“အလင်္ကာတေး ဘ၀င်မှာအေးဖွယ်”
အကွက်အကွင်း အချက်အခြာကျတဲ့နေရာက ပျံကျဈေးတွေမှန်ရင် မီးလောင်လေ့ရှိသလို၊ လောင်တဲ့မီးဟာလည်း ၀ါယာရှော့ဖြစ်လို့လောင်တာလို့ ပြောရင် မှန်ကို မှန်လေ့ရှိပါတယ်။ ကျုပ်တို့အမ်းမှာတော့ မီးရေးထင်းရေး စိတ်အေးရတယ်လို့ မဆိုနိုင်ပေမယ့် ၀ါယာရှော့ခ်ဖြစ်လို့တော့ မီးလောင်စရာအကြောင်း မရှိပါဘူး။ မလာခင် မှောင်ရီပျိုးစကတည်းက လာပါတော့ ခါခါမော့ နဲ့ ထိုင်စောင့်နေရတဲ့မီးက လင်းကနဲတက်လာတာနဲ့ တယ်လီဖုန်းတွေ အားသွင်းရ၊ ဘက်ထရီအိုးတွေ ဓါတ်မီးတွေ အားပြန်ဖြည့်ရ၊ လျှော်ဖွပ်ထားသမျှလေး မီးပူတိုက်ရ၊ ရေနွေးကျိုရ၊ တီဗီဇာတ်လမ်းလေးတွေ သတင်းလေးတွေ ထိုင်ကြည့်ရတာနဲ့ဆိုတော့ ဖြတ်ကနဲသာပြန်ငြိမ်းသွားမယ်။
အလုပ်တွေက မပြီးလိုက်ဘူး။ ဘယ်အိမ်ကမှ မီးလာနေတာ ၀ါယာရှော့ခ် အဖြစ်ခံပြီး တမေ့တမော မထားဘူး။ စကားကောင်းနေရင်တောင် ခနနားဦးစို့ကွယ်။ မီးသေမှ ပြန်ဆက်ကြတာပေါ့ လို့ ဘရိတ်ပေးထားတယ်။ ဒါနဲ့များတောင်မှ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပလပ်ပေါက်ကို ကိုင် ဆိုတဲ့ အဖြစ်မျိုး ဖြစ်သွားတာ အံ့သြစရာပါပဲ။ မီးကလေးကလည်း လာသခိုက်၊ မိုးရိပ်လေရိပ်ကြောင့် မပီဝိုးတ၀ါးဖြစ်နေတဲ့ စကိုင်းနက်တီဗီကလေးကလည်း မိသခိုက်၊ ကိုယ်ကလည်း ခါတိုင်းလို စာမရေး အတွေးနယ်မချဲ့နိုင်ပဲ တီဗီရှေ့ ရောက်သခိုက်၊ ဆရာဝန်ကို ထမင်းစားချိန် ရေချိုးချိန်၊ အိမ်သာတက်ချိန်တောင် အလိုက်မသိပဲ သရိုးသရီဝေဒနာလောက်နဲ့ အခုချက်ချင်း ပျောက်အောင်ကုပေးဆိုပြီး အတင်းအိမ်ထဲဝင်ဝင်လာတတ်တဲ့ လူနာဆိုးမျိုးတွေ ကင်းသခိုက်ကလေးမှာ မိုးကြိုးပစ်ထည့်လိုက်သလို လူကို ၀ုန်းကနဲမြောက်တက်သွားစေတဲ့ အစီအစဉ်တစ်ခု ကြည့်လိုက်ရပါတယ်။ ထမင်းဆာနေတာတောင် ဘယ်ရောက်သွားမှန်းမသိဘူး။ ငြိမ်ကျသွားတာ။ Il Divo အဖွဲ့ရဲ့ Live in London ဆိုတဲ့ Opera Music Concert ကလေးကို နားဝမှာ အီဆိမ့်သွားအောင် ကြည့်လိုက်ရပါတယ်။
အရင်တုန်းက တခါမှ မကြည့်ဖူးပါဘူး။ အသက်အရွယ်မတူ၊ အသံတုန်းချင်းမတူတဲ့ အမျိုးသားလေးယောက်ကဆိုပါတယ်။ နောက်ခံသံစုံတီးဝိုင်းကြီးမှာ ဂရိဒဏ္ဍာရီထဲက မတ်တတ် ဗြတ်စောင်းကြီးတွေပါ မြိုင်မြိုင်ဆိုင်ဆိုင် တီးကြမှုတ်ကြတော့ ဟိုပေါ့နော် ဘယ်လိုပြောရမလဲ ဖြစ်သွားတယ်။ အင်္ဂလိပ်လို၊ ပြင်သစ်လို၊ လက်တင်လိုပါဆိုသွားလိုက်ကြတာ သီချင်းဆိုတာ ဘာတစ်လုံးမှ နားမလည်ပဲနဲ့တောင် တော်တော် နားထောင်ကောင်းတာကိုး လို့ သဘောပေါက်သွားတယ်။ တစ်ယောက်တစ်ပေါက် တစ်သံစီ ၀င်ဝင်ဆိုကြတဲ့အခါမှာလည်း ကောင်းမှကောင်း၊ ခွန်းဆက်ကလေးတွေ တကျော့စီ ဆိုကြတဲ့အခါမှာလည်း ကောင်းမှကောင်း၊ ဘယ်သူကမှ ဘယ်သူ့အသံကို ကျော်သွားလွှမ်းသွားတာမျိုးလည်းမရှိ၊ ဟာမိုနီဖြစ်တယ်ဆိုတာ အဲဒါမျိုးပေါ့။ တစ်ယောက်အသံနဲ့ တစ်ယောက်အကြားမှာ ဆံခြည်တစ်မျှင်စာတောင် ဟာလပ်နေတာမရှိ။ ဂွပ်ကနဲ ကွက်တိ။ တစ်ဘက်လူဆိုတဲ့ကီးမှာ မတူတဲ့ကိုယ့်အသံကြီးက ကြောင်မနေပဲ စွဲနေအောင်ဆိုနိုင်တာကြောင့် လူသားတွေ သီချင်းဆိုတာနဲ့တောင် မတူဘူး။ ပါးစပ်ထဲက အသံတွေ တီးခတ်လွှတ်လိုက်သလိုပါပဲ။ နားထောင်ရတဲ့သူတွေ ကြက်သီးတဖြန်းဖြန်းထအောင် ခံစားနိုင်ဖို့အတွက် သူတို့ကိုယ်တိုင်လည်း ကြက်သီးတဖြန်းဖြန်းထနေအောင် ခံစားသီဆိုနေတာ တွေ့ရပါတယ်။ အထပ်အထပ်တွေ ငါးထပ်ပါတဲ့ ကဇာတ်ရုံအကြီးကြီးနဲ့ အပြည့်အလျှံအားပေးနေတဲ့ ပရိသတ်တွေအားလုံး ဘယ်သူမှ ထိုင်ခုံမှာ ထိုင်မနေနိုင်ကြတော့ပဲ အတူသီဆိုယိမ်းနွဲ့နေတာ ညီညာနေတာပဲ။ Frank Sinatra ရဲ့ My Way ကိုပြန်ဆိုသွားသလို၊ “Westside story” ထဲက This is somewhere လည်းပါတယ်။ Ghost ထဲက သီချင်းလည်းပါတယ်။ သိပြီးသား ရပြီးသား သီချင်းတွေတောင် သူတို့ဆိုလိုက်တော့ ပိုပိုကောင်းသွားတယ်။ အဲလို အနုပညာမျိုး ခံစားလိုက်ရတာ လူဖြစ်ကျိုးနပ်လေခြင်း လို့တောင် ထင်မိတယ်။ လွန်လွန်ကျူးကျူး ညွှန်းနေတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ခံစားလို့ ရတာကိုပဲ ပြောတာပါ။ သူများတွေတော့ သိပ်ခံစားတတ်လိမ့်မယ် မထင်ပါဘူး။ အာရုံတစ်ခုခုမှာ နစ်ဝင်သွားတတ်ဦးမှ၊ အဲသည်အာရုံက ဆွဲခေါ်သွားတဲ့နောက်ကို တကောက်ကောက် လိုက်တတ်ဦးမှ။ အများနဲ့ စံကိုက်အောင် ပြောရမယ်ဆိုရင်တော့ နည်းနည်းလေးဖြစ်ဖြစ် ဂေါက်နေမှ ခံစားလို့ ရလိမ့်မယ် ထင်ပါတယ်။ (ကိုယ်ကတော့ တော်တော်ကြီး ဂေါက်နေတာ၊ ကိုယ့်ဘာသာသိတယ်)။
တနေကုန် စကားပြောဖော်မရှိ၊ အားအားယားယားလည်းရှိနေတဲ့ ဘူတန်မှာတုန်းကဆိုရင် မိုးလင်းမျက်စိနှစ်လုံးပွင့်ကတည်းက ညအိပ်ယာဝင်ချိန်ထ သီချင်းသံတွေချည့်ပဲ မပြတ်ကြားယောင်နေလို့၊ ဆိုညည်းနေမိလို့ Musical Hallucinations ဂီတသံယောင်တွေရနေတာ ၀က်ရူးပြန်ရောဂါတစ်မျိုးလား လို့တောင် ထင်မိတယ်။ အင်တာနက်ထဲမှာ မွှေလိုက်မွှေလိုက်တာဆိုတာများလည်း သီချင်းစာသားလေး တစ်ပိုင်းတစ်စရလိုက်၊ Google Search ထဲမှာ ရိုက်ထည့်လိုက်၊ Lyrics ထဲမှာ စာသားတွေ ရှာလိုက်၊ အဆိုတော်အမျိုးမျိုးက မူဟန်သွယ်သွယ် ဆိုကြတာတွေကို Youtube ထဲမှာ ရှာနားထောင်လိုက်၊ အရပ်သားတွေဆိုထားတဲ့ ကာရာအိုကေ အသံသွင်းတွေတောင် မကျန်ဘူး။ ကိုကိုးကျွန်းမှာ အင်တာနက်များရရင် လက်တော့ကလေး တစ်လုံးသာပေးလိုက် တစ်သက်တစ်ကျွန်းလည်း နေနိုင်တယ်။ အိမ်မှာသာ စီစီတီဗီကင်မရာ တပ်ထားလို့ကတော့ သေချာပေါက် စိတ်ဆေးရုံပို့ကြမှာ။ အကောင်းကြီးကနေ သီချင်းတွေ ထအော်လိုအော်၊ နားကြပ်ကြီးတပ်ပြီး တစ်ယောက်တည်း ထကလိုက။ စိတ်နဲ့လူနဲ့ မကပ်လောက်အောင် သီချင်းနဲ့လူနဲ့ကပ်နေတာ။ ရူးတယ်လို့ဆိုချင်ဆို ကျိန်စေချင် ကျိန်ပါ့မယ်။ နတ်စည်းစိမ်ဆယ်သက် တကယ်မမက်ပါတယ် အစစ်။ အဲလိုမျိုး ဘဦးရေကူးနေသည်။ ဆေးကု၍မရပါ ရောဂါကြောင့် စာတွေ စရေးဖြစ်တော့လည်း နားစွဲနေတဲ့ သီချင်းကလေးတွေကို ခံစားပြီး ရှာရှာဖွေဖွေ ထွေလီကာလီ ရေးနေရင်းက သည်ဘ၀ရောက်လာတာလေ။ အခုတခါတော့ ရေးနေကျ မြန်မာသီချင်းတွေအစား ဘိုသီချင်းကလေးတွေအကြောင်းကို မိတ်ဆက်ပေးရသေးတာပေါ့။
အင်္ဂလိပ်သီချင်းကို မနေနိုင်မထိုင်နိုင် အရမ်းကိုနားထောင်ချင် လိုက်ဆိုချင်သွားတာကတော့ ငါးတန်းနှစ်တုန်းက Love Bug ဆိုတဲ့ ရုပ်ရှင်ကြည့်ပြီး Tina Charles ဆိုတဲ့သီချင်းကလေး နားထဲစွဲသွားရာက စပါတယ်။ သပြေတေးမဂ္ဂဇင်းထဲက အင်္ဂလိပ်စာသားကို ပလာစာအုပ်နောက်ကျောမှာလိုက်ကူးပြီး အခွေငှားဆိုင်က ကက်ဆက်ခွေနဲ့လိုက်ဆိုတာ ဆိုလို့လည်း မရဘူး။ လျှာကို ခလုတ်တိုက်လို့။ အခုမှ အေဘီစီဒီ သင်စကိုး။ လျှာကသာ မလိုက်နိုင်တယ်။ နားကတော့ ဘ၀င်တွေမြင့်သွားပြီး နော်လီဇာကြီးက “ဒိုင်းနမိုက် ရည်းစားလေးထားတဲ့အရသာ ဒိုင်းနမိုက်” ဆိုလည်း အာရုံကို မလာတော့ဘူး။ နောက်တော့ ပလာစာအုပ်တစ်အုပ်ကို သီချင်းစာအုပ်လုပ်ပြီး သပြေထဲမှာပါသမျှ အင်္ဂလိပ်သီချင်းတွေ လိုက်ကူး။ အခွေရှာနားထောင်၊ ရုပ်ရှင်ရုံအောက်မှာရောင်းတဲ့ သီချင်းစာအုပ်ကလေးတွေ ၀ယ်စုဖြစ်လာတယ်။ ကိုယ့်ခေတ် ကိုယ့်အရွယ်နဲ့ဆိုတော့ ABBA တို့၊ Boney M တို့ဆို အသည်းစွဲပေါ့။ အိပ်ယာဝင်ရင် ငယ်ထိပ်တည့်တည့်မှာ ရေဒီယိုကက်ဆက်ကလေးထားပြီး နားထဲမှာ ဟိုဘက်ကအသံ သည်ဘက်ကအသံဆိုတဲ့ စတီရီယို အရသာကို မျက်စိကလေးမှိတ်ပြီး ခံစားတယ်။ အရင်ကနားထောင်လာတာတွေက မိုနိုတွေလို့ဆိုတာကိုး။ မြန်မာ့အသံက အင်္ဂလိပ်ပိုင်းအစီအစဉ်ကိုလည်း မှန်မှန်နားထောင်ဖြစ်သွားရော။ နွဲ့ယဉ်ဝင်းတို့၊ ကေဂျာနူးတို့၊ ပုဏ္ဏမီကျော်တို့၊ အာသာဝတီကျော်တို့ကို အရမ်းအားကျတာ။ ဘိုသီချင်းတွေဆိုတာ ငပိသံတစ်စက်မှ မပါဘူး။ သတင်းကြေငြာတဲ့သူတွေထက်တောင် ကောင်းသေး။ ကိုယ်တွေက တောသားဆိုတော့ အင်္ဂလိပ်ဆိုတာ အပြင်မှာတောင် အကောင်လိုက် မြင်ဖူးတာ ခပ်ရှားရှား။
ဘူးယိုရောဂါရင့်လာတဲ့အခါ ရှိစုမဲ့စု မုန့်ဖိုးလေးတွေ စုမိရင် ယင်းမာမှာ အင်္ဂလိပ်သီချင်းတွေ ရွေးပြီး လက်ရွေးစင် အခွေလေးတွေ နားထောင်တတ်လာတယ်။ သူငယ်ချင်းအချင်းချင်း အခွေတွေ လှည့်ပတ်ငှားလိုက်ရတာ။ အဓိပ္ပါယ်တစ်လုံးမှ မသိလည်း စာသားတွေကို အလွတ်ကျက်ပြီး လိုက်လိုက်ဆိုတာ ရယ်စရာတော့ အကောင်းသား။ အတန်းကလေးရင့်လာတော့မှ အဓိပ္ပါယ်ကို သေသေချာချာ နားလည်ပြီးကြိုက်တတ်လာတယ်။ သီချင်းတော်တော်များများကို နားထောင်တတ်ကြိုက်တတ်ပေမယ့် အသည်းစွဲတဲ့သီချင်းတွေ တော်တော်များများဟာ ကိုယ်မမွေးခင် ၁၉၆၀၊ ၇၀ ၀န်းကျင်လောက်ကချည့်မှန်း သတိထားမိလာပြန်ရော။ အတိတ်ဘ၀ဆိုတာလည်း ပါချင်ပါနေသလားတောင် မသိ။ တေးသံစုံဇာတ်မြူးဆိုတဲ့ ရုပ်ရှင်တွေကိုလည်း အရမ်းနှစ်သက်မိတယ်။ Johntra Volta နဲ့ ONJ ရဲ့ Grease ဆို တစ်ကားလုံး ထွန့်ထွန့်လူးကြိုက်။ အဲလောက်ရုပ်ဆိုးတဲ့မင်းသားကြီးကို သီချင်းဆိုကောင်း အကကောင်းလွန်းလို့ အသေအလဲကြိုက်၊ Westside story, My Fair Lady, Chicago, Cabaret တို့လို ရုပ်ရှင်တွေကို အပ်ကြောင်းထပ်အောင်ကို ကြည့်ချင်တယ်။ ကြည့်လည်းကြည့်တယ်။ အခန်းအကူးအပြောင်းက တီးလုံးလေးတွေကအစ အလွတ်ရနေရော။
ပြင်သစ်ကျောင်းကိုတက်တဲ့အခါကျမှ ဘိုသီချင်းတွေကို ကျကျနန ဂဃနဏ နားထောင်ဖြစ်ပြန်တာက စနေနေ့တိုင်း Club Chansons ဆိုပြီး ပြင်သစ်သီချင်းတွေကို တစ်ကြောင်းချင်း တစ်ပုဒ်ချင်း နားထောင်လိုက် ရှင်းပြလိုက်၊ ဗြုပ္ပတ်ကလေးတွေညွှန်းလိုက်နဲ့ သင်ပေးသွားတာ နှစ်တွေကြာတော့ ရာနဲ့ချီလာတယ်။ စာကြည့်တိုက်က အခွေတွေဆိုတာလည်း အကုန်နားထောင်မိကုန်တာပေါ့။ သူငယ်ချင်းတွေ ဆွယ်တာနဲ့ Club Théatre ဆိုတဲ့ ပြဇာတ်အသင်းပါဝင်ပြီး တေးသံစုံဇာတ်မြူးတွေကို စင်ပေါ်မှာပါ ကိုယ်တိုင်ဝင်ကျဲမိတော့တယ်။ သူတို့နိုင်ငံက ကလေးတွေ ကျောင်းတက်တယ်၊ လေ့ကျင့်သင်ကြားတယ် ဆိုတာ အဲသလိုပါလားဆိုတဲ့ အရသာကို ကိုယ်တိုင်ခံစားဖူးသွားပါတယ်။ ပြင်သစ်ရိုးရာအရ ဇွန်လထဲမှာ Fête de la Musique ဆိုတဲ့ ဂီတပွဲတော်နေ့ကျရင် လူတိုင်းလူတိုင်း သီဆိုတီးမှုတ် ကခုန်ကြတာ အပျော်ဆုံးပဲ။ တီးဝိုင်းကြီးတစ်ဝိုင်း ငှားထားပေးပြီး ဆိုချင်တိုင်းဆိုပေရော့ အမုန်း။ သိသိသာသာ ပြောင်းလဲသွားတာကတော့ ဂီတကိုခံစားနိုင်တဲ့ အာရုံက အရမ်းထက်မြက်လာတယ်။ ဆိုတတ်တာကို ပြောတာမဟုတ်ဘူး။ အရသာခံပြီး နားထောင်တတ်လာတာကို ပြောတာ။ Classical Music ဆိုတာတွေနဲ့ Opera Singers တွေကို ကောင်းကောင်း နားထောင်တတ်သွားတယ်။ မတတ်ပဲနေမလား။ သူတို့က တစ်လတစ်ခါလောက် အဲ့လိုမျိုးပွဲတွေလုပ်ပေးပြီး ပိုက်ဆံလည်း မပေးရ၊ မုန့်ကျွေး၊ ဘီယာတိုက်တောင် ဧည့်ခံသေးတာ။ ဥရောပယဉ်ကျေးမှုဆိုတာကြီးကို ကလေးအစာခွံ့သလို တစ်လုပ်ချင်း တစ်ဇွန်းချင်း ချော့လို့ နားသွင်းသွားတာ ကျေးဇူးလည်းတင်ပါရဲ့။ လေးလည်းလေးစားပါရဲ့။ ပြင်သစ်သီချင်း သက်သက်တင်မဟုတ်ဘူး။ အီတလီ၊ စပိန်၊ လက်တင်သီချင်းလေးတွေကိုလည်း မိတ်ဆက်ပေးသေးတယ်။
အဲဒါတွေ အကုန်လျှောက်နားထောင်တော့ ဘူးယိုကြီး မြန်မာသံတွေ ပျောက်ကုန်လိမ့်မယ် မထင်နဲ့နော်။ သူတို့လေ့ကျင့်ပေးတဲ့နားနဲ့ မြန်မာသီချင်းကြီးတွေ၊ ခေတ်ဟောင်း ဂန္တ၀င်တွေကို ပြန်နားထောင်ကြည့်တဲ့အခါ ပိုအရသာရှိလာတယ်။ ဘယ်ဘာသာစကားနဲ့ ရေးဖွဲ့ထားတဲ့ ဂီတပဲဖြစ်ဖြစ် အဓိကက အသံတွေကို သီကုံးထားတာပဲ မဟုတ်လား။ လောက်ကိုင်မှာတုန်းက တရုတ်သီချင်းတွေ ကြိုက်ခဲ့သလိုပဲ ဘူတန်မှာလည်း ကုလားသီချင်းတွေ အရသာခံ နားထောင်တတ်လာတယ်။ သံစဉ်ကိုခံစားရင်းကနေ တခါတခါ စာသားလေးတွေ ဟတ်ထိလာတဲ့အခါ တချို့သီချင်းတွေဆို နားထဲက ဘယ်လိုမှ ဖျောက်လို့ မရဘူး။ အရင်က ကြားဖူးပြီးသား သီချင်းတောင်မှ အကြောင်းတိုက်ဆိုင်လာတဲ့အခါ အသစ်ပြန်ခံစားမိတယ်။ ABBA ရဲ့ The winner takes it all ကို နားထောင်ရင်း မျက်ရည်ကျခဲ့တာ အခါခါ။ I’‘ve played all my cards. And that’s what you’ve done too. Nothing more to say. No more Ace to play… တဲ့။ သူတို့ဘာလို့ သည်လောက်ရေးတတ်ဆိုတတ်မှန်း မသိဘူး။ ပြင်သစ်သီချင်းထဲကဆို Ute Lemper ရဲ့ Youkali tango ဆို ကြိုက်လွန်းလို့ ဘာသာပြန်ပြီးတောင် နုတ်စ်တင်ဖူးတယ်။ တီးဝိုင်းကြီးနဲ့ဆိုမှ မဟုတ်ဘူး။ စားသောက်ဆိုင်ကလေးတစ်ခုမှာ အမှတ်တမဲ့ဆိုထားတဲ့ Sophie Hunger ရဲ့ Ne me quitte pas ကို အခါတစ်ရာလောက် ပြန်နားထောင်ဖူးတယ်။ “Moi, je t’offrirais des perles de pluie venue des pays ou il ne pleut pas..” ဆိုတာ ချစ်သူအတွက်ဆို မိုးခေါင်ရေရှားရပ်ဝန်းက မိုးပုလဲပန်းလေးတွေကိုပဲ ပေးရပေးရပါတဲ့။ Charles Trenet, Edith Piaf, Claude François, Alain Souchon, အားလုံးကို အရူးအမူးကြိုက်တယ်။ တကမ္ဘာလုံးက ဆိုထားတဲ့သီချင်းလေးတွေဆိုတော့ ဘယ်နားထောင်လို့ ကုန်နိုင်ပါ့မလဲ။ ကိုယ့်ဘာသာတစ်ယောက်တည်း ရူးကြောင်မူးကြောင်ဖြစ်နေတာကို အလကားနေ ဖေ့စ်ဘုတ်ပေါ် လာဖွနေတာတော့ မဟုတ်ပါဘူး။ ကိုယ်လိုပဲ အာရုံစူးစိုက် ခံစားနားထောင်နိုင်အောင် နည်းပေးလမ်းပြ လုပ်မလို့ပါ။
သူတို့ဂန္တ၀င်သီချင်းကလေးတွေထဲက တစ်ပုဒ်ကို သေသေချာချာ မိတ်ဆက်ပေးလိုက်ပါ့မယ်။ Frank Sinatra ရဲ့ My way လေ။ သိတဲ့လူတွေတော့ တော်တော်များများ သိပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်ကတော့ အင်္ဂလိပ်သီချင်းကို နောက်မှသိပြီး ပြင်သစ်လိုဆိုထားတဲ့ Claude François ရဲ့ Comme d’habitude ကို အရင် အသည်းစွဲဖြစ်ခဲ့တာ။ မေရှင်ရဲ့ မယ်ခုမျှော်သီချင်းအကြောင်း ရေးတုန်းကတောင် ဘာသာပြန်ပြခဲ့သေးတယ်။ အင်္ဂလိပ်သီချင်းကို စ နားထောင်ဖူးတာကတော့ ဆရာကြီးဦးနော်မန်လှ ပင်စင်ယူလို့ နှုတ်ဆက်ပွဲလုပ်တဲ့အခါ ကိုယ်လိုပဲ သီချင်းတွေကို ခရေဇီဖြစ်ပုံရတဲ့ဆရာကြီးက စာသားလေးတွေ တစ်ကြောင်းချင်း ပါဝါပွိုင့်နဲ့ထိုးပြီး နှုတ်ဆက်သွားပါတယ်။ စကားတပြောပြော အမှတ်တမဲ့ ရယ်ကာမောကာနဲ့ ဘယ်သူမှ သေသေချာချာ နားမထောင်ဖြစ်လိုက်တဲ့ အဲသည်သီချင်းကလေးကို ရင်ထဲမှာ နင့်နေအောင် နားထောင်ခဲ့ရင်းက နောင်ကို အဲသည်သီချင်းကြားတိုင်း ဆရာကြီးကို သတိရနေမိတယ်။ နွားရှေ့ထွန်ကျူးလုပ်ပြီး ဘာသာပြန်မပြတော့ပါဘူး။ ဒါပေမယ့် စာသားလေးတွေ ရေးခဲ့ပါ့မယ်။ သေသေချာချာ ဖတ်ကြည့်ပါ။ သီချင်းကတော့ ဘယ်မှာရှာနားထောင်ထောင်၊ အကုန်ကောင်းတယ်။ Il Divo ဆိုတဲ့ Version လည်း ရှာနားထောင်ကြည့်ချင် ကြည့်လိုက်ပါ။ ပြီးမှ ဘယ်လိုသဘောရသလဲ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်ပေါ့။
And now, the end is near
and so I face the final curtain.
My friend, I’ll make it clear.
I’ll state my case of which I’m certain.
I’ve lived a life that’s full.
I’ve traveled each and every highway.
and more, much more than this.
I did it my way.
Regrets, I’ve had a few
but then again too few to mention
I did what I had to do,
I saw it through without exemption.
I planned each charted course,
each careful step along the byway.
And more, much more than this,
I did it my way.
Yes, there were times, I guess you knew
when I bit off more than I could chew.
And through it all when there was doubt
I ate it up then spit it out.
I grew tall through it all
and did it my way.
I’ve loved, I laughed and cried
I’ve had my fill, my share of losing
But now, as tears subside
I find it all so amusing
to think I did all that.
And may I say not in a shy way.
No. No. Not me.
I did it my way.
For what is a Man?
What has he got?
If not himself, then he has naught
to say the things he truly feels
and not the words of one who kneels.
The record shows I took the blows
and did it my way.
https://www.youtube.com/watch?v=TMV7TQT4lBc
0 comments:
Post a Comment