Sunday, April 19, 2015

လုပ်တာ အပြစ်လား မလုပ်တာ အပြစ်လား


ကျွန်တော် အင်္ဂလိပ်စာသင်တန်းတစ်ခု တက်ဖူးပါတယ်။ နိုင်ငံခြား သံရုံးတစ်ခုက ပြုလုပ်ပေးတဲ့ သင်တန်းပါ။ စာမေးပွဲအလွန်ကြောက်တဲ့ ကျွန်တော်ဟာ ဝင်ခွင့်စာမေးပွဲကို အောင်လိုက်တယ်။ သင်တန်းက လူပေါင်း ၁၈ ဦးသာရွေးလို့ ဝင်ခွင့်ရလိုက်တာကိုပဲ ဝမ်းသာမိသေးတော့တယ်။
သင်တန်းစတက်တဲ့နေ့မှာ နိုင်ငံခြားသားသင်တန်းဆရာက ကျွန်တော်တို့ကို စာရွက်လွတ်တွေဝေ ပေးတယ်။ ပြီးတော့ သူက ကျွန်တော်တို့ကို ခင်ဗျားတို့ဘာတွေလေ့လာသင်ယူချင်လို့ ဒီကိုလာကြတာလဲ။ ခင်ဗျားတို့သင်ယူချင်တာတွေကို ဒီစာရွက်ပေါ်မှာ ချရေးပေးပါလို့ ခိုင်းတယ်။ ကျွန်တော်တို့ကလည်း ကိုယ်လေ့လာသင်ယူချင်တာတွေကို အစီအစဉ်အလိုက် ဦးစားပေးနဲ့ တစ် နှစ် သုံး လေးထိုးပြီး ချရေးပေးလိုက်ရတယ်။

သူက စာရွက်တွေကိုသိမ်းသွားပြီး ဘောပေါ်မှာ တာလီချိုးတော့တယ်။ ဥပမာ ဂရမ်မာတတ်ချင်သူ က ဘယ်နှစ်ဦး၊ သတင်းစာပညာတတ်ချင်သူက ဘယ်နှစ်ဦး၊ စကားပြောတတ်ချင်သူကဘယ်နှစ်ဦး စသည်ဖြင့် တာလီချိုးပြီးတော့မှ သူကျွန်တော်တို့ကို ဘာသင်ပေးရမယ်ဆိုတာ သိသွားပါပြီလို့ ကောက်ချက်ချလိုက်တယ်။ ဒါက ပထမအဆင့်။
ကျွန်တော်တို့ ဒုတိယနှစ်ဝက်လောက်ရောက်ချိန်မှာ ပထမတုန်းက စာမေးပွဲမရှိဘူးလို့သိထားတဲ့ ကွန်တော်တို့တစ်တွေကို ဆရာက စာမေးပွဲစစ်မယ်လို့ပြောလိုက်တော့ အတော်လေး အံ့အားသင့်သွားကြတယ်။ သူက ပြဿနာမရှိဘူး။ အောင်တာ ကျတာထက် မင်းတို့ကိုစမ်းသပ်ချင်လို့ပါလို့ ပြောပြီးဖြေခိုင်းတယ်။
မေးခွန်းဝေပြီး နာရီကန့်သတ်မထားဘူး။ ဖြေပြီးရင်ထွက်သွားနိုင်တယ်လို့ပြောတယ်။ သင်ထားတာတွေကို မေးတာလို့ပြောပေမယ့် အကြံပြုချက်တွေ၊ ကောက်ချက်တွေ၊ ဝေဖန်ပိုင်းခြားမှုတွေနဲ့ အများကြီးရှုပ် ထွေးလာတာကို သိပ်ပြီးမတွေးနိုင်တော့တဲ့ ကျွန်တော်ကတော့ ရတာကိုဖြေတယ်။ မရတာကို ကွက်လပ် တွေချန်ပြီး ထွက်လာခဲ့တယ်။
အဖြေလွှာတွေပြန်ရတဲ့နေ့မှာ ကျွန်တော် ၆၈ ရာခိုင်နှုန်းပဲ ရတယ်။ တကယ်တော့ ၅၅ ရာခိုင်နှုန်းရရင်ကျတယ် ဆိုတော့ အောင်ရုံလောက်ပဲပေါ့။ ဆရာက ကျွန်တော့်အဖြေလွှာမှာ ဘာတွေ စစ်ထား တယ်ထင်ပါသလဲ။ ကျွန် တော် ဖြေထားတာတွေဟာ မှားချင်လည်းမှားမယ် မှန်ချင်လည်းမှန်မယ်။ တစ်ခုမှ အမှတ်တွေပေးမထားဘူး။ မဖြေထားတာတစ်ခုတွေ့ရင် တစ်မှတ်လျှော့သွားတယ်။ နောက်ပြီး အက်ဆေး လိုရေးခိုင်းတဲ့စာပိုဒ်မှာ ဂရမ်မာ တစ်ခု မှားတိုင်းကို တစ်မှတ်စီနှုတ်သွားတယ်။ လူတိုင်းကို အမှတ် ၁ဝဝ ပေးထားပြီးသား။ ကျွန်တော်က မဖြေတာနဲ့ အမှားအတွက် ၃၂ မှတ်အနှုတ်ခံလိုက်ရတယ်။ သူတို့ရဲ့စာမေးပွဲ အတွေ့အကြုံတစ်ခုအနေနဲ့ တင်ပြလိုက်ရ ခြင်းဖြစ်ပါတယ်။
ကျွန်တော် ကျောင်းဆရာဘ၀ကလာတာပါ။ သူတို့နိုင်ငံကဆရာတွေရဲ့ သင်နည်း method တွေနဲ့ ကျောင်းသား တွေအပေါ် ပိုင်းဖြတ်မှုမျိုးကို ကျွန်တော်တက်ခဲ့ရတဲ့ ဆရာအတတ်သင်တွေ၊ ဘီအီးဒီသင်တန်းတွေမှာလည်း မကြုံတွေ့ခဲ့ရဖူးဘူး။ လူတိုင်း ကြိုက်သလိုတွေးခွင့်ရှိတယ်။ ကြိုက်သလောက်မှားခွင့်ရှိတယ်။ မှားတာကို ပိုင်းဖြတ်မယ်။ စာမေးပွဲဆိုတာ မလုပ်တာကိုလည်း အသိအမှတ်ပြုသင့်အောင် သင်ကြားမှုမျိုးကို တစ်သက်လုံး မကြုံတွေ့ခဲ့ဖူးတဲ့ ကျွန်တော့် အတွက်တော့ သင်ခန်းစာတစ်ခုပါပဲ။
မှားတာလေးတွေကို သတိထားစေခြင်း၊ လုပ်သင့် လုပ်ထိုက်တာတွေ မလုပ်တာဟာ အားနည်းချက်တစ်ခုလို့ သိစေအောင် ကျွန်တော်တို့ကို brainstorming လုပ်ပေးခဲ့တဲ့ သူတို့နိုင်ငံက ဆရာတွေရဲ့နည်းဟာ ကျွန်တော့် အတွက်တော့ သင်ခန်းစာတစ်ခုပါ။
၁၆.၄.၂၀၁၅

No comments:

Post a Comment