Wednesday, March 30, 2016

ဒေါက်တာဘွဲ့လား ထားခဲ့ပါ

Tin Nyunt

ဒီမနက်ကတော့ မင်္ဂလာ နံနက်ခင်းပဲဗျ။ လမ်းလျှောက်ရာရပ်ကွက်တိုင်းလိုလိုမှာ သမ္မတအသစ် ဦးထင်ကျော်ကို ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေထောင်ပြီး စတုဒီသာတွေ ကျွေးဖို့ပြင်ဆင်နေကြတာ အားရစရာ။ နှစ်ပေါင်းများစွာ စစ်ဖိနပ်အောက်မှာ ပိပြားခဲ့ရတဲ့ဘဝကနေ လွတ်မြောက်တဲ့နေ့ အထိမ်းအမှတ်ဟာ ဒီ့ထက်မက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲသင့်တာ။ နောက်နှစ်တော့ ဖြစ်လာလိမ့်မယ် ထင်တာပဲ။
ပြောချင်တာက “ဒေါက်တာဘွဲ့” အကြောင်း။ ကိုက်စရာ မရှိ ရှာကြံကိုက်ချင်တဲ့ ခွေးတွေကို တွေ့ဖူး ကြမှာပေါ့။ အရိုးမကိုက်ရရင် ဖိနပ်ကိုက်တယ်။ ဖိနပ်မကိုက်ရရင် နီးစပ်ရာ သစ်သားတွေကိုက်တယ်။ ဘာမှ ကိုက်စရာမရှိရင် ကိုယ့်အမြီးကိုယ်ပြန်ကိုက်နေတတ်တဲ့ ခွေးသဘာဝနဲ့ လူတွေ အများသား ခေတ်မှာ မပျက်စီးစေချင်ရင် ခွေးမကိုက်အောင် ထားရတော့မှာပဲ။
ကျွန်တော်တို့ NLD အဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြတုန်းက အဲဒီ “ဒေါက်တာ” ဆိုတာတွေ တစ်ခုမှ ထည့်တွက်ခဲ့ကြတာ မဟုတ်ဘူးဗျ။ ဒေါက်တာကြောင့်လည်း မဲပေးခဲ့ကြတာ မဟုတ်ဘူး။ ဒေါက်တာလို့ ပြောလိုက်ရင် အထင်လည်းမကြီးမိ ပါဘူး။ မြန်မာနိုင်ငံမှာက ဗေဒင် ဆရာတောင် ဒေါက်တာဖြစ်နေတာ အထင်ကြီးစရာတော့ မဟုတ်ပါဘူး။
တိုင်းပြည်အုပ်ချုပ်ဖို့ ဒေါက်တာမှ လုပ်နိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြန်ကြားရေးဝန်အသစ် ဖြစ်လာမယ့် ဒေါက်တာဖေမြင့်ကိုပဲကြည့်။ ရထားတာက ဆေးပညာဒေါက်တာ။ ဘယ်တော့မှလည်း ဒေါက်တာဖေမြင့်လို့ ထုတ်ကြွားတာမရှိ။ အလုပ်က စာရေးဆရာ။ ဆေးမကုဘဲ သူဝါသနာပါတဲ့ အလုပ်မှာ နှစ်မြှုပ်ရင်းက ကျော်ကြားအောင်မြင်တဲ့ စာရေးဆရာ။ ခုတစ်ကြိမ် ပြန်ကြားရေးဝန်ကြီး ဖြစ်လာတာဟာ ဒေါက်တာဘွဲ့ကြောင့် မဟုတ်ပါဘူးဗျာ။
ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အုပ်ချုပ်ဖို့ လူကိုတင်ထားတာ။ အရည်အချင်းကို မြှောက်စား ထားတာ။ လုပ်နိုင် ကိုင်နိုင်မယ့်သူတွေလို့ ယုံကြည်လို့ လက်တွဲထားတာ။ ဒေါက်တာတွေဖြစ်လို့ ခေါ်ထားတာတွေ မဟုတ်ဘူးဗျ။
စဉ်းစားကြည့်ဗျာ။ ပြီးခဲ့တဲ့ ၅ နှစ် စစ်သမ္မတခေတ်မှာ ခွေးကိုပေးတဲ့ ဒေါက်တာ ဘွဲ့ကို ခပ်တည်တည် ယူထားတဲ့သူကိုတောင် ယောင်လို့လှည့်မကြည့်ခဲ့ တဲ့ကောင်တွေက ခုမှ NLD ကနေ တင်ထားတဲ့ သူတွေဟာ ဒေါက်တာ ဘွဲ့ကြောင့်ပဲ တိုင်းပြည်ဖျက်တော့မယောင်ယောင်ပြောနေတာ လုံးဝ မရိုး သားဘူး။ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်ရုံသာမက ဇာတ်ရုံကို ဗုံးခွဲဖို့ပါ ကြံတဲ့အထဲမှာ ကြံရာပါတွေ ဖြစ်နေကြတယ်ဆိုတာ သတိထားကြပါဗျာ။
တိုင်းပြည်ကို လူနဲ့ အလုပ်လုပ်မှာ။ မူနဲ့ အုပ်ချုပ်ကြတော့မှာ။ လူကို ခင်လို့ မူကိုပြင်တာတွေ မလုပ်ဘူး။ လူကို မုန်းလို့ မူကို သုံးတာတွေ မရှိနိုင်တော့ဘူး။ လူကို လူချင်း လူလိုသဘောထားပြီး လူတွေက အုပ်ချုပ်တဲ့ခေတ် ဖြစ်တော့မှာမို့ အဲဒီ “ဒေါက်တာ” ဆိုတာတွေ မလိုပါဘူးဗျာ။
တိုင်းပြည်မှာတကယ်လိုအပ်နေတာ စေတနာ၊ မေတ္တာ၊ ကိုယ်ချင်းစာတရားနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ပါစေဆိုတဲ့ မုဒိတာတွေပါ။ အဲဒါတွေက “ဒေါက်တာ” ဖြစ်လာမှ မဟုတ်ပါဘူး။ ဒါကြောင့် NLD အမတ်အပေါင်းနဲ့ သူတော်ကောင်းတို့ကို အကြံပေးချင်တာက “ဒေါက်တာ” ဆိုတာတွေ ဖြုတ်ခဲ့ လိုက်ပါ။ “ဦး” “ဒေါ်” ဆိုတဲ့ ကောင်းမြတ်တဲ့ ဂုဏ်ပုဒ်နဲ့ တိုင်းပြည်အကျိုးဆက်လုပ်ကြပါလို့။
၃၀.၃.၂၀၁၆

No comments:

Post a Comment