရပါတယ်။ ဆုံထဲက စပါးတွေ တစ်ဝက်လောက် အရပ် ရှစ် မျက်နှာကို ဖွားကနဲ့ လွင့်စင်ထွက် ကုန်တာပါပဲ။ ကျွန်မလဲ ရီရမလို ငိုရမလို မျက်နှာနဲ့ ဘာလုပ်ရမှန်း မသိဖြစ်သွားပါတယ်။ မိုးအိုက အပြစ်တော့ မပြောပါဘူး။ ထွက်ကျကုန်တဲ့ စပါးစေ့တွေကို တစ်စေ့ချင်း လိုက်ကောက်တာပါ။ ကျွန်မမှာလဲ မိုးအိုနဲ့ အတူ စပါးစေ့တွေ တစ်စေ့ချင်း မကုန် မချင်း လိုက်ကောက် လိုက်ရတာ အီဆိမ့် သွားတာပါပဲ။ အိမ်ပြန်ရောက်မှ ကိုယ့်အဖြစ်ကိုယ် တွေးမိတိုင်း အားရပါးရကို ရယ်မိပါတယ်။ စပါး ထောင်းတယ် ဆိုတာကို လွယ်လွယ်လေး ထင်ပြီး ဆရာကြီးသွားလုပ်မိတာ မှတ်သွားတာပါပဲ။
နောက်ကျတော့ ကျွန်မ စပါး ထောင်းတတ် သွားပါတယ်။ အဲဒီ အချိန်တုံးက ကျွန်မတို့ဝန်ထမ်းတွေကို အစိုးရက ၀န်ထမ်းဆန်ဆိုပြီး ဆန်ကိုဈေးချိုချိုနဲ့ ထုတ်ပေး ပါတယ်။ ကျွန်မက ကျွန်မရတဲ့ ၀န်ထမ်းဆန်ကို ပြန်ရောင်းပစ်ပြီး ရွာက တောင်ယာ စပါးကို ရွာသားတွေနားမှာ တောင်းဝယ်ပြီး ကိုယ်တိုင် ထောင်းစားတာပါ။ သူတို့က စပါးကို ကိုယ့်အိမ်စားဖို့ လိုတဲ့ ဆန်အတွက်ပဲ စိုက်တာပါ။ ရောင်းဖို့မစိုက်ပါဘူး။ တောင်စောင်းတွေမှာ စိုက်ရတဲ့ တောင်ယာ ဆိုတော့ စပါးထွက်လဲ နည်းပါတယ်။ လယ်ရှိမှသာ စပါး အထွက် များတာပါ။ ၀မ်းစာ စပါး နည်းနည်းပိုတဲ့ သူဌေးအိမ်တွေကနေ စပါးကို ကျွန်မက တောင်းဝယ်ရတာပါ။ ကျွန်မက ကျန်းမာရေး အမြင်နဲ့ ဆန်ုကို ဖွဲတွေကုန်အောင် သိပ်ဖွပ် မပစ်ပါဘူး။ ဆန်က နီနီ ထွေးထွေးလေးမို့ တကယ် စားလို့ကောင်းပါတယ်။ ဆန်က အရသာရှိတော့ ဟင်း ကောင်းစရာတောင် မလိုပါဘူး။
စပါးထောင်းရင် လက်ထောင်းဆုံတွေ နဲ့ပဲ ထောင်းကြ တာပါ။ ကျွန်မတို့ရွာမှာ ခြေထောက်နဲ့ နင်းပြီးထောင်းရတဲ့ မောင်းမျိုး မရှိပါဘူး။ ကျွန်မ စပါး ထောင်းချင်ရင် ဆုံရှိတဲ့ အိမ်မှာ သွားထောင်း ရတာပါ။ အရင်ဆုံး စပါးကို နေလှန်းပြီး ထောင်းမှ ပိုလွယ် ပါတယ်။ ကျောင်းပိတ်ရက် ကျွန်မ စပါး သွားထောင်းရင် ဆုံပိုင်ရှင် မိုးအိုတွေက ဆုံအောက်မှာ ဖျာကြမ်းကြီး ခင်းပေးတတ် ပါတယ်။ ဖိုးအောင်ရဲ့ အဖွားအိမ်မှာ ကျွန်မ လက်စွမ်းပြထားပုံကို ကြားထားကြပြီးသား ဖြစ်တဲ့အပြင် ကျွန်မကလဲ သိပ်တက် ကြွနေတာ ဆိုတော့ (သူတို့ ထောင်းပေးမယ် ဆိုလဲ ကျွန်မက လက်မခံ ဘူးလေ) ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဖျာခင်း ပေးတာပါ။ ဒါပေမယ့် သိပ်မကြာခင်မှာ ကျွန်မ စပါး ကောင်းကောင်း ထောင်းတတ် သွားပါတယ်။ လက်ဖ၀ါးမှာလဲ အသားမာတွေ တက်လို့ပါ။ ဒါပေမယ့် ကျွန်မကတော့ ကြေနပ် ပျော်ရွှင် လို့ပါပဲ။
မိုးအိုတွေ ဂျပ်ခုတ်ရက်တော့လဲ ကျွန်မ ၀င်ပြီးသင်တာပါပဲ။ စနစ်တကျ စီစဉ်သွယ်တန်းပြီး ထားတဲ့ ချည်တွေကို အစတစ်ဖက်ကို တိုင်မှာချည် နောက်တစ်ဖက်ကို ခါးမှာပတ်၊ ခြေဆင်းပြီး ရက်ရတာပါ၊ ခါးတစ်အားညောင်းပါတယ်။ အဲဒီလိုရက်တဲ့နေရာမှာ လက်ဆ ညီဖို့ အရေးကြီးပါတယ်။ ပိုခက်ခဲတဲ့ ပညာကတော့ ရက်ကန်းစင် အသေးစားလေးလို ဖြစ်အောင် ချည်ခင်တွေကို စနစ်တကျ စီစဉ်သွယ်တန်းတာပါပဲ။ တောင်ရိုးလို ရက်ကန်းရှယ်တယ်လို့ ခေါ်ပါတယ်။ နောက်မှ လွန်းအိမ်လေးထဲမှာ ချည်ခင်လုံးလေးထည့်ပြီး လက်နဲ့ရှယ်ရင်း ရက်ရတာပါ။ ရက်ထားတဲ့ အထည် ကျစ်လစ် ညီညာအောင် လွန်းအိမ်လေးကို တစ်ဖက်ကို တစ်ခါပို့(ရှယ်) ပြီးရင် ပြောင်ချောနေအောင်လုပ်ထားတဲ့ အလျား ၃ ပေ အနံ ၄ လက်မ လောက်ရှိတဲ့ သစ်မာသားအပြားကြီးနဲ့ ရက်ထားတဲ့ ပိတ်သားကိုတစ်ခါ ညှိရတာပါ။
မိုးအိုတို့ကတော့ တီဂျစ်ဈေးကနေ ချည်ခင်တွေဝယ်ပြီး သင်တိုင်း (တောင်ရိုးဝတ်စုံ) ရက်ကြပါတယ် ကျွန်မကတော့ သိုးမွှေးဆွယ်တာ အဟောင်းတွေကို ပြန်ဖြည်ပြီး အဲဒီသိုးမွှေးချည်တွေနဲ့ လွယ်အိတ် ရက်တာပါ။ ကိုယ်လိုချင်တဲ့ လွယ်အိတ် အရွယ်အစားကို လိုက်ပြီး အနံ ၆လက်မ၊ ၈ လက်မလောက် ရှိတဲ့ အစ အရှည်ကြီး အရင်ရက်ပြီးမှ လိုသလို ဖြတ်ပြီး လွယ်အိတ် ပြန်ချုပ်ရတာပါ။ ကျွန်မ ပထမဆုံးရက်တဲ့ လွယ်အိတ်က အပြာရောင်လေးပါ။ လက်ဆ မညီသေးတဲ့ အတွက် အနံက မညီပါဘူး။ ကျယ်လာလိုက် ကျဉ်းသွားလိုက်နဲ့ပါ။ ကျွန်မ မျက်စိထဲမှာတော့ တကယ်လှပါတယ်။ နောက်တစ်လုံးရက်တော့ နည်းနည်း အဆင်ပြေသွားပါပြီ။ အဲဒီလို ဂျပ်ခုတ်ရက်ရတဲ့နေရာမှာ အဓိကလိုအပ်တဲ့ သစ်မာသားအပြားကြီး အပိုတစ်ခုရှိတဲ့ ခေါင်းရင်းအိမ်ကမိုးအိုက ကျမကိုပေးလို့ ကလောကအိမ်အထိ ကျွန်မ ပြန်ယူလာပြီး သေတ္တာထဲမှာ သိမ်းထားဖြစ်ပါတယ်။
ရွာမှာ ကျောင်းဆရာ/မ ဆိုတာ ကျောင်းထိုင် ဘုန်းကြီးပြီးရင် ဆရာကြီးပါပဲ။ ရွာလူကြီးက အစ ရုံးကိုပို့ရမယ့်စာ ရေးချင်ရင် ၊ တိုင်ပင်စရာ ရှိရင်၊ သိချင်တာ မေးချင်တာ ရှိရင် သူတို့ အခက်အခဲတွေ့ လာရင် ဆရာမဆီကိုလာ မေးမြန်း တိုင်ပင် ကြတာလေ။ ကြာလာတော့လဲ ရွာသားတွေနဲ့ ကျွန်မ တစ်သားထည်း ဖြစ်လာ ပါတယ်။ ကျွန်မတို့သားအမိတွေ တောင်ရိုးစကားကို တော်တော်ကို နားလည်လာ ပါပြီ။ ကျွန်မအရင် ဆရာမဆို ရွာနဲ့ အဆင်မပြေလို့ ပြောင်းသွား ရတာတဲ့။ ကျွန်မကတော့ ပြေလည်ပုံက ဆောင်းပွက်ရွာသူ မဖြစ်ရုံတမယ် ပါပဲ။
ကျွန်မမေမေက ကြက်များဟာ နေရာပြောင်းပြီး အိပ်တန်းတက်ခိုင်းလိုက်ရင် အဲဒီ နောက်ရောက်တဲ့ နေရာ သူလောလောဆယ် အိပ်ပြီး မစင်စွန့်ခဲ့တဲ့ နေရာမှာပဲ ပျော်ပြီး ပထမ အိပ်တန်းတက်ခဲ့တဲ့ နေရာကို မေ့သွားတတ်တယ်တဲ့။ ကျွန်မလဲ ဘယ်မှာဖြစ်ဖြစ် ပျော်အောင် နေတတ်လို့ ချေးကျရာ ပျော်တဲ့ ကြက်လိုပဲ လို့ အမြဲ ပြောပါတယ်။
ဆောင်းပွက် ကျေးရွာမှာ ၄ နှစ်ခွဲနီးပါး (၉.၆.၁၉၈၅ မှ ၈.၁၁.၁၉၈၉ ထိ) တာဝန်ထမ်း ပြီးချိန် မှာတော့ အထက နမ့်စန်(တောင်)ကို အထက်တန်းပြအဖြစ် ရာထူးတိုးပြီး ပြောင်းရွှေ့ဖို့ အမိန့်စာ ထွက်လာ ပါတော့တယ်။ ရွာက အဖွားကြီးတွေ ဆိုတာ ကျွန်မလက်ကို ဆွဲကိုင်ပြီး ငိုကြပါတယ်။ ရွာလူကြီးကလဲ ဆရာမ နင်မပြောင်းနဲ့၊ မပြောင်းရအောင် ငါမြို့ပေါ်ရုံးကို လိုက်ပြောပေးမယ်တဲ့။( သူတို့က ဘယ်သူ့ကိုမဆို နင်ငါပဲ သုံးတာလေ)။ အရင် ဆရာမတွေ တုန်းက ဆိုရင် ရွာရောက်လို့ ၂ နှစ်လောက် ကြာပြီဆိုရင် ရွာလူကြီးက ပညာရေးမှုးရုံးကို (ဒီဆရာမ ပြောင်းပေးပါ သူတို့မကြိုက်ဘူးလို့ ) သွားပြောတတ်တဲ့ ရွာမှာ နီလာမြင့်တို့ ပြေလည်ပုံများ တစ်သက်လုံးတောင် မပြောင်းပဲ နေစေချင် ကြတာပါ။ ကျွန်မမှာ ရာထူးတိုးလို့ ပြောင်းရတာ မပြောင်းလို့ မဖြစ်ဘူး ဆိုတာကို မနည်း ပြောရတာပါ။
ကျွန်မလဲ တာဝန်အရသာ ပြောင်းခဲ့ရတာ ဆောင်းပွက်ရွာလေးကို အကြောင်း တိုက်ဆိုင်တိုင်း သတိရနေမိ ပါတယ်။ ရွာမှာ တောသဘာဝ အတိုင်း လွတ်လပ် ပျော်ရွှင်စွာ နေခဲ့ရတဲ့ ဘ၀ကိုလဲ ပြန်တမ်းတ မိပါတယ်။ နွေရာသီ ကျောင်းပိတ်ရက် ကလောကို အလည်ရောက်တဲ့ အချိန်တွေမှာ ရွာကို သွားလည်ဖို့ရာ စိတ်ကူးမိ ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မသွားဖြစ်ပါဘူး။ ကျွန်မတပည့် မောင်ဖိုးမှီ၊ မောင်စောအောင် တို့ မခင်ငယ် တို့တော့ အိမ်ထောင် ရက်သားတွေကျပြီး သားတွေ သမီးတွေနဲ့ ဖြစ်နေ လောက်ပြီလို့လဲ တွေးမိ ပါတယ်။ ကျွန်မကို မြင်ရင်ကော သူတို့ မှတ်မိ ပါ့မလား။ ကျွန်မကတော့ ကလေးလေးတွေ အရွယ်ကနေ လူကြီးတွေ ဖြစ်နေတဲ့ သူတို့တွေကို မမှတ်မိမှာ သေချာပါတယ်။
( အရေးအသားနဲ့ သတ်ပုံမှားတာတွေ ပါလာမှာ သေချာတာမို့ ခွင့်လွှတ်ဖို့ ကြိုတင် တောင်းပန်ပါရစေ…… ကျေးဇူးပါ။)
ပထမပိုင်း ဖတ်ချင်ရင် ဒီနေရာကို နှိပ်လိုက်နော်

0 comments:
Post a Comment