တိုက်စားခြင်းအလင်းတစ်တိုင် (၂)
by မိုးကြာညို မိုး on Thursday, October 25, 2012 at 11:20pm
အထမ်းသမတဲကို ကိုယ်ပြန်ပြီး ကိုယ့်ရှိသမျှ အ၀တ်အစားလေးတွေ လွယ်အိတ်လေးထဲထည့်
ခေါင်းအုံးအနွမ်းလေးနဲ့ စောင်ပါးလေးကို ကျွတ်ကျွတ်အိတ်တစ်လုံးထဲ ထည့်ပြီး မဲ့ဆောက်ဈေးကို
အဒေါ်ကြီးနဲ့ တူတူလိုက်ခဲ့ပါတယ်.... ကွေ့တီယိုဆိုင်မှာ အလုပ်လုပ်ဖူးပြီး ရှမ်းစကားလဲ ရနေပြီဆိုတာ့
ဈေးရောင်းဈေးဝယ် ကူညီညာလုပ်ရတာ ကိုယ့်အတွက် မခက်ခဲလှပါဘူး.. ဒါပေမယ့် ဆိုးနေတာက...
ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာဘူးကွယ်.... အဒေါ်ကြီးက ဘုရားတရားကိုင်းရှိုင်းသလောက်
သူ့သမီးနဲ့သားမက်က လောင်းကစားမက်လွန်းတယ်... ညဆို မိန်းမရောယောက်ျားရော ဖဲဝိုင်းက
ည ၁-၂ နာရီရှိတယ်..
ပြောထားကတည်းက ၀ိုင်းလုပ်ဝိုင်းစားဆိုတော့ ကိုယ့်မှာ သူတို့အိပ်တဲ့အထိ
ဖဲဝိုင်းအတွက် အစားအသောက်တွေလုပ်ပေးရ.. တခါတလေများ ညသန်းခေါင်ကြီး ဘာစားချင်တယ်
ညာစားချင်တယ်ဆို ချက်ပြုတ်ပေးရနဲ့ သူတို့အိပ်ပြီးမှ အိုးတွေခွက်တွေဆေးကြောပြီး အိပ်ရတယ်..
မနက်ဆိုလဲ ကိုယ်က၅-၆နာရီလောက် ထပြီး ထမင်းကြော်လုပ်ပေး ပြီးတာနဲ့ ဈေးကိုပြေးပြီး
ဆိုင်ခင်းတာလဲ ကိုယ်ပဲ... ဘုရားစင်ရှိပေမယ့် ဘုရားပန်းအညိုးညိုး ဆွမ်းတော် အသိုးသိုးနဲ့
ကိုယ့်မှာ ဘုရားစင်ဘက်ကို ခြေဦးမလှည့်နိုင်တဲ့အထိ... တကယ်တော့ ဈေးရောင်းကူရတယ်သာဆိုတယ်
ကုန်ဒိုင်တွေဆီသွားလဲကိုယ်.. အိမ်ဖော်လဲကိုယ်.. အ၀တ်လျှော်လဲကိုယ်.. သန့်ရှင်းရေးလဲကိုယ်...
ကြာတော့လူကမခံနိုင်တော့ဘူး... တစ်နေ့မှ ၃-၄နာရီပဲအိပ်ရ.. တနေကုန်တနေခမ်းဈေးရောင်းရ
ပြန်လာတာနဲ့ ချက်ပြုတ်လျှော်ဖွပ်ရနဲ့... ကိုယ်ရောစိတ်ရောဆင်းရဲလာရတယ်...
အဲဒီအချိန် တစ်နှစ်လောက်အတွင်း ကိုယ့်မှာအပေါင်းအသင်းစုံလာခဲ့တယ်... မျက်စိကမြင်တတ်လာတယ်
ဟုတ်တယ်ညို... ကိုယ့်အနီးအပါးက ခေတ်ပေါ်ဒီဇိုင်းဝတ်တတ်စားတတ် ဆိုင်ကယ်လေးတ၀ီဝီနဲ့
မိန်းမတွေကို ကိုယ်အားကျလာတတ်ပြီ... ကိုယ်ပင်ပင်ပန်းပန်း အိပ်ရေးပျက်ခံ ခါးချိအောင် လုပ်မှ
တစ်လ ၂၅၀၀... တချို့မိန်းကလေးတွေဆို ကိုယ်တစ်လရှာတာ သူတို့ ၃ ညစာပဲရှိတယ်ဆိုပြီး
ရယ်ပွဲဖွဲ့ရလောက်အောင်ဖြစ်လာခဲ့တယ်... ဒီကြားထဲ ၁၀ တန်းတက်တော့မယ် ညီမအကြီးက
သူပါအလုပ်လုပ်ချင်တယ်ဆိုပြီး ကိုယ့်ဆီကို မကြာခဏလူကြုံနဲ့မှာတတ်လာတော့ ဖုန်းဆက်မိတော့တယ်လေ
ဘာလို့များလဲ ညီမရယ်... ညည်းပညာသာစုံအောင်သင်ပါ.. ငါရှာဖွေလို့ရသမျှ ညည်းတို့အတွက်ပဲ
ငွေကြေးကိုစိတ်မပူပါနဲ့... ၁၀တန်းလေးတော့အောင်, အောင်ဖြေပါဆိုတော့... ညီမငယ်က ဟီးချလို့ ငိုတယ်..
ညီမကြီးက တသိမ့်သိမ့်ရှိုက်တယ်.... ဘာများလဲပြောစမ်း... ငါအစ်မအကြီး အိမ်မှာဘာဖြစ်ဖြစ်
ငါသိကိုသိရမယ်ဆိုပြီး အတင်းအကြပ်မေးကာမှ... အမေတောဆင်းရင်း ပိုးထိလို့ဆုံးပြီတဲ့...
ကိုယ်ချက်ချင်းအလုပ်ထွက်ပြီးလိုက်သွားခဲ့တယ်... အမေ့မြေပုံကတော့ ခြောက်လို့တောင်နေပါပြီ..
အစ်မကြီးတော့အမိရာ.. ညည်းတို့ကို ရင်အုပ်မကွာစောင့်ရှောက်ဖို့မဖြစ်နိုင်ပေမယ့် လိုသမျှကို ငါပံ့ပိုးမဟဲ့
လို့မောင်းတင်ပြီး နယ်စပ်ကိုပြန်အခြေချ... ငွေများများရအောင် ကိုယ်အတင့်ရဲခဲ့တယ်...
ညိုသိလား?? ငွေဆိုတာရှာတတ်ရင် အရမ်းလွယ်တယ်.... ညီမတို့၂ယောက် ကျောင်းဖွင့်ချိန်အမှီ
ကိုယ့်အပျိုဘ၀ကို ဈေးကွက်တင်ပစ်လိုက်တာ... တစ်ညတည်းနဲ့ ဘတ် ၆၀၀၀... ဟိုလူ့ပေးရ
ဒီအတွက်ဖြတ်ရနဲ့ ညီမတို့ရေ ကျောင်းအပ်ကြစမ်းပါ...ပညာသင်ကြစမ်းပါ.... ရော့.. ဒီမှာ ဘတ် ၅၀၀၀
မဲ့ဆောက်က ထိုင်းသူဌေး မြန်မာသူဌေးတွေအတွက် အသစ်စက်စက် ညနတ်သမီးလေး ဇွန်ပွင့်
ပထမ ၄-၅-၆ လလောက် ငွေနံ့တောင်မခံချင်လောက်အောင် ရေလျှံတယ်... ရွှေဆိုရွှေ ငွေဆိုငွေ..
ဇွန်ပွင့်လိုချင်သမျှ မတောင့်တပဲပြည့်ရတဲ့ဘ၀... နတ်ပြည်လား ငရဲလား ဘယ်သူသိမှာလဲ? Who care?
အချိန်တွေကုန်လာတာနဲ့အမျှ ကိုယ့်နောက်မှပေါက်တဲ့ရွှေကြာတွေကို နေရာပေးရပြီလေ..
ဒါပေမယ့် ညီမလေးတို့ရေ စိတ်မပျက်နဲ့ ဒီနှစ်တစ်ဝက်မှာ ငါစုဆောင်းခဲ့တာ အကြီးမတက္ကသိုလ်အတွက်ဟေ့
အငယ်မ ၁၀ တန်းတက်ရင်မျက်နှာမငယ်ဖို့ ကဲ နိုက်ကလပ်အ၀မှာထိုင်.. ဈေးသည်ဘ၀က တပ်မက်ဖူးတဲ့
ခေတ်အမှီဆုံး အ၀တ်အစားတွေဝတ် အလန်းဆုံးပြင်ဆင်ပြီး ပုံသေလခ တစ်လကို တစ်သောင်းခွဲ
ကြည့်စမ်း... ဈေးသည်လိုလို ကျွန်လိုလိုဘ၀မှာ ၆ လရှာမှရမယ့်ငွေက အခု တစ်လစာ လခတဲ့
ဒီကြားထဲဘီယာများများရောင်းနိုင်ရင် ကော်မရှင်က ကိုယ့်မိတ်ကပ်ဖိုး၊အ၀တ်အစားဖိုး၊ ဆေးလိပ်ဖိုး..
အဆင်ပြေလို့ တစ်ညတစ်လေ အော်ဒါလိုက်ဖြစ်ရင် တစ်ညအတွက် ၁၀၀၀မျိုး ၁၅၀၀မျိုး...
အဲဒါက ညီမလေးတို့တတွေအတွက် ကျူရှင်လခ၊ အချိန်ပိုကြေး အားမငယ်ကြနဲ့ ညီမတို့ရေ
အဲ့ဒီလောကထဲမှာတော့ ဇွန်ပွင့်ဆိုတဲ့နာမည်အရင်းလဲပျောက်ခဲ့တယ်... တခါတလေ ပွင့်ဝေပေါ့
တခါတလေပွင့်ကြွေပေါ့.. သစ္စာဆိုတဲ့နာမည်လဲမှည့်ဖူးရဲ့... အကြင်နာဆိုတဲ့နာမည်လဲပေးဖူးရဲ့လေ
လှလိုက်တာဆိုတဲ့ မှတ်ချက်တွေလျော့နည်းမသွားဖို့ ပြင်ရဆင်ရ... တီတာချွဲနွဲ့ရ... ဘီယာလေးလဲ
တူတူလိုက်သောက်တတ်ကာမှ... ဆေးလိပ်လေးလဲ လက်ကြားညှပ်တတ်ကာမှ....
အဲဒီနေ့က ညီမလေးတွေ အလည်လာလို့ ပျော်ပျော်ရွှင်ရွှင်ချက်ပြုတ်စားသောက်ဖို့ ၃ယောက်သား
ဈေးဝယ်ထွက်တဲ့အချိန်ပေါ့...အမေဆုံးတုန်းက ကိုယ်တစ်ခေါက်ပြန်တာကလွဲလို့တို့တွေမတွေ့ရတာ
၃နှစ်လောက်ရှိပြီ.. ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာပျက်စီးမှု ရုပ်ပိုင်းဆိုင်ရာလော်မာမှုတွေကိုညီမလေးတို့တွေ
မမြင်စေ့ချင်လို့ အဝေးကပဲ ပိုက်ဆံပို့ခဲ့တယ်... စောင့်ရှောက်ခဲ့တယ်... ကိုယ့်မှာက တစ်နေ့ဆိုလဲ တစ်နေ့
ဝင်ငွေထိခိုက်မှာစိုးရိမ်ရတယ်...အခုတစ်ခေါက်ကတော့ သူတို့လည်း လာလည်ချင်တယ် ဆိုတော့
ကိုယ်လိုက်လျောမိတာပါ…ပြီးတော့လေ ညီမအကြီးလေးက ဘားအံကောလိပ်မှာ ပထမနှစ်တက်နေပြီလေ
တကယ့်ကို နုနယ်ပြီးတက်ကြွလွန်းတဲ့ ညီမလေး ၂ ယောက်က နှင်းပန်းပွင့်လေးတွေလိုပဲ...
သူတို့ကို ကျောင်းမှာရော၊ အ၀တ်အစား၊ အနေအထိုင်ကအစ မျက်နှာမငယ်ရအောင် ကိုယ်ထားချင်တယ်
ဒါကြောင့် ငွေရမယ်ဆို ကိုယ်ဘာမှမမြင်တော့ဘူး.. အသိဥာဏ်တွေကင်းမဲ့သလောက်ကိုဖြစ်ခဲ့တာ....
အဲ့မတိုင်ခင် တစ်လလောက်က ကိုယ့်အသက် ၂၂နှစ်ပြည့်မွေးနေ့မှာ ဖုန်းအကောင်းစားတစ်လုံးနဲ့
ပလက်တီနမ်ဆွဲကြိုးတစ်ကုံးဟာ ကိုယ့်ကို အနောက်တိုင်းသားအန်ကယ်လ်ကြီးနဲ့ပါတ်သတ်စေခဲ့တယ်....
သဘောကောင်းပြီး ၀င်ငွေသိပ်ကောင်းတဲ့ အန်ကယ်လ်ကြီးက ကိုယ့်ကို အစစအရာရာပြီးပြည့်စုံတဲ့အထိ
ကြင်နာခဲ့တယ်ဆို ညိုယုံမလား??
အဲလို ငွေမှငွေဖြစ်ပြီး အန်ကယ်လ်ကြီးဆီက ရသလောက် သဲ့ယူနေတဲ့ကိုယ့်ကို ရိုက်ပုတ်နှိုးလိုက်တာကတော့
မမတစ်ယောက်..... အန်ကယ်လ်ကြီးရဲ့ တရားဝင်မယားလို့ပြောရင် ပိုတိကျမှာပေါ့...
ရိုက်ပုတ်နှိုးတယ်ဆိုတာ စကားအဖြစ်ပြောတာမဟုတ်ဘူးနော်... တကယ်ကြီးကို ရိုက်ပုတ်နှိုးခံရတာ
ကိုယ့်ညီမတွေရှေ့မှာ မဲဆောက်ဈေးလည်ခေါင်မှာ ဖာက ဖာနေရာမနေတဲ့ လင်ခိုးမ လို့စွပ်စွဲပြီး ကိုကိုတွေ
မောင်မောင်တွေ တစွဲလန်းလန်း နမ်းရှိုက်ခဲ့တဲ့ ဟော့သည်ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပြီး အနှိုးခံခဲ့ရတာ...
အဲဒီအချိန် ကိုယ့်အတွေးထဲမှာလေ ကွေ့တယိုဆိုင်ရှင်ယောက်ျားရဲ့ အလိုကိုလိုက်ခဲ့တဲ့ စားပွဲထိုးမလေးတွေကို
ကိုယ်ရွံ့ခဲ့တာထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးရွံရှာမိတယ်... ဘုရားမှန်မှန်ရှိခိုးချင်ပါတယ် ဇွန်ပွင့်ဆိုတဲ့
ကိုယ့်ဘ၀ဟောင်းကို ပြန်မကြည့်ရဲအောင် မျက်နှာပူမိတယ်... အဆိုးဆုံးက ညီမလေးနှစ်ယောက်...
ပါးနပ်ပြီး အခြေအနေကို သဘောပေါက်လိုက်တဲ့ ညီမကြီးက အံ့သြတကြီးဖြစ်နေတဲ့ ညီမငယ်ကိုလက်ဆွဲပြီး
ကိုယ့်ကို တစ်ချက်မှလှည့်မကြည့်ဘဲ စွန့်ခွါသွားခဲ့တာ အခုထိပဲ ညို...
ကိုယ်ပို့သမျှပိုက်ဆံကိုလဲ ပြန်ပို့ခဲ့တယ်.. ငါတို့အစ်မလို့ နင့်ကိုယ်နင်မိတ်မဆက်ပေးမိစေနဲ့ဆိုတဲ့
စာတစ်စောင်က ကိုယ့်နှလုံးသားကို အစိတ်စိတ်ချေမွှပစ်လိုက်တယ်....ကိုယ့်ဘ၀ကိုလဲ အစွန်ဆုံးတစ်နေရာထိ
တွန်းပို့ပစ်ခဲ့တယ်... မျက်စတစ်ချက်ချီရင် ရလာတတ်တဲ့ငွေကို ကိုယ်သိပ်မမက်မောတော့ဘူး...
ဘီယာကနေ အဆင့်တွေတက်တယ်.. လက်ကြားမှာ မပြတ်တမ်းရှိနေတာ မာဘိုရိုစီးကရက်... ကိုယ့်နားမှာ
အလွယ်တကူရသမျှ မူးယစ်ဆေးတွေအကုန် ကိုယ်သုံးခဲ့တယ်.. ကိုယ့်ကို တည်းခိုခန်းလိုက်ပို့ပေးပြီး
ကိုယ့်ဆီက မုန့်ဖိုးပြန်တောင်းသုံးတတ်တဲ့ ရည်းစားငယ်ငယ်လေးတွေ ထည်လဲ ထားတတ်နေပြီ.....
အရင်က ရဲဆိုရင် ငွေနဲ့ရှင်းတတ်ပေမယ့်.. အခုတော့ နှစ်ဦးသဘောတူ ဆန္ဒတွေနဲ့ပဲရှင်းပစ်လိုက်တယ်..
ပိုက်ဆံဆိုတာ ညီမလေးတွေအတွက် ရှာဖွေခဲ့တာလေ.. အခု ဒါက ကိုယ့်အတွက် ဘာမှမဟုတ်တော့ဘူး
ညီမလေးတွေမှ မယူချင်တော့တာ... ကိုယ့်ပိုက်ဆံ၊ ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်စာရိတ္တ နဲ့ ကိုယ့်သိက္ခာ
ယူချင်တဲ့သူယူစမ်းပါ.... ဒီရေနဲ့ ဒီလှိုင်းထဲမှာ ကိုယ်တစ်ယောက်ပျောက်ကွယ်သွားခဲ့ရင် အကောင်းဆုံး...
ဒီဘ၀ကိုကိုယ်ပျော်နေလားလို့ဖြေရင် လုံးဝ No ပါပဲ... ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်စက်ဆုပ်ရွံရှာနေလဲ?
မျောချင်ရာမျော လွင့်ချင်ရာလွင့်နေတဲ့ ကိုယ့်ရှေ့ကို ကျောင်းစိမ်းမပီပြင်တော့တဲ့ ကလေးလေးတစ်ယောက်
တိတိကျကျပြောရရင် ကိုယ်တို့စတည်းချရာနေရာရှေ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်က အမေနဲ့အဖေအတွက်
ထမင်းချိုင့်လာပို့တဲ့ သားငယ်လေးတစ်ယောက်... တကယ်တော့ အဲဒီနေ့က ကိုယ့်ဘ၀အတွက် အချိုးအကွေ့
အကြီးကြီးတစ်ခုဖြစ်လာမယ်ဆိုတာကို မသိခဲ့ပါဘူး.. သူလေးကို ကိုယ်ခေါ်ပြီး မုန့်ဖိုးပေးရင်း စကားပြောကြည့်တော့
ရွေ့ပြောင်းလုပ်သားကျောင်းမှာ သင်ပေးမယ့်ဆရာမရှိလို့ ကျောင်းပိတ်ထားတဲ့အချိန် မိဘတွေကို ကူညီနေတယ်
ဆိုတဲ့အကြောင်း ဟားးးးးးးးးးးး ကိုယ့်မှာပိုက်ဆံတွေပိုနေတယ်ကွယ်...ကောင်းမှုလေးတစ်ခုလောက် လုပ်ဖြစ်ရင်
ဇွန်ပွင့်ဆိုတဲ့ဖြူဖြူစင်စင်နာမည်လေးအတွက် တစ်ခုခုများ ကယ်ဆယ်ရာကျနေမလား?? ကျောင်းကိုလိုက်သွားတော့
တစပြင်ထက်ခြောက်ကပ်နေတယ်... အနီးအပါးကိုမေးကြည့်တော့ ပိုက်ဆံပေးပြီးခေါ်ရင်တောင် စာသင်နိုင်မယ့်
ဆရာမရှိပါဘူးတဲ့... လက်တွေ့မှာလဲ ပိုက်ဆံပေးရလောက်အောင် မပြည့်စုံကြပါဘူးတဲ့... မဲ့ဆောက်မြို့ပေါ်က
အဖွဲ့အစည်းတွေမှာ ကိုယ်အကူအညီလိုက်တောင်းပေမယ့် အဆင်မပြေခဲ့ပြန်ဘူး... ဝေးလွန်းသတဲ့...
စိတ်မ၀င်စားဘူးတဲ့... အထက်ကိုတင်ပြရဦးမတဲ့... အကြောင်းပြချက်ကလဲ စုံလိုက်တာ..
ကိုယ့်ညီမလေးတွေသာဆိုရင် မူလတန်းလောက်ကတော့ အေးအေးဆေးဆေးသင်ပေးနိုင်မှာ...
ဒီလိုစဉ်းစားတော့ ကိုယ်လဲ အလယ်တန်းအောင်ခဲ့ဖူးတာပဲလေ... အတိုချုပ်ပြောရရင် ဒီကျောင်းလေးဖြစ်လာဖို့
ကိုယ်နေ့ရောညပါ လုံးပန်းခဲ့တယ်.... ကိုယ့်မျက်နှာနဲ့ ကိုယ့်ဘ၀ကို ဒီမြို့ပေါ်မှာ သိနေကြတော့
ကူရာမဲ့စွာနဲ့ပဲ ကျောင်းလေးအတွက် ရုန်းကန်ခဲ့ရတယ်.. ငွေတွေပုံပေးပေမယ့်လဲ ကိုယ့်လိုအပျက်မတစ်ယောက်
အတွက် အလုပ်လုပ်ပေးချင်တဲ့သူ သိပ်ရှားပါတယ်... နောက်ဆုံးတော့ အမျိုးသမီးစောင့်ရှောက်ကာကွယ်ရေး
အဖွဲ့တစ်ခုက အစ်မကြီးတစ်ယောက်က ကိုယ့်ကို စာနာသနားခဲ့တယ်.. ကျောင်းလေးတစ်ကျောင်း ဖြစ်မြောက်
စေချင်တဲ့ ကိုယ့်ကို အများကြီးကူညီခဲ့တယ်... ကိုယ့်အတွက် ဘယ်သူမှ အလုပ်မလုပ်ပေးချင်တဲ့အတွက်
ကိုယ်တိုင်ဆရာဖြစ်သင်တန်းတက်ခွင့်ရအောင် သူကူညီခဲ့တယ်... ဒါပေမယ့် အခက်ခဲဆုံးအပိုင်းကျန်သေးတယ်...
ကလေးတွေရဲ့ မိဘတွေထဲမှာ ကိုယ့်ကိုသိနေတဲ့လူတွေပါတဲ့အတွက် သူတို့ကလေးတွေကို ကိုယ်စာသင်ပေးမယ်
ဆိုတာ ဘယ်လိုမှလက်မခံနိုင်ကြဘူး... ဟုတ်တော့လဲ ဟုတ်ပါတယ်လေ.. ကိုယ့်လိုလူတစ်ယောက်ရဲ့
စာရိတ္တနဲ့အရည်အချင်းကို လက်သင့်မခံနိုင်တာ သူတို့အပြစ်မှမဟုတ်တာ... ဒါပေမယ့် ကျေးဇူးရှင်အစ်မကြီးက
သူပါကူညီပြီး စည်းရုံးရေးဆင်းပေးတယ်.... အို.. ကိုယ့်အတွက်ကို သူအာမခံပေးခဲ့တဲ့အထိ
ကိုယ့်အပေါ်ကောင်းခဲ့တယ် ကျောင်းလေးအတွက်လိုအပ်တဲ့ ပစ္စည်းပစ္စယ၀ယ်တာခြမ်းတာတွေ ကိုယ့်ပိုက်ဆံနဲ့
ဆိုပေမယ့်လည်း ဈေးအချိုသာဆုံးဖြစ်အောင်..စာအုပ်စာတမ်းစုံလင်အောင် သူပဲ အစအဆုံးကူညီခဲ့တယ်လေ
ကျောင်းဖွင့်စမှာ ကလေး ၁၂ ယောက်ပဲရှိတယ်.. မိဘတွေမထိန်းနိုင်လွန်းလို့ လာပို့ထားတဲ့သဘောပဲရှိတာ
ကိုယ့်ကိုယ်သူတို့မယုံကြည်နိုင်သေးဘူးလေ... တစ်နှစ်ပြီးတစ်နှစ် ကိုယ်ပင်ပန်းကြီးစွာ ကြိုးစားခဲ့ရတယ်ကွာ..
အဆိုးဆုံးက အရင်လိုကိုယ့်မှာ ၀င်ငွေမရှိတော့ဘူး.. ဒီကျောင်းလေးအတွက် စ,လုပ်ပြီဆိုကတည်းက
လမ်းပေါ်ကဘ၀ကို လမ်းပေါ်မှာပဲ ကိုယ်ထားပစ်ခဲ့လိုက်တော့တယ်... ဒါပေမယ့် လမ်းပေါ်ကလူတချို့ကတော့
ကိုယ့်ဘ၀ကို လိုက်အရောင်ဆိုးချင်နေတာ တစ်နှစ်လောက်ထိ အပြင်းအထန်ရုန်းကန်ခဲ့ရတယ်..
ငွေလိုတဲ့အချိန်ဆို ပိုဆိုးတာပေါ့... ငွေကို အရင်လိုလွယ်လွယ်နဲ့ ရှာချင်စိတ်ကို တော်လှန်ခဲ့ရတယ်...
အခုတော့ ကိုယ်ကြိုးစားခဲ့တာ မျှော်လင့်ချက်သေးသေးလေးမြင်လာရပါပြီ... စာလာသင်တဲ့ ကလေးလဲ ၃၀ ကျော်
ရှိလာပြီ... ဒီရွာထဲမှာလဲ ကိုယ့်ကို ဆရာမလေးတစ်ယောက်အဖြစ် တရင်းတနှီးဆက်ဆံလာကြပြီ....
ဘုရားနဲ့တရားနဲ့ နေနိုင်လာပြီး ဥပုသ်နေ့ဘုန်းတော်ကြီးကျောင်းသွားတဲ့အခါ ကိုယ့်ဆွမ်းချိုင့်ကို လဲဖယ်
ဆေးကြောပေးတဲ့ ကလေးမိဘတွေရှိလာပြီ... တချို့လူကြီးပိုင်းတွေတောင် ကိုယ့်ကို မျက်နှာမလွဲတော့ဘူး
ထွီ.... ထွမ် မလုပ်ကြတော့ဘူး... အခုကိုယ့်ရဲ့နေထိုင်မှုပုံစံကို ညီမလေးတွေမြင်စေချင်လိုက်တာ..
............
ကိုယ့်လက်ကို သူလာဆုပ်ကိုင်ပြီး တစ်ရှူးတစ်ခုကမ်းပေးမှ ကိုယ်ငိုနေမိတာပါလား
....
စကားတွေအများကြီးနဲ့ ကျွန်မဘ၀ဖြစ်စဉ်အကုန်လုံး
ပြောပြီးနောက်မှာ အလွန်မောသွားပါသည်။
ညိုဆိုတဲ့ သူကတော့ ကျွန်မပြောသမျှ ရေးမှတ်လိုက်
ခေါင်းငြိမ့်လိုက်လုပ်ရင်း မျက်ရည်ဝဲနေတာမြင်လိုက်ရသည်။
ကျွန်မနဲ့ထပ်တူခံစားပေးမယ့်သူတစ်ယောက် ရှိနေပါသေးလားဆိုတဲ့
အသိက ရင်ထဲထိခိုက်စေပါသည်။
အချိန်ကိုတစ်ချက်ကြည့်ပြီး ကျွန်မကို အဓိပ္ပါယ်ဖော်ရခက်စွာပြုံးပြရင်း
ကျေးဇူးတင်စကားပြောသည်။ အားမငယ်ဖို့လည်းပြောသေးသည်။
ထို့နောက် သူ့ရဲ့ လိပ်စာကဒ်ပြားလေးထုတ်ပေးပြီး အကူအညီလိုရင်
အချိန်မရွေးဆက်သွယ်ဖို့ပြောကာ နှုတ်ဆက်ရန်ပြင်ဆင်တော့
ကျွန်မတစ်ခုခုပြောချင်နေမိသည်။
ကျေးဇူးတင်စကားပြန်ပြောရမှာလား?
နှုတ်ဆက်စကားပြန်ပြောရမှာလား ကျွန်မသေချာမဝေခွဲနိုင်ခင်
နှုတ်မှ အလိုအလျောက်ထွက်ကျသွားတာက
“ကိုယ်နဲ့တူတူလိုက်ငိုပေးလို့ အရမ်းကျေးဇူးတင်တယ် ညို”
.............
ချစ်ခြင်းများစွာဖြင့်
မိုးကြာညို
0 comments:
Post a Comment