သူ
သူ့ကိုယ်သူ သတိထားမိလိုက် သောအချိန်တွင် သူသည် အရေးပါ အရာရောက်သူ တဦး
ဖြစ်မှန်းမသိ ဖြစ်နေသည်ကို အံ့သြဖွယ်ရာ တွေ့ ရှိရလေသည်။ သူ ယခင်
အခါပေါင်းများစွာ ရောက်ခဲ့စဉ်က ကျီး ကြည့်ကြောင်ကြည့် နေခဲ့ရသော
မင်္ဂလာဒုံလေဆိပ်သည် ယခုတော့ လည်း သူ့အတွက် တံခါးမရှိ ဓားမရှိ ဖြစ်နေသည်ကို
သူ တွေ့ရသည်။ သူ့ ရင်ဘတ် တွင် တပ်ဆင်ထားသော လေဆိပ်လုံခြုံရေးမှ သူ့ကို ပေး
ထားသည့် တံဆိပ်ကလေးကို သူ တချက် ငုံ့ကြည့်လိုက်မိစဉ်တွင်ပင် သူ့ဘေးမှ
ဗိုလ်ကြီး ဝင်းနိုင်စိုး ၏ “လာပြီ လာပြီ ညီလေး ဦးလေး လာနေပြီ” ဟူသော
အသံကို သူ ကြားလိုက် ရသည်။
အနောက်တိုင်း ဝတ်စုံဖြင့် သပ်ရပ်ခန့်ညား နေသော
သူ့ ဦးလေး နှင့် အဒေါ် ဖြစ် သူသည် ခန့်ညားသော အပြုံး တွေကို ဆင်မြန်းလျက်
သူနှင့်တကွ ကြိုဆိုနေသူတွေထံ လျှောက်လာသည်ကို သူ တွေ့ရသည်။ လေဆိပ်
အပြင်တွင်တော့ နက်ပြာရောင် Land Cruiser ကား အသစ်စက်စက် ကြီး တစင်းက သူ့
ဦးလေးကို စောင့်ကြိုနေသည်။ သည်ကားကြီးကို ဒဂုံစင်တာ ဦးဝင်းအောင်
ပိုင်ဆိုင်သည်။
အရင်အခေါက်တွေ သူ့ ဦးလေး နိုင်ငံခြားမှ
ပြန်ပြန်လာတုန်းကတော့ ရိုးရိုး နှင့် ယဉ်ယဉ်ကလေးတွေပင် ဖြစ်သည်။ သူ့
ဦးလေးနှင့် အဒေါ် ပြန်လာသည်။ သူတို့ မိသားစု သွားကြိုသည်။ ရန်ကုန်တွင် တလ
ဝန်းကျင် နေမည်။ ပြီးတော့ တာ ဝန်ကျ အလုပ်လုပ်ကိုင်နေရာ အမေရိကန်သို့
ပြန်သွားမည်။ ဖြစ်စဉ် အကျဉ်းချုပ်က ဒါပဲ ဖြစ်သည်။ အခုတော့ ဒါတွေ အားလုံးက
အတိတ်မှာ ကျန်ခဲ့ပြီ။ သူ့ ဦးလေး၏ မိတ်ဆွေဖြစ်သူ သစ်တောဝန်ကြီး
ဦးအောင်ဖုန်း ၏ ဆက်သွယ်မှုမှ တဆင့် သူ့ ဦးလေး သည် နိုင်ငံတော်၏
ဧည့်သည်တဦး ရုတ်ခြည်း ဖြစ်သွားခဲ့သည်။ တပ်မတော် ထောက်လှမ်းရေးမှ
ဗိုလ်ကြီး ဝင်းနိုင်စိုး က သူ့ ဦးလေး လိုအပ်သမျှ ကိစ္စအဝဝ ကို
စီစဉ်ဆောင်ရွက်ပေးသည်။ သည်တကြိမ် သူ့ဦးလေးအား တွေ့ဆုံလိုသူမှာ
အခြားမဟုတ်၊ မြန်မာတပြည်လုံး သိမ့်သိမ့်တုန်အောင် အမည်ဆိုးဖြင့်
ကျော်ကြားသော မြန်မာနိုင်ငံ တော် ထောက်လှမ်းရေးတပ်ဖွဲ့များ၏ အရှင်သခင်
နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖြစ်သည်။
နောက်
နှစ်ရက် သုံးရက် လောက်တော့ သူလဲ သူ့ ဦးလေး ခေတ္တနေထိုင်ရာ သုဝဏ္ဏရှိ သူ့
ဦးလေးပိုင် အိမ်တွင် ဘာမှန်း မသိသော ကိစ္စတွေနှင့် အလုပ်ရှုပ်နေသည်။
ဗိုလ်ကြီး ဝင်းနိုင်စိုး ကိုတော့ သူ့ ဦးလေး ရောက်ပြီး လေးငါးရက် အကြာ
တွင် ဒုတိယမ္ပိ ထပ်တွေ့ရသည်။ ဗိုလ်ကြီး ဝင်းနိုင်စိုး က ၄ခ ဗင် ဖင်ကောက်
တစင်းနှင့် ရောက်လာသည်။ ပြီးတော့ ဗိုလ်ကြီး ဝင်းနိုင်စိုး နှင့် သူ့
အဒေါ်ဖြစ်သူတို့ ဧည့်ခန်းတွင် ထိုင်ကာ စကားပြောကြသည် (သူ့ ဦးလေးက
ရေချိုးနေလေ သည်)။ ခဏနေတော့ သူ့ ဦးလေး အိမ်အပေါ်ထပ်မှ ဆင်းလာသည်။ သူ့
ဦးလေး နှင့် ဗိုလ်ကြီး ဝင်းနိုင်စိုး ခဏ စကား ပြောပြီး ဗိုလ်ကြီး
ဝင်းနိုင်စိုး က သူ့ ဦးလေးကို သူ့ ဦးလေး မြန်မာပြည်တွင် နေထိုင်နေစဉ်
အသုံးပြုရန် လက်ကိုင်ဖုန်း တလုံး လှမ်းပေးသည်။ သူ့ ဦးလေးက ဒဂုံစင်တာ
ဦးဝင်းအောင် က တလုံး ပေးထားကြောင်း ပြောသော်လည်း ဗိုလ်ကြီး ဝင်းနိုင်စိုးက
ဖုန်းကို သူ့ အဒေါ်လက်ထဲသို့ အတင်းထည့်သွားသည်။ သူ့ အဒေါ်က အနက်ရောင်
ဖုန်းလှလှကလေး ကို ထိုင်ခုံဘေး စားပွဲပုလေးပေါ် လှမ်းတင်လိုက်တော့ သူ မသိမသာ
ကြည့်လိုက်မိသည်။ သည်တော့မှ သူ့တသက်တာတွင် တခါမှ လက်ကိုင်ဖုန်း
အသုံးမပြုဖူးသေးကြောင်း သူ သတိရသည်။
နောက်တကြိမ် ထပ်မံ ဆုံတွေ့ကြတော့
ဗိုလ်ကြီး ဝင်းနိုင်စိုး နှင့် သူ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးနေခဲ့ပြီ
ဖြစ်သည်။ ခြံဝမှ ကား ဟွန်းသံကြား၍ သူ သွားဖွင့်လိုက်တော့ ဗိုလ်ကြီး
ဝင်းနိုင်စိုး ကို သူ့ စီးတော်ယာဉ် ဖင်ကောက်ပေါ်တွင် တွေ့ရသည်။ ခဏနေတော့
သူ့ အဒေါ် နှင့် ဗိုလ်ကြီး ဝင်းနိုင်စိုး ဧည့်ခန်းထဲတွင် ထိုင်၍
စကားပြောနေကြသည်။ သူကတော့ ဘေးမှ နားထောင်နေရင်း စိတ်တွေက ဟိုဟိုသည်သည်
လွင့်နေသည်။ “တလောကမှ ဝယ်လိုက်တာ အန်တီ၊ ၅၀ ပဲ ပေးရပါ တယ်” ဟု ဗိုလ်ကြီး
ဝင်းနိုင်စိုး က သူ့ အဒေါ်ကို လက်တွင် ဝတ်ဆင်ထားသည့် စိန်လက်စွပ်ကို
ပြောပြောပြပြ ပြလိုက်မှ သူ ဗိုလ်ကြီး ဝင်းနိုင်စိုး ၏ လက်သူကြွယ်မှ
စိန်လက်စွပ်ကို သတိပြုမိသည်။ သူ့ အဒေါ်ကတော့ အသာပြုံးရင်း စစ်သား တယောက်၏
ဟန်ပန် အမူအရာမျိုး လုံးဝမရှိဘဲ ကားဝယ်ရောင်း တယောက်နှင့် ပိုတူနေသော
ခပ်ဖိုင့်ဖိုင့် ဗိုလ်ကြီး ဝင်းနိုင်စိုးကို အသာအရာ ကြည့်နေသည်။ ခဏနေတော့
သူ့ အဒေါ် အဝတ်အစားလဲရန် အိမ်ပေါ်တက်သွား၍ သူနှင့် ဗိုလ်ကြီး ဝင်းနိုင်စိုး
ခြံထဲသို့ ဆင်းလာခဲ့ကြသည်။
ဗိုလ်ကြီး ဝင်းနိုင်စိုး ၏
ကားရှေ့တွင်တော့ ဒဂုံစင်တာ ဦးဝင်းအောင် က သူ့ ဦးလေး အသုံးပြုရန်
ပေးထားသော လင်ခရူ ဆာ ကားနက်ပြာကြီးက အဖိုးတန် ကိတ်မုန့်ကြီး တလုံးလို
ထည်ထည်ဝါဝါ ရပ်နေသည်။ ဗိုလ်ကြီး ဝင်းနိုင်စိုး ကို ကား ဘေးတွင်ရပ်ရင်း
လက်ကိုင်ဖုန်းကိုဖွင့်၍ ဖုန်းဆက်နေတာ သူ တွေ့ရသည်။ “၅၂ ဟုတ်လား၊ ဒါဆို
အားလုံး လွတ်တာ ပေါ့၊ မင်္ဂလာပဲဟေ့” ဟု ပြောနေသော ဗိုလ်ကြီး ဝင်းနိုင်စိုး ၏
အသံကို သူ ကြားရသည်။ ခဏနေတော့ ခေါက်ချိုး ဖုန်းက လေးကို ပြန်ပိတ်ပြီး
အိတ်ထဲမှ မာလ်ဘိုရိုဘူးကို ထုတ်၍ တလိပ်မီးညှိသည်။ “၅၂ ထွက်သွားတာလား
အစ်ကို၊ မနေ့က ဂဏန်းပဲဗျ” ဟု သူ စကားထောက်လိုက်တော့ “မနေ့က ဂဏန်းလေ၊
ဒီမနက် ထပ်ထွက်တော့ ဇယားအားလုံး ငြိမ်းပေါ့ ကွာ” ဟု ဗိုလ်ကြီး
ဝင်းနိုင်စိုး က အားရကျေနပ်စွာ သူ့ကို ပြန်ပြောလေသည်။ ပြီး တဆက်တည်း
“ပြီးခဲ့တဲ့ အပတ်က ပုံးငါးဆယ် လောက်ရတယ်၊ ဒီတပတ်လဲ ခုထိတော့ မဆိုးဘူး ညီရေ”
ဟု သူ့ကို ဆက်ပြောသည်။ “အစ်ကို က ဘယ် လောက် လစ်မစ်ကိုင်တာလဲ၊ အပေါ်ကို
ဘယ်လောက် ပြန်ပုတ်ရလဲ” ဟု သူ ထပ်မေးလိုက်တော့ ဗိုလ်ကြီး ဝင်းနိုင်စိုး က
သူ့ကို သည်လောကနှင့် မစိမ်းသော လူတယောက် အဖြစ် အသိအမှတ်ပြုပုံမျိုးနှင့်
ကြည့်ရင်း “သိပ်များလာမှ ပုတ်တယ် ညီရ၊ မပုတ်ဖြစ်တာ များပါတယ်၊ အေးဆေးပါကွာ၊
ညီကော လုပ်လား၊ တင်လေကွာ အစ်ကို့ဆီ” ဟု သူ့ကို ထပ်ပြော သည်။ သည်မှာပင်
သူ့ ဦးလေး နှင့် အဒေါ် အိမ်ထဲမှ ထွက်လာ၍ သူတို့ စကားဖြတ်လိုက်ရသည်။
သူတို့
ကားနှစ်စင်း ခြံထဲမှ ထွက်လာတော့ သူက ဗိုလ်ကြီး ဝင်းနိုင်စိုး ကားနှင့်
ပါလာလေသည်။ ဗိုလ်ကြီး ဝင်းနိုင်စိုး ဘေးတွင် သူ ထိုင်လိုက်လာရင်း သူ့
ခြေထောက်က ကားကြမ်းခင်းတွင် ချထားသော ကြွပ်ကြွပ်အိတ် အထုပ်တထုပ်နှင့်
သွားတိုက်မိသည်။ သတိပြုမိသွားသော ဗိုလ်ကြီး ဝင်းနိုင်စိုး က “ညီရေ အဲဒီ
အထုပ် နောက်ဘက် ပစ်လိုက်ပါလား၊ ထိုင်ရတာ လွတ်လပ်သွားအောင်” ဟု
ကားမောင်းနေရင်း သူ့ ကို လှမ်းပြောသည်။ သူ အထုပ်ကို မလိုက်တော့ အထုပ်ထဲ
တွင် အစိမ်းရောင် ထောင်တန်အုပ်တွေကို တနင့်တပိုးကြီး တွေ့ရသည်။ တဆက်တည်း
ဗိုလ်ကြီး ဝင်းနိုင်စိုး ထံမှ “ပုံး နှစ်ဆယ် အစိတ်တော့ ဆောင်ထားရတယ် ညီရေ၊
ဇယားတွေ ဘာတွေ ရှင်းစရာရှိ ရှင်းဖို့၊ နောက် လူကြီးဧည့်သည်တွေ အတွက်
လိုရမယ်ရပေါ့” ဟု သူ့ကို လှမ်းပြောသံ ထွက်လာသည်။ သူကတော့ ဘာမှ
ပြန်မပြောမိတော့။ ခေါင်းသာ အ သာ ညိတ်မိရင်း ကားပေါ် ပါလာခဲ့သည်။
မြုပ်နေသော
အတွေးတွေထဲက မြို့ထဲရောက်မှ သူ ပြန်နိုးလာသည်။ ကားတွေနှင့် ပြည့်နေသော
အနော်ရထာလမ်းကို သူတို့ ဖြတ်လာခဲ့သည်။ မဂိုလမ်းရောက်တော့ ကားတွေရပ်ပြီး
သူ့ ဦးလေး နှင့် အဒေါ် က သွားဆေးခန်း တခုထဲသို့ ဝင် သွားသည်။ သူ
ငယ်ငယ်ကတည်းက ရောက်ဖူးနေခဲ့သော သွားဆေးခန်း ထဲသို့ သူ ဗိုလ်ကြီး
ဝင်းနိုင်စိုး နှင့် ဝင်သွားရင်း ခဏနေတော့ ပြန်ထွက်လာခဲ့သည်။ တနာရီခွဲ
နှစ်နာရီခန့် ကြာမြင့်မည် ဖြစ်သောကြောင့် သူတို့နှစ်ယောက် လက်ဖက် ရည်ဆိုင်
သွားထိုင်ရန် ဆုံးဖြတ်လိုက်သည်။
လက်ဖက်ရည်ဆိုင် သွားမထိုင်မီ ကား
ဆီနည်းနေသောကြောင့် ဆီ အလျင် ဝင်ထည့်ရန် သူတို့ ဗိုလ်တထောင် ဘက်
ထွက်လာခဲ့သည်။ ၅၆ လမ်းထိပ်က ဆီဆိုင်သို့ ရောက်တော့ ကံကောင်းထောက်မစွာ
ကားတွေ ရှင်းနေသည်။ ဆီပန့်ရှေ့ ကားအရပ်တွင် “အစ်ကို ဆီစာအုပ်ပေး၊ ကျနော်
သွားလိုက်မယ်” ဟု သူ ဗိုလ်ကြီး ဝင်းနိုင်စိုး ကို ပြောလိုက်သည်။ “နေ နေ ညီ
မလိုဘူး၊ ဆီစာအုပ် မရှိဘူး၊ အစ်ကို ဆင်းပြောလိုက်မယ်” ဟု ပြောပြောဆိုဆို
ဗိုလ်ကြီး ဝင်းနိုင်စိုး ကားပေါ်မှ ဆင်းသွားသည်။ ဗိုလ်ကြီး ဝင်းနိုင်စိုး
ကားရှိရာ ပြန်မရောက်ခင်ပင် “ဒီဇယ် ခြောက်ဂါလံ ထည့်လိုက်ဟေ့” ဟု လှမ်းပြော
လိုက်သော ဆိုင်မန်နေဂျာ လုပ်သူ၏ အသံကို သူ ကြားရသည်။ သူ နေ့စဉ် ဆီထည့်နေကျ
ဖြစ်သောကြောင့် သူနှင့် မျက်မှန်းတန်းမိ နေပြီဖြစ်သော ဆီဆိုင်မှ
ဆီဖြည့်သူက သူ့ကို ပြုံးပြရင်း ဆီပိုက်ကို ကိုင်၍ ကားဆီ လျှောက်လာသည်။
ပြန်ထွက်လာတော့
ဗိုလ်ကြီး ဝင်းနိုင်စိုး က “ကကလှမ်း က ကားပဲကွာ၊ စာအုပ် မလိုပါဘူး” ဟု
သူ့ကို ပြောသည်။ သည် တော့မှ သူ အမှတ်မထင် ကားဝှီးတက်စ်များ ချိတ်ဆွဲထားလေ့
ရှိရာ နောက်ကြည့်မှန် ကို လှမ်းကြည့်မိသည်။ နောက် ကြည့်မှန်တွင်
ဘာမှမရှိ။ သူ့ကို လူရင်းတယောက်လို သဘောထားလာ၍ ပဲလား၊ သူ့ ဦးလေး အရှိန်အဝါ
ကြောင့်ပဲလား တော့ သူ မသိ။ ဗိုလ်ကြီး ဝင်းနိုင်စိုး က သူ့ဘက် တချက်
လှည့်ကြည့်ရင်း “ဝစ်သောက်လေကွာ ကိုယ့်ညီရ၊ ကိုယ်တို့ တပ်သုံးကားပဲပေါ့” ဟု
လှမ်းပြောသည်။ သည်တော့မှ သူ အကောင်ထင်လာသည်။ သူ ယခု စီးလာသော ကား၏ ကား
နံပါတ်မှာ အတု ဖြစ်သည်။
ပြီးတော့ သူတို့နှစ်ယောက် မာကျူရီ ရှေ့တွင်
ကားရပ်လိုက်ပြီး လက်ဖက်ရည်ဆိုင်ထဲ ဝင်ခဲ့ကြသည်။ ဗိုလ်ကြီး ဝင်းနိုင်စိုး ၏
ပြောမဆုံးပေါင် တောသုံးထောင် စကားတွေကို သူ အလိုက်သင့်
ခေါင်းညိမ့်နေရင်းနှင့်ပင် စီးကရက်တွေက တလိပ် ပြီး တလိပ်
ပြာဖြစ်သွားကြသည်။ ပြီးတော့ သူတို့ မဂိုလမ်းဘက် ပြန်ထွက်ခဲ့သည်။
သွားဆေးခန်းရှေ့
ကားရပ်ပြီးတော့ သူတို့ ဆေးခန်းထဲ ဝင်ခဲ့ကြသည်။ ဆေးခန်းထဲတွင် သူ့ ဦးလေး
နှင့် အဒေါ် ထိုင်နေ သည်ကို သူတို့ တွေ့ရသည်။ သူ အခြေအနေကို
အကဲခတ်ကြည့်တော့ ဘာဖြစ်သည် မသိ။ သွားပြုပြင်ရာတွင် သူ့ ဦး လေး အဆင်ပြေပုံ
မရကြောင်း သူ မှန်းဆမိသည်။ ဗိုလ်ကြီး ဝင်းနိုင်စိုး က သူ့ အဒေါ် ပြောသမျှ
နားထောင်နေပြီး သွား ဆေးခန်းထဲ စွတ်ခနဲ ဝင်သွားသည်။ ခဏနေတော့ ဗိုလ်ကြီး
ဝင်းနိုင်စိုးနှင့် သွားဆရာဝန် အခန်းထဲမှ ပြန်ထွက်လာသည်။ “ကျနော်
ပြောလိုက်ပါပြီ အန်တီ၊ သူ အားလုံး ပြန်လုပ်ပေးပါ လိမ့်မယ်” ဟု ဗိုလ်ကြီး
ဝင်းနိုင်စိုး က သူ့ အဒေါ်ကို လှမ်း ပြောသည်။ သူ့ အဒေါ်ကတော့ သွားဆရာဝန်ကို
ပြန်လည် အားနာသွားဟန်ဖြင့် လှမ်းကြည့်လိုက်တာ သူ သတိထား မိလိုက်သည်။
ဗိုလ်ကြီး ဝင်းနိုင်စိုး နောက်မှ သွားဆရာဝန်၏ မျက်နှာကို သူ
လှမ်းကြည့်လိုက်တော့ မျက်နှာငယ်ငယ်နှင့် ဖြူဖတ်ဖြူရော် ဖြစ်နေသည်ကို သူ
တွေ့ရသည်။ ထိုခဏတွင်ပင် ဆရာလင်းယုန်မောင်မောင် ဘာသာပြန်ခဲ့သော နာဇီ
စာအုပ်တွေထဲက ခါးပတ် တင်းကျပ်စွာ စည်းထားသော မိုးကာအင်္ကျီအနက်နှင့် ဂတ်စတာပို
တပ်ဖွဲ့ဝင်တွေကို သူ မြင် ယောင်လာသည်။ ဗိုလ်ကြီး ဝင်းနိုင်စိုး ကတော့
လည်ကတုံးနှင့် ကချင်ပုဆိုး ဝတ်ထားလေသည်။
ထိုကိစ္စတွေ ပြီးတော့ သူလဲ
ဘွဲ့ရ အလုပ်လက်မဲ့ တို့၏ ထုံးစံအတိုင်း အလုပ် ရှာဖွေသယောင်ယောင်
နိုင်ငံခြားသို့ပဲ ထွက်ဖို့ ကြိုးစားမယောင်ယောင်လုပ်ရင်း ဗိုလ်ကြီး
ဝင်းနိုင်စိုး နှင့် လေးငါးရက်ခန့် မတွေ့ဘဲ ဖြစ်နေသည်။ ပြန်တွေ့တော့ လဲ
ထုံးစံအတိုင်း သူ့ ဦးလေး နှင့် အဒေါ်ဖြစ်သူ အိမ်တွင်ပဲ ဖြစ်သည်။
ထိုနေ့နံနက် က နေရောင်ခြည်တို့ စူးစူးရှရှ ဝင်းပ နေသည်။ သာယာချင်ယောင်
ဆောင်နေသော နံနက်ခင်းကို သူ ငေးကြည့်ရင်း ခုနက ကြားခဲ့ရသော သတင်းကိုပဲ ထပ်
ဖန်တလဲလဲ သူ့ ဦးလေးအိမ်ရှိရာ သူအလာတွင် တွေးနေခဲ့မိသည်။ သူ သူ့ဦးလေးဆီ
ရောက်တော့ ဧည့်ခန်းထဲတွင် ရောက်နှင့်နေပြီ ဖြစ်သော ဗိုလ်ကြီး
ဝင်းနိုင်စိုး ကို သူ့အဒေါ် နှင့်တကွ တွေ့ရသည်။ ခဏနေတော့ သူ့ ဦးလေး ဆင်းလာ
သည်။ သူ့ကို နှုတ်ဆက်ရင်း သတင်း ကြားပြီးဟန် ဖြစ်သော သူ့ ဦးလေးက ဗိုလ်ကြီး
ဝင်းနိုင်စိုး ကို ထိုသတင်းနှင့် ပတ် သက်၍ အကဲခတ်သလို ကြည့်ရင်း
အနည်းအကျဉ်း မေးလိုက်သည်။ ရုတ်တရက်တော့ ဗိုလ်ကြီး ဝင်းနိုင်စိုး ဘာမှပြန်
မဖြေ။ သူ့ ဦးလေး ဖြစ်သူကို ပြန်ကြည့်ရင်း “ဟုတ်တယ် အန်ကယ်၊ ကြားတော့
ကြားနေတာပဲ၊ အတိအကျတော့ မသိ သေးဘူး” ဟု မယုတ်မလွန် ပြန်ဖြေသည်။ မနေ့ညက
ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော ယာဉ်တန်းကို အစိုးရက လူ အုပ်ဖြင့်
တိုက်ခိုက်ခဲ့၍ အဖွဲ့ချုပ်ဝင်များ သေဆုံးခဲ့သည်။
သူတို့
အခြားစကားများကို ပြောရန် ကြိုးစားသေးသော်လည်း ဘယ်လိုမှ မအောင်မြင်ဘဲ
စကားဝိုင်းက စောစောစီးစီး ရပ်သွားသည်။ သူ ခဏနေပြီး ခြံထဲသို့
ဆင်းလိုက်ဦးမည် ဟု သူ့ ဦးလေးကို ခွင့်တောင်းက စကားဝိုင်းမှ ထွက်ခဲ့သည်။
ခြံထဲတွင်တော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူ စိုက်ခဲ့သော
ပိတောက်ပင်ပျိုကလေးက ငြိမ်နေသော လေထုထဲတွင် မလှုပ်မချောက် ရပ်နေသည်။ သူ
ဦးဝင်းအောင် လင်ခရူဆာကြီးကို မောင်းသော ဒရိုင်ဘာ ဖြစ်သူနှင့် စကားသွားပြော
တော့ ဦးလေးကြီးက သူ့ကို အကဲခတ်သလို ကြည့်ရင်း “အေးကွ မနက်ကတော့ ဒီအလာ
လမ်းမှာ ကြားခဲ့တယ်” ဟု သူ့ကို ပြန်ဖြေသည်။ သူ ဦးဝင်းအောင် ကားကြီး၏
နောက်ကြည့်မှန်တွင် ချိတ်ဆွဲထားသော သာမည ဆရာတော် ဘုရား၏ ပုံကို ကြည့်ရင်း
စိတ်တွေက ဒေါ်အောင်ဆန်းစုကြည် ဆီ ပြန်ရောက်သွားသည်။ ဒေါ်အောင်ဆန်းစုကြည် တော့
သာမည ဆရာတော်ကို သွားဖူးဖူးသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်လဲ
သွားဖူးဖူးလိမ့်မည်။ သူ့အတွေး သည်နေရာကို အရောက် သူ့ ဦးလေး ဖြစ်သူ က
ဗိုလ်ကြီး ဝင်းနိုင်စိုး နှင့်အတူ အိမ်ထဲမှ ထွက်လာသည်။ အမှောင်ထု၏ မင်းသား
(Prince of the darkness…ဗိုလ်ချုပ်ကြီးခင်ညွန့်အား အနောက်တိုင်း
စာနယ်ဇင်း တခုက ပေးထားသော အမည်) က နောက်လာမည့် တနာရီတွင် သူ့ ဦးလေးနှင့်
တွေ့ဆုံရန် ချိန်းထားကြောင်း သူ အခုမှပဲ သတိပြန်ရလာသည်။
နောက်တရက်
သူ့ ဦးလေးနှင့် တွေ့ပြီး မေးမိတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်
တွေ့ဆုံခဲ့သည့် အကြောင်း သူ့ ဦးလေးက ပြန်ပြောပြသည်။ “ဘာမှ ထွေထွေထူးထူး
မဟုတ်ပါဘူးကွာ၊ သာကြောင်း မာကြောင်း လောက်ပါပဲ” ဟု သူ့ ဦးလေးက သူ့ကို
ပြောသည်။ သူကတော့ သူ့ ဦးလေး ခြံထောင့်တွင် သူတွေ့နေကျ အသိုက်ဖွဲ့နေသော
ပင့်ကူအိမ်များကို ငေးကြည့် နေမိသည်။ ခဏနေတော့ ဗိုလ်ကြီး ဝင်းနိုင်စိုး
ကားကလေးနှင့် ရောက်လာသည်။ သူ့ ဦးလေးနှင့် နှုတ်ဆက်ရင်း ခဏနေ တော့ သူ့
ဦးလေးက အိမ်ပေါ် ပြန်တက်သွားသည်။ သူနှင့် နှစ်ယောက်တည်း ကျန်ရစ်တော့
ဗိုလ်ကြီး ဝင်းနိုင်စိုး က ဈေးတွေ ကြားပြီးပြီလား ဟု သူ့ ကို
တီးတိုးမေးသည်။ သူ မကြားရသေးကြောင်း ပြောမိတော့ ဗိုလ်ကြီး ဝင်းနိုင်စိုး က
ကြက်တူရွေး တကောင်လို ဘောပွဲဈေးတွေကို ရွတ်ပြသည်။ ပြီး “မန်ချက်ပဲ
ကောင်းမယ် ထင်တယ်ကွ” ဟု သူ့ကို ပြော သည်။ သူကတော့ “အောက်ပဲ ကောင်းမယ်ထင်တယ်
အစ်ကို၊ ကျနော့် စိတ်ထင် ဈေးပြင်းလွန်းတယ်” ဟု ပြန်ဖြေလိုက် သည်။
ခဏကြာတော့ သူ့ ဦးလေး ပြန်ထွက်လာပြီး “ယုဇန ပလာဇာသွားမလို့ သားကော
လိုက်ဦးမလား” ဟု ဗိုလ်ကြီး ဝင်းနိုင်စိုး ကို မေးသည်။ “လိုက်ခဲ့မယ်လေ
အန်ကယ်” ဟု ဗိုလ်ကြီး ဝင်းနိုင်စိုးက သွက်သွက်လက်လက် ပြန်ပြောလိုက် တော့
သူကတော့ သူ့ ဦးလေးကို ကြည့်ကောင်းအောင် ပြော၍ ငြင်းလိုက်သည်။ သူ့
ဦးလေးတို့တသိုက် ထွက်သွားတော့ သူ ပိတောက်ပင်ကလေး ရှိရာ ဆီသို့
ထွက်လာခဲ့သည်။ နောက်တခါ မိုးတွေရွာလျှင် သူ့ ပိတောက်ပင်ကလေး ပွင့် ကောင်း
ပွင့်လိမ့်မည်။
နေက်တရက်ကျတော့ သစ်တောဝန်ကြီး ဦးအောင်ဖုန်းနှင့်
ဇနီးက သူ့ ဦးလေး သူ့ အဒေါ်နှင့် သူ့အဖေ သူ့အမေကို ဆီဒိုး နားတွင်လား မသိ၊
ထမင်းစား ဖိတ်ကြားသည်။ သူကတော့ ဦးအောင်ဖုန်း သားဖြစ်သူ သူနှင့်
ကျောင်းနေဘက် (သိကျွမ်း ခြင်းတော့ မရှိပါ) ဖြစ်သူအကြောင်း တွေးမိသည်။ ၉၆
အရေးတော်ပုံအပြီး သူတို့ ကျောင်းတွေပိတ်တော့ ဦးအောင်ဖုန်း သား ဖြစ်သူ
သူ့ဘဝအတွက် မည်သည့်အခါတွင်မျှ မလိုအပ်ခဲ့သော အင်ဂျင်နီယာ ကျောင်းသားဘဝ ကို
စွန့်လွှတ်ပြီး အဝေးသင်သို့ ပြောင်းသွားသည်။ ပြီးတော့ အပစ်ရပ်
ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့မှ ရှမ်းတရုတ်မလေး တယောက်နှင့် ယူလိုက် သလိုလို
သတင်းကြားရသည်။ ပြီးတော့ ကွဲသွားသလိုလို ကြားရပြန်သည်။ သတင်းတွေကတော့
အစုံပဲ ဖြစ်သည်။ သူ မြန်မာနိုင်ငံ သစ်တောကြီးများကို ခွထိုင်ထားသော
ဦးအောင်ဖုန်း အကြောင်း တွေးနေရင်း နှင့် ဦးအောင်ဖုန်း အီတလီ တွင်
သံအမတ်အဖြစ် တာဝန်ယူနေစဉ် ထို သားဖြစ်သူ အီတလီသို့ လိုက်၍ ဆယ်တန်း
စာမေးပွဲကို သံရုံးတွင် လွတ် လွတ်လပ်လပ် သွားဖြေခဲ့ကြောင်း သူ
စက်မှုတက္ကသိုလ်တက်တော့ သတင်းတွေ ပျံ့ခဲ့ဖူးတာ သွားသတိရသည်။ တ ဆက်တည်း ၉၆
နှင့် ၉၈ ခုနှစ်တွေတုန်းက သူ့ ရဲဘော်တွေကို သူ သတိရလိုက်သည်။ သူတို့ကတော့
ထောင်တွေထဲမှာ ရောက်နေသည်။
နောက် သုံးလေးရက် နေတော့ သူ့ ဦးလေးလဲ
ပြန်ခါနီးပြီ ဖြစ်သောကြောင့် ဗိုလ်ကြီး ဝင်းနိုင်စိုး နှင့် သူ့အထက် အရာ
ရှိဖြစ်သူ တပ်မတော် ထောက်လှမ်းရေးမှ ဗိုလ်မှူးကြီး ဖြစ်သူက သူ့ ဦးလေး
အဒေါ် နှင့်တကွ သူ့ မိသားစု တခုလုံးကို oriental house တွင် မနက် ဒင်းဆမ်း
စားရန် ဖိတ်ကြားသည်။ သူတို့ မနက်စာ စားရင်း ထို ထောက်လှမ်းရေးမှ ဗိုလ်
မှူးကြီး ဖြစ်သူသည် ရေတပ်မှဖြစ်ပြီး နိုင်ငံခြားရေးရာ ကိစ္စတွေကို
ကိုင်တွယ်ကြောင်း စကားဝိုင်းမှသိရသည်။ စကားပြော နေကြစဉ် ဗိုလ်ကြီး
ဝင်းနိုင်စိုး ထံ ဖုန်းဝင်လာသည်။ ဖုန်းခဏပြောပြီး ပြန်ချလိုက်တော့
ထောက်လှမ်းရေး မှ ဗိုလ်မှူးကြီး က ဘယ်ကောင်မလေး ဆီကလဲ ဟု ဗိုလ်ကြီး
ဝင်းနိုင်စိုး ကို လှမ်းနောက်သည်။ ဗိုလ်ကြီး ဝင်းနိုင်စိုး က “မဟုတ်ဘူး
အဘ၊ ဗိုလ်ကြီး ကျော်ကျော် ဆီက၊ သူနဲ့ ကျနော်နဲ့ လောင်းထားတာ၊ ကျနော်
တလအတွင်း ဝိတ်ကျမကျ၊ အဲဒါ အခု ဟေ့ကောင် ဖက်တီး၊ လောင်းထားတာ
ရက်စေ့တော့မယ်နော် ဆိုပြီး အခု ကျနော့်ကို လှမ်းနောက်နေတာ၊ ကျနော်
မနက်တိုင်း ထထပြေးနေတာ ဒီကောင် မသိဘူး” ဟု ဗိုလ်ကြီး ဝင်းနိုင်စိုး က
ရယ်ရယ်မောမော ပြန်ဖြေသည်။ ခဏနေ တော့ ထောက်လှမ်းရေးမှ ဗိုလ်မှူးကြီးက သူ
အမေရိကန် သံတဦးအား မည်သို့မည်ပုံ ဂရုတစိုက် ဆက်ဆံခဲ့ပုံတွေကို သူ့
ဦးလေးကို ပြောပြနေသည်။ သူကတော့ ဗိုလ်ကြီး ဝင်းနိုင်စိုး နှင့် သူ့ကြား
တခုတည်းသော ပြောစရာဖြစ်သည့် မနေ့က ကန်သွားသော ဘောပွဲတွေအကြောင်း
ပြောနေလိုက်သည်။ သူတို့ စားပွဲ လက်စသတ်ခါနီးတော့ ဆိုင်ပိုင်ရှင် ဖြစ်ဟန်
တူသော တရုတ်တယောက် သူတို့ဝိုင်းကို လာနှုတ်ဆက်သည်။ ခုမှပဲ oriental house က
ငှားရမ်းထားသော မြေသည် ထောက်လှမ်းရေးပိုင် မြေဖြစ်တာ သူ သွားသတိရသည်။
ထိုနေ့ကတော့
ဗိုလ်ကြီး ဝင်းနိုင်စိုး နှင့် သူ ရေစက်မကုန်။ သူ့ ဦးလေး ခြံတွင် ညနေဘက်
ပြန်ဆုံသည်။ သူတို့နှစ်ယောက် ခြံထောင့်က နှင်းဆီပန်းတွေနားမှာ
စကားပြောဖြစ်ကြသည်။
“ညီလဲ ကိုယ်တို့ အလုပ်တွေ သိနေပြီပဲ၊ ကိုယ်တို့
အလုပ်က ဘာမှ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ဘူး” သူ ကျောင်းပြီးပြီး ယောင်လည်လည်
ဖြစ်နေမှန်း ဘာမှ အထွေအထူး မထောက်လှမ်းရဘဲ သိနေပြီဖြစ်သော ဗိုလ်ကြီး
ဝင်းနိုင်စိုး က သူ့ကို ပြောသည်။ “လုပ်ရမှာက ညဘက်တွေချည်းပဲ။ ကိုယ်တို့က
ညမင်းသားတွေလေ” သူ ထပ်ကြားရသော စကားတွေဖြစ် သည်။
“ကွန်စထရပ်ရှင်တွေ
လိုက်ကြည့်ရမယ်ကွာ၊ ဝစ်သောက်ကိစ္စလေးတွေ ဖြတ်စရာ ရှိတာ ဖြတ်ရမယ်ကွာ
အဲဒါပြီးရင် ပြီးပြီ၊ ကေတီဗီ ဝင်နှပ်ရုံပဲ” ဗိုလ်ကြီး ဝင်းနိုင်စိုး၏
စကားကို “ကောက်ညှင်းပေါင်း ပူပူလေး” ဟု ဆွဲဆွဲငင်ငင် အော်လိုက်သည့်
ခြံပြင်မှ အမျိုးသမီးအသံ ပြာပြာနွမ်းနွမ်း က ဖုံးလွှမ်းသွားသည်။
ဗိုလ်ကြီး
ဝင်းနိုင်စိုး ကတော့ သတိပင်ပြုမိပုံ မပေါ်။ သူ့စကားကို ဆက်သည်။
“အရေးအကြီးဆုံးက နှုတ်လုံဖို့ပဲ၊ ဒါပဲ၊ အဲဒီ တခု ညီထိန်းနိုင်ရင် ဖြစ်ပြီ”
သူ ဖျတ်ခနဲ ငယ်ငယ်တုန်းက ရိုးသားဖို့ အရေးကြီးပုံ၊ ရိုးရိုးကျင့်
မြင့်မြင့်ကြံရန် လိုအပ်ပုံ သူ ရေးခဲ့ရသော စာစီစာကုံးတွေကို သတိရသည်။
“ညီ့ကို
ဦးလေးတူမို့လို့ အစ်ကိုလဲ ပြောတာပါ။ ညီ စိတ်ဝင်စားရင် ဝဲလ်ကမ်းပဲ” သူ့
ညာဘက်နားမှ ကြားလိုက်ရသော ဗိုလ်ကြီး ဝင်းနိုင်စိုး ၏ စကားလုံးတွေ သူ့
ဘယ်ဘက်မှ ပြန်ထွက်သွားသည်။ မနေ့ညက ကြားခဲ့ရသော သူ့ ဦးလေး၏ အစ်ကိုဖြစ်သူ
တပ်မတော် ဗိုလ်မှူးဟောင်း ၏ “ဒီ မလောက်လေး မလောက်စား ကောင်လေးကတောင်
နှစ်လုံးအ ကြောင်းတွေ လူကြီးကို ပြောလိုပြော၊ စိန်လက်စွပ် ထုတ်ပြလိုပြနဲ့
တပ်တော့ ပျက်ပါပြီ” ဟု ဗိုလ်ကြီး ဝင်းနိုင်စိုး အပေါ် ဝေဖန်ချက်ကို သူ
ပြန်ကြားလိုက်သည်။ သူတို့နှစ်ယောက်နှင့် ခပ်လှမ်းလှမ်းတွင်တော့ ဒဂုံစင်တာ
ဦးဝင်းအောင် ၏ ဒရိုင် ဘာကြီးက ချောင်းတဟွတ်ဟွတ် ဆိုးနေလေသည်။
နောက်ဆုံးတခေါက်
နှစ်ယောက်သား တွေ့ကြတာကတော့ သမားရိုးကျအတိုင်း လေဆိပ်မှာပဲ ဖြစ်သည်။
လေဆိပ်ထဲသို့ သူ့ ဦးလေး သူ့အဒေါ် တို့နှင့် သူ လွတ်လွတ်လပ်လပ်
ဝင်လိုက်သွားရင်း ဗိုလ်ကြီး ဝင်းနိုင်စိုး က VIP ဟု အတိအလင်း စာကပ်ထားသော
အခန်းကြီးထဲ ခေါ်သွားသည်။
အခန်းကြီးထဲတွင်တော့ အပြင်ဘက် လေဆိပ် နှင့်
ဘာမှမဆိုင်၊ သပ်ရပ်ခမ်းနားနေသည်။ ခန်းစီးစ အပြာနုရောင် လွင်လွင်တို့က
အေးစိမ့်နေသော အဲကွန်းထဲတွင် တချက်တချက် လွင့်နေသည်။ နောက်တခု သိသာနေတာက
အခန်းကြီးထဲတွင် လူနှစ်ဦး ထိုင်နေသည်။ ထိုသူနှစ်ဦးမှာ သစ်တောဝန်ကြီး
ဦးအောင်ဖုန်း နှင့် သူ အမည်မသိသော စွမ်းအင် ဒုဝန်ကြီး ဖြစ်သည်။
သူကတော့
လူကြီးတွေ ဝိုင်းထဲ ဝင်မထိုင်တော့ဘဲ အခန်းထောင့်ဘက်ရှိ ကုလားထိုင်တွင်
သွားထိုင်နေလိုက်သည်။ ခဏနေတော့ ဗိုလ်ကြီး ဝင်းနိုင်စိုး ရောက်လာသည်။
ဝန်ကြီးနှစ်ဦးကို အလေးပြုပြီးသည်နှင့် ဗိုလ်ကြီးဝင်းနိုင်စိုး က သူ့
ဘေးနား ကုလားထိုင်မှာ လာထိုင်သည်။ ခဏနေတော့ အခန်းတံခါး ထပ်ပွင့်သွားပြီး
ကြက်သားကြော် ပန်းကန်များ ကိုင်ထားသော ဝန်ထမ်း အမျိုးသမီးနှစ်ယောက်
ဝင်လာသည်။
ကြက်သားကြော် က အတော်ကောင်းသည်။ သူ့ရှေ့လာချသော
ကြက်သားကြော်ကို သူ နှစ်ခြိုက်စွာ စားရင်း ဗိုလ်ကြီး ဝင်းနိုင်စိုး ၏
အမေးကို ပြန်ဖြေသံ အနည်းငယ် ကျယ်လောင်သွားသည်။ ဗိုလ်ကြီး ဝင်းနိုင်စိုး က
ကပျာကသီ “ရှူး တိုး တိုး လူကြီးတွေ စကားပြောနေတယ်” ဟု သူ့ ကို
လှမ်းပြောသည်။ သည်တော့မှ အသံကို သူ ပြန်ဘရိတ်အုပ်ရသည်။
ခဏနေတော့
သူ့နည်းတူ ကြက်သားကြော်ကို နှစ်ခြိုက်စွာ စားနေသော ဦးအောင်ဖုန်း ထံမှ
“ကြက်သားကြော်က ကောင်းလှချည်လားဟေ့” ဆိုသော အသံ ထွက်လာသည်။ ဗိုလ်ကြီး
ဝင်းနိုင်စိုး က “ဟုတ်ကဲ့ အဘ၊ ကျနော် သိလို့ မှာ လိုက်တာ” ဟု သတိ အနေအထား
ဖြင့် ကပျာကယာ မတ်တပ်ရပ်ပြီး ဦးအောင်ဖုန်း ကို ပြန်ဖြေသည်။ နောက်
ပြန်ထိုင်ပြီး သူ့ကို “တော်သေးတယ် အိုင်ဒီယာ မှန်သွားတယ်၊ ကြက်သားကြော်
မှာလိုက်တာ၊ တကယ်က ကိုယ်လဲ သိတာမဟုတ် ဘူး” ဟု သူ့ ကို တိုးတိုးပြောသည်။
သူကတော့ ဝန်ကြီး ကြက်သားကြော် ကြိုက်သည်ကို ကြီးမြင့်သော နိုင်ငံတော် တာ
ဝန်တရပ်ကို ထမ်းဆောင်လိုက်သည့်အလား ပျော်ရွှင်အားရနေသော ဗိုလ်ကြီး
ဝင်းနိုင်စိုး ကို ငေးကြည့်နေမိသည်။ ပြော မဆုံးပေါင် တွေကတော့
တောသုံးထောင်ပင် မကချင်တော့တာက ခဏခဏ ဖြစ်သည်။
ထို ၂၀၀၃ ခုနှစ် ဇွန်လလယ်တွင် သူ ဗိုလ်ကြီး ဝင်းနိုင်စိုး ကို နောက်ဆုံးတွေ့ခဲ့သည်။
၂၀၀၄
ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြန်မာပြည်ကို သိမ့်သိမ့်တုန်အောင်
ကိုင်လှုပ်ခဲ့သူများထဲတွင် အပါအ ဝင်ဖြစ်သော ဗိုလ်ချုပ်ကြီး ခင်ညွန့် အား
ဖမ်းဆီး အရာချ၍ ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏
အ နွယ်တော်များ ဖြစ်သော ထောက်လှမ်းရေးတပ်ဖွဲ့မှ အရာရှိများကို
အရေးယူမှုတခု ဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားအပြီး လအနည်းငယ်အကြာတွင်
ဗိုလ်ကြီး ဝင်းနိုင်စိုး အား ခုံရုံးမှ “လာဘ်စားမှု၊ တရားမဝင် ကားများ
ပိုင်ဆိုင်မှု၊ အလွဲသုံးစားမှု” များဖြင့် ထောင်ဒဏ် ၂၉ နှစ် ကျခံစေရန်
အမိန့်ချမှတ်ခဲ့ကြောင်း သူ ကြားခဲ့ရသည်။ ။
စိမ်းစို
No comments:
Post a Comment