Wednesday, October 3, 2012

စေတနာပြရမယ့်အချိန် ရောက်ပြီ


by Ven Ravika on Monday, October 1, 2012 at 7:30pm 


ဒေါ်အောင်ဆန်းစုကြည်ကတော့ စိတ်မာပုံရတယ်။ သူ့ကို သနားတယ်လို့ ပြောယင် စိတ်ဆိုးမယ်လို့ ထင်တယ်။ သူသာ မကယ်ခဲ့ယင် စစ်အစိုးရလည်း နိုင်ငံတကာစစ်ခုံရုံး ရောက်နေလောက်ပြီ။ အခု သူ ကယ်ခဲ့လို့ အာဆီယံမှာလည်း လူရာဝင်ခဲ့ပြီ။ ကမ္ဘာမှာလည်း လူရာဝင်ခဲ့ပြီ။ ၂၀၀၈ ဥပဒေလည်း တရားဝင်ခဲ့ပြီ။ ၂၀၁၀ ရွေးကောက်ပွဲလည်း တရားဝင်ခဲ့ပြီ။
ပြည်ခိုင်ဖြိုးအစိုးရနဲ့ ဒီမိုကရေစီမကျတယ့် လွှတ်တော်ကိုလည်း ကမ္ဘာက အသိအမှတ်ပြုခဲ့ပြီ။ ရှိသမျှအနှောင့်အယှက်အဟန့်အတားတွေကိုလည်း ဝိုင်းဝန်းဖြေရှင်းပေးခဲ့ပြီ။ ပိတ်ဆို့မှုလည်း မရှိတော့ပြီ။

ဟံသာဝတီမှာ ညီတော်ရင်းဗညားရံမင်း အေးအေးဆေးဆေး အုပ်ချုပ်နိုင်ဖို့ အမတော်ရှင်စောပုက အင်းဝမှာ အဆင်းရဲခံပြီး အနစ်နာခံပေးသလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတသိန်းစိန်ကို မောင်လေးအရင်းတစ်ယောက်လို ချစ်လို့ ပြည်သူတွေရဲ့ အငြိုအငြင်ကို ခံပြီး တရားဝင်အစိုးရဖြစ်အောင် ဖြည့်ဆည်းပေးခဲ့ပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို အမရင်းလို သဘောထားချစ်ခင်တယ်၊ သနားတယ်ဆိုယင် သိန်းစိန်အနေနဲ့ စေတနာပြရမယ့်အချိန် ရောက်ပါပြီ။ စေတနာကောင်းကို ပြပါတော့ သမ္မတကြီး။

ဒီလာမယ့် အောက်တိုဘာလ (၂၂)ရက်နေ့ လွှတ်တော်ပြန်ခေါ်တယ့်အခါမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အဟန့်အတား ဖြစ်စေတယ့် ဥပဒေများကို ပြင်ဆင်ပေးလို့ ကျေးဇူးပြန်ဆပ်ပါ။

ဒီချုပ်အဆိုပြုတယ့် ဥပဒေပြင်ဆင်ချက်များကို အလေးအနက် ထားပြီး လူများစုဖြစ်တယ့် ပြည်ခိုင်ဖြိုးအမတ်များ ထောက်ခံကြအောင်လည်း လှုံ့ဆော်ပေးပါ။

ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်လွန်းလှတယ့် တရားဥပဒေစိုးမိုးရေးကိုလည်း အောက်ခြေများက စိုးမိုးအေးချမ်းကို လေးစားဖို့နဲ့ စိုးမိုးအေးချမ်းက ရက်တိုသင်တန်းများ ဖွင့်လှစ်ပေးက တက်ရောက်သင်ယူပြီး လုပ်ငန်းခွင်မှာ လိုက်နာကျင့်သုံးစေပါ။

ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တယ့် ပြည်တွင်းငြိမ်းချမ်းရေး ရအောင်လည်း  လိုအပ်တယ့်ဥပဒေများကို ပြုပေးပါ။ FCDCC ရေးဆွဲထားတယ့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့  သမ္မတသိန်းစိန်ကိုယ်တိုင် ကမ္မကထပြု ရေးဆွဲထားတယ့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတို့ကို တိုက်ဆိုင်လေ့လာကြမယ့် အဖွဲ့တစ်ခုကို ဖွဲ့စည်းထူထောင်ပါ။ ကချင်စစ်ကို ချက်ချင်း ရပ်ပြီး ညီလာခံတစ်ခုကို ခေါ်ပါ။

၁။ ၂၀၁၅ မတိုင်မီ စစ်မှန်တယ့် ပြည်ထောင်စုတစ်ခုကိုလည်း ထူထောင်နိုင်ပြီး ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို သေနတ်သံတိတ်အောင် လုပ်နိုင်ခဲ့ယင်၊
၂။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်ဖြစ်ဖြစ်၊ ပြည်ခိုင်ဖြိုးပဲဖြစ်ဖြစ် အောင်နိုင်တယ့်ပါတီကို အေးအေးချမ်းချမ်း အာဏာလွှဲနိုင်ခဲ့ယင်၊
၃။  တစ်မတ်သားကိုယ်စားလှယ်များ တပ်ပြန်မယ့်အချိန်ဇယားတစ်ခု၊ ဒါမှမဟုတ် စစ်သားအမတ်ဦးရေ လျှော့ကျအောင် လုပ်နိုင်ခဲ့ယင်၊ ဒါမှမဟုတ် စစ်သားအမတ်များက ဥပဒေပြုရေး၊ အဆုံးအဖြတ်ပေးရေးတွေမှာ မဲမပေးဘဲ ကြားနေအောင် ဆွဲဆောင်နိုင်ခဲ့ယင်

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကျေးဇူးကို ဆပ်ခြင်းလည်း မည်သလို သမ္မတကြီးရဲ့ ကောင်းမြတ်တယ့်စေတနာကို ပြသရာလည်း ရောက်ပါတယ်။

ဒီလိုစေတနာကို ပြလို့၊ ဘယ်ခေါင်းဆောင်မှ မလုပ်နိုင်ခဲ့တယ့် ပြည်တွင်းငြိမ်းချမ်းရေးကို လုပ်နိုင်ခဲ့လို့၊ မြန်မာ့သမိုင်းမှာ စစ်မှန်တယ့်ပြည်ထောင်စုတစ်ခုကို အဦးအစ တည်ထောင်နိုင်ခဲ့လို့ သမ္မတကြီးဟာ ဒီပြည်ထောင်စုကြီး တည်တံ့နေသမျှကာလပတ်လုံး သမိုင်းမော်ကွန်းအတင်ခံရမှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်လိုပဲ မြန်မာ့ခေါင်းဆောင်ဘဝကနေ ကမ္ဘာခေါင်းဆောင်တစ်ဦး ဖြစ်နိုင်ပါတယ်။ စေတနာကောင်းကို ပြခဲ့ယင် နိုဘဲလ်ဆုလည်း ရရှိနိုင်ပါကြောင်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...