by Wai Maw on Friday, September 2, 2011 at 9:19am
-30-8, 2011။-
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရသစ် သမတကြီး ဦးသိန်းစိန်တို့သည် ၂၀၁၁ ခု သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဖြစ်ခဲ့ကြပါသည်၊
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဟောင်းတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်အယ်ဒီပါတီသည် အာဏာလွှဲခြင်း မခံရသည့်အပြင် အမျိုးမျိုးသော ဖိနှိပ်မှုများကို အလူးအလဲခံခဲ့ရင်းက န.ဝ.တ၊ န.အ.ဖ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို ဦးစားပေးလုပ်ငန်းအနေဖြင့် တစိုက်မတ်မတ် တောင်းဆိုခဲ့ ပါသည်၊
သို့သော် ဆိုခဲ့သည့်အတိုင်းလည်း စစ်အစိုးရ၏ အဓိကခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ရှိခဲ့ကြပါသည်၊
သမိုင်းစာမျက်နှာသစ်ကို ဖွင့်ကြမည်ဟုပင် ဆိုခဲ့ကြပြန်ပါသည်။
အတိုက်အခံဘက်က ခေါင်းဆောင်ကြီးဒေါ်အောင်ဆန်းစုကြည်တဦးတည်းဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်၊
ယခုလည်း အစိုးရသစ်၏ သမတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးကြပြန်ပါသည်၊
ယျေဘူယျအားဖြင့် ကြားကြရသည်မှာ မတူတာတွေ ချန်ထားပြီး တူတာတွေ အပေါ်မှာ တိုင်းပြည်ကောင်းကျိုးအတွက် ဆွေးနွေးကြသည်ဟူ၍ ဖြစ်ပါသည်။
အရပ်သားအစိုးရသစ် တက်လာပြီးကတည်းက မှေးမှိန်ပျောက်ကွယ် ကြရတော့မည့် ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့များ အတွက်လည်း ခေါင်းထောင်ကြည့် နားစွင့်ရမည့် စိန် နဲ့ စု တွေ့ဆုံဆွေးနွေးရေး သတင်းတရပ်လည်း ဖြစ်နေပါသည်၊
ပြည်ပရောက် စင်ပြိုင်အစိုးရ ၏ ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်း
စိန် နဲ့ စု ဘာတွေ ဆွေးနွေးကြသလဲ၊ ဘာတွေ သဘောတူညီခဲ့ကြသလဲ ဆိုတာတွေကို အရမ်းသိချင်နေသူများကတော့ ပြည်တွင်းပြည်ပ အတိုက်အခံဆိုသူ များပါပဲ၊
မည်သို့ပင် သိချင်နေစေသော်လည်း စိန်ရော စုပါ ထုတ်ပြန်ပြောဆိုခြင်း မပြုကြပါ၊
စုက ဆိုလျှင် ဟိုတုန်းက ဗိုလ်ခင်ညွှန့်နှင့် တွေ့ခဲ့သည်ကိုပင် ယနေ့ထက်တိုင် ထုတ်ဖော်ခြင်း မရှိသေးပါ၊
ထုတ်ဖော်ပြောဆိုခြင်း မရှိတာထက် ယနေ့ထက်တိုင် လူထုအတွက် တစုံတရာ တိုးတက်ဖြစ်ထွန်းမှု မရှိတာကတော့ အမှန်ပင်ဖြစ်နေပါသည်။
ဗိုလ်ခင်ညွှန့်လက်ထက်ကဆိုလျှင် ဖွဲ့စည်းပုံသစ်ကို ကမ္ဘာက လက်ခံခံ၊ မခံခံ မကန့်ကွက်ရေး၊ အာစီယံမှာ အလှည့်ကျ သဘာပတိဖြစ်ရေး၊ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကို နယ်ခြားစောင့်အဖွဲ့ဖြစ်ရေးနှင့် အမေရိကန်အပါအဝင် အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့မှုလျှော့ချရေးနှင့် နောက်ဆုံး ရွေးကောက်ပွဲသစ်ကို လက်ခံရေး၊ အစိုးရသစ်ကို ကုလသမဂ္ဂမှ အသိအမှတ်ပြုရေးတို့အတွက် ဒေါ်စုကို အသုံးချ ဟန်ပြ တွေ့ကြတာလားဟု မေးခွန်းထုတ်စရာတော့ ဖြစ်ခဲ့ပါသည်၊
မည်သို့ဆိုစေ စစ်အစိုးရဖြစ်ချင်တာတွေကတော့ ၇၅ ရာခိုင်နှုန်းလောက် ဖြစ်ခဲ့ပါသည်၊ ဒေါ်စု၊ အင်အယ်ဒီနှင့် လူထုအတွက် ဘာတွေများ အကျိုးဖြစ်ထွန်းခဲ့ ပါသလဲဟု မေးလျှင်တော့ မည်သို့ဖြေကြ ပါမည်နည်း။
ဤသို့ဖြင့် အင်အယ်ဒီသည်လည်း ရွေးကောက်ပွဲသစ်ကို မဝင်ခဲ့ပါ၊
အင်အယ်ဒီသည်လည်း စိတ်ထဲက မနောပါတီအဖြစ်သာ ရှိနေပါတော့သည်၊
အစိုးရသစ်ကလည်း တနိုင်ငံလုံးရှိ အင်အယ်ဒီတွေကို မလှုပ်ရှားနိုင်အောင် ဖိနှိပ်ထားပြီး ရန်ကုန် ဗဟန်းက ရုံးချုပ်ကိုတော့ အကန့်အသတ်ဖြင့် လှုပ်ရှားခွင့် ပေးထားသည်ကိုလည်း တွေ့နေရပြန်ပါသည်၊
အစိုးရသစ်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ လူစုလူဝေးဖြင့် လှုပ်ရှားနေသည့် အင်အယ်ဒီရုံးချုပ်ကို ပိတ်ပင်တားမြစ်ရမည်ဖြစ်သော်လည်း ခွင့်ပြုထားသည့်အလားအလာ ရှိနေခြင်းသည်လည်း ဆန်းတော့ဆန်းနေပါသည်၊
အင်အယ်ဒီကလည်း တရားဝင်ရပ်တည်မှုကို ပိတ်ပင်လျှင်ကုလသမဂ္ဂ အထိ တရားဝင် တင်ပြတိုင်တန်း မည်ဟုတောင် ဆိုပါသေးသည်၊
မည်သို့ဆိုစေ သည်လိုပုံနှင့်ပင် ဦးသိန်းစိန်နှင့် ဒေါ်စုတို့ ထိပ်သီးခြင်းတွေ့ကြ ပါတော့သည်။
ဒေါ်စုသည် အင်အယ်ဒီ၏ ကိုယ်စားလှယ်အဖြစ်တွေ့ခြင်းလား အစိုးရဘက်ကရော အင်အယ်ဒီ ကိုယ်စားလှယ် အဖြစ် အသိအမှတ်ပြုပြီး တွေ့ခြင်းလား သို့မဟုတ် ပုဂ္ဂလိက ကဏ္ဍဖြင့် တွေ့ကြခြင်းလား ဆိုတာတော့ သေချာစွာ မသိကြရ သည်မှာလည်း အံသြစရာ တခုပါ၊
သို့သော် မည်သို့ပင်တွေ့ကြပါစေ မြန်မာပြည်တိုးတက်ကောင်းမွန်လာရေးဆိုတာထက် ပြည်သူလူထုတရပ်လုံး၏ ဆင်းရဲမွဲတေနေရသည့် ဘေးဆိုးကြီးက လွတ်မြောက်ဖို့ပဲ မဟုတ်ပါလား၊ ဒါက လူထုကြီးဘက်က မျှော်လင့်ချက်ပါ၊
အစိုးရသစ်နှင့် ဒေါ်စုတို့ဘက်ကရောဘာကို မျှော်လင့်နေကြ ပါသနည်း၊
နှစ်ဦးနှစ်ဘက်လုံးကတော့ တိုင်းပြည်အတွက်တိုးတက်ရာ တိုးတက်ကြောင်းကို တူတာလေးတွေ တွဲလုပ်ကြမည်ဟုဆိုကြပါသည်၊
ဦးသိန်းစိန်ရော ဒေါ်စုပါ သူတို့၏ တဦးချင်း ထားရှိကြမည့် စိတ်စေတနာတို့ကိုတော့ သံသယ မဖြစ်ပါ၊
သို့သော် သမတကြီးကလည်း အစိုးရအဖွဲ့ကို ကိုယ်စားပြုထားသူ ဖြစ်သလို ဒေါ်စုကလည်း အင်အယ်ဒီ ခေါင်းဆောင်တဦး ဖြစ်နေပြန်ပါသည်၊ ဒါကြောင့် မိမိတို့ အဖွဲ့အစည်းများ၏ အကြပ်အတည်းကြီးများကို လွတ်မြောက်ရန်ကို အဓိကထားပြီး ဆွေးနွေးသည် ဖြစ်နေလျှင်တော့ အမှန်တကယ်ခံကြ ရအုံးမည်မှာ ပြည်သူလူထုသာ ဖြစ်ပါလိမ့်မည်။
လောလောဆယ်မှာတော့ အာဏာရ ဦးသိန်းစိန် အစိုးရအဖို့ စီးပွားရေးပြုပြင် ပြောင်းလဲဖို့ ကိစ္စကတော့ တကယ့်ကို မလွယ်ကြောပါ၊
စစ်အာဏာရှင်စနစ်မှ စီးပွားရေးလက်ဝါးကြီးအုပ် အရင်းရှင် အာဏာရှင်စနစ်တခုကို ဖြတ်သန်းဖို့ ကြိုးစားနေရသည့် ကာလပင်ဖြစ်နေပါသည်၊
ဤသို့ ကြိုးစားရာတွင် စစ်အာဏာရှင်အဟောင်းနှင့် အသစ်တို့သည် သူတို့မတရား သိမ်းပိုက်ရယူထားကြသည့် တိုင်းပြည်၏ ရေ မြေ သစ်တော သယံဇာတနှင့် စီးပွားရေး လုပ်ငန်းကြီးများကို တရားဝင်ဖြစ်စေရေး၊
ငွေမည်းမှ ငွေဖြူ ဖြစ်စေရေး အပါအဝင် နိုင်ငံတကာနှင့် တရားဝင် ကုန်သွယ်ရေး လုပ်တော့မည်ဆိုလျှင် ဒေါ်လာငွေ ဈေးကွက်မှာ မိမိတို့ ကျပ်ငွေ၏ တန်ဖိုးသည် တရားဝင်တည်ငြိမ်နေမည့် ဈေးနှုန်းသတ်သတ်မှတ်မှတ်ရှိနေရေး၊
ယခင်က ခြောက်ကျပ်ခွဲလိုလို ဘာလိုလိုနှင့် စာရင်းပျောက် အင်းပျောက် အဓမ္မခိုးခဲ့သည့် ကုန်သွယ်ရေး၊
တရားဝင်ရော တရားမဝင်ရော ကိစ္စများကိုပါအပြီး အပိုင်အဆုံးသတ် ပြည်ပုံးကားချနိုင်ရေးတို့ အပါအဝင် စစ်အစိုးရဟောင်း၏ အာဏာတည်မြဲရေး၊
နိုင်ငံတကာစင်မြင့်မှာ ကာကွယ်ပေးရေးအတွက် တရုတ်အစိုးရနှင့် အလွန်အကျွံ အပေးအယူ လုပ်ထားရသည့် ကိစ္စများကလည်း ဦးသိန်းစိန် အစိုးရအတွက် ပြဿနာကြီး များထဲတွင် ပါဝင်နေပြန်ပါသည်၊
သိသိသာသာဖြစ်လာသည့် တရုတ်ကြီးစိုးလာမှုကလည်း မြန်မာပြည်သူတို့နှင့်အတူ မြန်မာ့မျိုးချစ် တပ်မတော်သားများ၏ အမျိုးသားရေး စိတ်ဓါတ်ကို နာကျဉ်ခံစား လာကြသည် ကလည်း အစိုးရသစ် အတွက် အဓိကထည့်သွင်း စဉ်းစားရမည့် အချက်ပါပေ၊
ပြဿနာအားလုံး၏ အချုပ်ကတော့ လူထုကြီး မွဲပြာကျနေခြင်း၊ လူကုန်ကူးမှု ခံနေရခြင်းနှင့် တိုင်းတပါး ထွက်ပြီး ကျွန်ခံနေရခြင်းများပင် ဖြစ်ပါတော့သည်၊
ကမ္ဘာဘုံ မကျယ်တော့ဘဲ ကမ္ဘာကျဉ်းကလေးဖြစ်လာပြီး နည်းပညာပေါက်ကွဲသည့်ကာလ ဖြစ်နေပြန်သဖြင့်လည်း အာဏာရှင်မှ ဒီမိုကရေစီအစိုးရတရပ်၏ အသွင်သဏ္ဍန်မျိုး ဟန်လုပ်ရန်ကြိုးစားရသည့် အဖြစ်သည်လည်း လွယ်ကူမည်မဟုတ်တော့ပါ၊
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အမည်ဖြင့် စစ်အာဏာရှင်စနစ်ကို တည်ထောင်ဦးစီးလုပ်ကိုင်ခဲ့သည့် သွားလေသူ လူမိုက်ထိပ်ခေါင်သခင်ရှုမောင် ခေါ် ဗိုလ်နေဝင်းသည် သူ၏ သစ္စာတော်ခံ လူရင်းများနှင့်တကွ အမှုထမ်း အရာထမ်းအားလုံးကို အကျင့်ပျက် လာဘ်စားစေကာ သူ၏ သူခိုးဂျပိုး စီမံကိန်းထဲတွင် အားလုံးကို အလိုအလျှောက် တရားခံများဖြစ်အောင် ဖန်တည်းထားပါသည်၊
ခေါင်းဆောင်ကြီးဦးနေဝင်းသည် ကာ/ချုပ်ရာထူးကို ရဲရဲကြီးစွန့်ပြီး ဥက္ကဌကြီး၊ သမတကြီးအဖြစ် သက်တန်းစေ့နေနိုင် သွားသည်မှာလည်း သူ၏ မဟာဗျူဟာမြောက် ဝန်ထမ်းတိုင်း သူခိုးဂျပိုးဖြစ်ရေး စီမံကိန်းက အထောက်အကူ ဖြစ်ခဲ့ပါသည်၊
သူ့ကိုလည်း မည်သူမျှပြန်လည် မတော်လှန်နိုင်တော့ပါ၊ ဒါလည်း အဆန်းတရားတော့ မဟုတ်ပါ၊
လက်ဝဲ အာဏာရှင် လက်ယာ အာဏာရှင်နှင့် စစ်အာဏာရှင်တို့၏ ရိုးနေသည့် လုပ်ဟန်တခုပါ၊
အဒိန္နာဒါနကံကို မကျူးလွန်လျှင် ရာထူးသည်တည်မြဲဖို့ မသေချာသည့်ခေတ်ကို ဖြတ်သန်းခဲ့ကြရပါတော့သည်၊
၎င်းအရှိန်အဟုန်သည် ယနေ့တိုင် ဆက်လက်ချီတက်နေဆဲ ဖြစ်နေပါသည်၊
ဒီကိစ္စဆိုးကြီးကို အစိုးရသစ်က ဘယ်လိုဖြေရှင်းမည်နည်း၊ အဂတိလိုက်စားမှုကြောင့် တိုင်းပြည်မွဲပြာကျရသည်ဆိုသည်ကို လူတိုင်းသိကြပါသည်၊
ယခုလည်း အရိုးစွဲနေသည့် အဂတိလိုက်စားမှုကြီးကို တိုက်ဖျက်ရမည်ဟု ကြွေးကြော်ပြီး ဓါးပြက သူခိုးကို အရေးယူမယ်ဆိုရင်ဖြင့် သူခိုးအုပ်စု၏ တန်ပြန်တော်လှန်မည့် အရေးကလည်း မသေးလှပါ။
အနှီအကြပ်အတည်းပေါင်းစုံနှင့် မျက်ဖြူဆိုက်လာသည့်အစိုးရသစ်သည် ဆေးမြီးတိုအဖြစ် ဒေါ်စုကို အသုံးချနေခြင်းမျိုးလားဟု ဆိုကြသူများလည်း ရှိကြပါသည်၊
ဒါကလည်း ယခင်အခါများက အသုံးချမှုများ ရှိနေခဲ့သည်ကလည်း အထင်အရှားပင်၊
အသုံးချခံသူကလည်း အသုံးချခံခဲ့ရသည် မဟုတ်ပါလား။
ဒေါ်စုနှင့် အင်အယ်ဒီတို့ဘက်ကလည်း နိုင်ငံရေးအရ တရားဝင်မှု မရှိ ဆိုသည့်အပိုင်းတွင်ပင် မရေရာသည့် အခြေအနေမျိုးပါ၊
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို ဖက်တွယ်ထားရခြင်း၊
၂၀၀၈ ဖွဲ့စည်းပုံကို အသိအမှတ်မပြုခြင်း၊
ဒုတိယပင်လုံညီလာခံ ခေါ်အုံးမည်ဟု ကြွေးကြော်ခြင်း၊
အင်အယ်ဒီကိုပယ်ဖျက်လျှင် လူ့အခွင့်အရေးကော်မရှင်ကို တိုင်တန်းမည်ဟု ဆိုခြင်း
များနှင့်အတူ ပါတီ၏ ရေတို ရေရှည် လုပ်ငန်းစဉ်များကို မချမှတ်နိုင်ဘဲ ဘုရားဖူးထွက်၊ စာကြည့်တိုက်ဖွင့် တို့လောက်ဖြင့် အစိုးရကို အကဲစမ်းနေရသည့် အဖြစ်မျိုးပါ၊
အင်အယ်ဒီ ဘယ်လဲ ဘာလဲ ဖြစ်နေချိန်တွင် ဗြုံးဆို အစိုးရသစ်က ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို လက်ခံပြီး တွေ့ဆုံကြပြန်ပါပြီ၊ မည်သို့ဆိုစေ စိန်နဲ့စု တွေ့ဆုံခြင်းကိုတော့ အကောင်းမြင်စိတ်ဖြင့် ကြိုဆိုရမည်သာ ဖြစ်နေပါသည်။
အဘယ်ကြောင့်ဆိုသော် အိုမင်းဟောင်းနွမ်းပြီး ဂျွတ်တက်နေသည့် စစ်အာဏာရှင်စနစ်ဆိုးမှသည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်သည့် ဒီမိုကရေစီစနစ် သန္ဓေကောင်လေးဖြစ်လာရေးမှာ လက်ကျန်စစ်ဗိုလ်ချုပ်ကြီးများအတွက် ကြီးမားစွာ ရင်ဆိုင်နေကြရသည့် အခက်အခဲကြီးတခုပါ၊
အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ စတင်လျှောက်လှမ်းရသည့် လမ်းသည် လျှောက်ရင်းလျှောက်ရင်း လမ်းကျဉ်းလမ်းကြပ် ဖြစ်နေပါသည်။
အင်အယ်ဒီ ဥက္ကဌ ဦးတင်ဦး
အင်အယ်ဒီသည်လည်း ဘုံဦးတည်ချက်၊ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ပျောက်ဆုံးပြီး စမ်းတဝါးဝါးနှင့် စခန်းသွားရမည့် လမ်းလျှောက်ရင်း လမ်းပျောက်နေသည့် ကိန်းပါ။
နာမည်အမျိုးမျိုး ပုံသဏ္ဍန်အသီးသီးဖြင့် အတိုက်အခံအမည်ခံ ပြည်ပရောက်အဖွဲ့ဆိုသူများကတော့ နဂိုလ်ကတည်းက အမေရိကန် မဝင်ရေး၊ ပရီပိုဇယ် ရရှိရေးများ ဖြစ်ကြသည့်မှို့ ပရီပိုဇယ်ချုပ်ငြိမ်းသည့်နေ့တွင် အလိုအလျှောက် ရုတ်သိမ်းမည့်သူများသာ ဖြစ်ကြပါသည်၊
ဒါကြောင့် ထိုသူတို့မှာ နိုင်ငံရေးလမ်း မရှိကြပါ၊ သူတို့ကတော့ အရာ မရောက် အရေးမဝင်သူများသာ ဖြစ်ကြပါသည်။
အဓိကဖြစ်ကြတဲ့ လမ်းကြပ်အစိုးရနှင့် လမ်းပျောက် အင်အယ်ဒီတို့၏ လမ်းရှာဆွေးနွေး ကြရင်းက ပြည်သူလူထုကြီး၏ ဆင်းရဲမွဲတေမှု လမ်းစလေး တစုံတရာ ပါဝင်လာနိုင်ကောင်းပါသည်ဟု မျှော်လင့်မိပါသည်၊
ဤမျှော်လင့်ခြင်းသည်လည်း အဓိပ္ပါယ်ရှိသော မျှော်လင့်ခြင်းပါပေ၊
အကြောင်းမှာ- ဤခေတ်သည် အာဏာနှင့် လုပ်စား ကြီးပွားသူများကို ခွင့်ပြုတော့မည် မဟုတ်ပါ၊
နိုင်ငံတကာတွင်လည်း အစိုးရခေါင်းဆောင်များနှင့် သူပုန်ခေါင်းဆောင်များ၏ လုပ်စားစီးပွားရေး စနစ်ကြီး ပျက်သုန်း ချိန် ဖြစ်နေလို့ပါပဲ၊
စစ်အေးတိုက်ပွဲ ချုပ်ငြိမ်းခြင်းနှင့်အတူ အာဏာယူ လုပ်စားစနစ်လည်း ချုပ်ငြိမ်း သည့်ခေတ် ဖြစ်နေပါသည်။
ပါဝါသည် အာဏာရှင်ဘက်မှ အိုင်တီဘက်သို့ ကူးပြောင်းနေသည့် ကာလဖြစ်သလို ဒီမိုကရေစီသည် လူထုဘက်သို့ စီးဝင်နေသည့် အခြေအနေဖြစ်နေပါသည်၊
အာဏာရှင် ကွန်ဆာဗေးတစ်အဟောင်းများ၊ လက်ဝဲတယူသန် မော်ဝါဒီများနှင့် ခေတ်ပျက်တွင် ခိုးဝှက်ကြီးပွားစေရန် ကြံစည်ကြသည့် နိုင်ငံရေးတောကြောင်များ အစရှိသည့် လူထုနှင့် ပြဒါးတလမ်း သံတလမ်းဖြစ်နေသူတို့၏ သင်္ချိုင်းတွင်းဝသို့ ရောက်ရှိနေသည့် အချိန်လည်း ဖြစ်နေပါသည်၊
ဒီမိုကရေစီသည် အိုင်တီနှင့်အတူ အထက်က မလာဘဲ ဒီမိုကရေစီရှိရာကသာ စီးဝင်လာနေသော အချိန်လည်း ဖြစ်နေပါသည်။
ထိုထိုသော အခြေအနေကောင်းတို့ကြောင့် စိန်နှင့်စု တို့ တွေ့ဆုံပွဲသည် ပြည်သူတို့၏ လွတ်မြောက်ရေး အတွက် ဖြစ်ကို ဖြစ်လာ ရမည်ဟု ယုံကြည်နေခြင်းပင် ဖြစ်ပါကြောင်း ။ ။
ဦးဖိုသာအောင်
၃၀- သြဂုတ် ၂၀၁၁
No comments:
Post a Comment