“အရှင်ဘုရား … တပည့်တော် တရားထိုင်ချင်ပါတယ်ဘုရား … နည်းလမ်းပေးတော်မူပါ”
စာဖတ်နေသော ဆရာတော်ကြီးက မော့ကြည့်လိုက်ရာ ကိုရင်လေးဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ဆရာတော်ကြီးက
“ကိုရင် … ငယ်ပါသေးတယ် … စာသင်ပါဦး”
“တပည့်တော် တရားထိုင်ချင်ပါတယ်ဘုရား”
“ဘာကြောင့် တရားထိုင်ချင်ရတာလဲ”
“စိတ်ကို တည်ငြိမ်အောင် လေ့ကျင့်ချင်လို့ပါဘုရား”
“အေး … ညကျတော့လာခဲ့”
ဆရာတော်ကြီးကို ဝတ်ပြုပြီး ကိုရင်လေးထွက်သွားသည်။ ညအချိန်တွင် ကိုရင်လေးက ဆရာတော်ကြီးရှေ့ကို ရောက်လာပြီး ဝတ်ပြုသည်။
“ကိုရင် အသင့်ဖြစ်ပြီလား”
“ဖြစ်ပါပြီဘုရား”
“လက်ခုပ် သုံးချက် တီးစမ်းကွယ်”
ကိုရင်လေးက လက်ခုပ်တီးလိုက်သည်။
“ဖြောင်း … ဖြောင်း … ဖြောင်း”
“လက်တစ်ဖက်တည်း တီးခိုင်းတာ”
ကိုရင်လေးကြောင်တောင်တောင်ဖြစ်သွားသည်။
“အရှင်ဘုရား … လက်ခုပ်က လက်နှစ်ဖက်တီးရတာပါဘုရား”
“အေး … ကိုရင် … လက်တစ်ဖက်တည်း တီးတာ မကြားရသေးရင် … ကိုရင် တရားထိုင်လို့ ရမယ်မထင်ဘူး … လေ့ကျင့်လိုက်ပါဦး”
ကိုရင်လေးက နေ့တိုင်း ညဘက်တွင် ဆရာတော်ကြီးအခန်းကို ရောက်လာသည်။ လက်တစ်ဖက်တည်း လက်ခုပ်တီးကြည့်သည်။ ဆရာတော်ကြီးက ကိုရင်လေးကို ကျောပေးပြီး တရားထိုင်နေသည်။
“တပည့်တော် … မတတ်နိုင်ပါဘုရား … လက်တစ်ဖက်တည်းနဲ့ လက်ခုပ်တီးသံ မကြားနိုင်ပါဘုရား”
“ကိုရင် ဘာကြောင့် မကြားနိုင်ရမှာလဲ … ကိုရင် ကြိုးစားပြီး လက်ခုပ်တီးကြည့်နေတာ ၃၂ ကြိမ်တိတိ”
“အရှင်ဘုရား ဘယ်လိုသိသလဲ”
“ငါကြားတယ်လေ”
ကိုရင်လေးက နောက်ညကစပြီး စိတ်ကို ငြိမ်အောင်ထားသည်။ ပတ်ဝန်းကျင်တွင် ဇီးကွက်တွေ အော်သံကြား ရသည်။ ခွေးအူသံတွေကြားရသည်။
နောက်ပိုင်း လေတိုးသံတွေ ကြားရသည်။ သစ်ရွက်လေးတွေ လှုပ်ခတ်သံကိုကြားရသည်။
အိမ်မြောင်လေးတွေ ရွေ့လျားသံကို ကြားနေရသည်။ ပိုးဟပ်လေးတွေ ကုတ်ခြစ်သံကို ကြားရသည်။
ကိုရင်လေးက လက်ကို မြှောက်လိုက်သည်
“ဝှစ်”
ကိုယ့်လက်၏ လှုပ်ရှားသံကို ကိုယ်ပြန်ကြားလိုက်ရသည်။ လက်ကိုထောင်ပြီး တစ်ဘက်တည်း လှုပ်ကြည့် လိုက်သည်။
“ဝှစ် … ဝှစ် … ဝှစ်”
ကိုရင်လေးက ဝမ်းသာသွားပြီး ဆရာတော်ကြီးကို လျှောက်လိုက်သည်
“ဆရာတော်ဘုရား … တပည့်တော် လက်ခုပ်တစ်ဖက်တည်း တီးလို့ရပါပြီဘုရား”
“အသံတွေကြားရသလား”
“လေတိုးသံ … သစ်ရွက်လှုပ်သံကအစ ကြားရပါပြီဘုရား”
“ကိုရင် … သင် မအောင်မြင်သေးဘူး”
“တပည့်တော် … နားမလည်ပါဘုရား”
ဆရာတော်က အနားတွင် ရှိသော မောင်းကြီးတစ်ခုကို ဘုလုံးတစ်ခုကိုင်ကာ ကောက်ထုလိုက်သည်။
“ဒူ … ဟူ … ဟူ …”
“ကြားသလား”
“ကြားပါတယ်ဘုရား”
“ဘာသံကိုမှ မကြားရတော့တဲ့ တစ်နေ့မှာ သင်ငါ့ထံကို ပြန်လာခဲ့ပါ”
ကိုရင်လေးက ထွက်သွားသည်။
(ဂျပန်ဇင်ဝါဒ One Hand ကို ပြန်ဆိုပါသည်)
တင်ညွန့်
၂၈.၅.၂၀၁၇

No comments:
Post a Comment